ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို အောက်တိုဘာ ၂၄ ရက်က ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ လမ်းညွန်ချက်ဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၁ ဦး၊ ဥပဒေဆိုင်ရာ လွှတ်တော်အကြံပေး အဖွဲ့ဝင် ၁ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၁ ဦးနှင့် ရခိုင်အမျိုးသားပါတီ (ANP) မှ ၆ ဦး စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ကော်မရှင်အဖွဲ့ဝင် ကြံခိုင်ရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က “အကြမ်းဖက်မှုကြောင့် တိမ်းရှောင်နေရတဲ့ တိုင်းရင်းသားတွေကို ကူညီဖို့နဲ့ အကြမ်းဖက်မှု ဖြစ်စဉ်အမှန်ကို ဖော်ထုတ်တင်ပြနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုဖွဲ့စည်းလိုက်သည့် ပြည်နယ်အဆင့် ကော်မရှင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဖွဲ့စည်းခဲ့သော ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အထူးအကြံပေး ကော်မရှင်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း သိရသည်။
အဆိုပါကော်မရှင်၏ ပထမဆုံး စုံစမ်းစစ်ဆေးရေး အစီအရင်ခံစာကို ကော်မရှင်ဖွဲ့စည်းပြီး ၂ ပတ်အတွင်း လွှတ်တော်သို့ ပြန်လည်တင်ပြရမည်ဖြစ်ပြီး၊ ကော်မရှင်သက်တမ်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ သတ်မှတ်ထားကြောင်း ကော်မရှင်အဖွဲ့ဝင်များက ပြောသည်။
စုံစမ်းစစ်ဆေးရေး အစီအရင်ခံစာ ထွက်ပေါ်လာပြီးနောက် ပြည်နယ်လွှတ်တော်တွင် ဆွေးနွေး၍ လုပ်ဆောင် သင့်သည်များကို ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့် တိုက်တွန်းမှုများကိုလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ANP ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက ပြောသည်။
ဦးကျော်ဇောဦးက “မောင်တောအကြမ်းဖက်မှုက အပြင်မှာဝါဒဖြန့်နေသလို ဘာသာရေး၊ လူမျိုးရေးကိစ္စ မဟုတ်ဘူး။ နယ်မြေကျူးကျော်မှုနဲ့ အကြမ်းဖက်လုပ်ရပ်သာ ဖြစ်တယ်။ ဒါကိုအမျိုးသား လုံခြုံရေးအနေနဲ့ ဆောင်ရွက်ဖို့ သင့်တယ်” ဟု ပြောသည်။
ကော်မရှင်၏ လုပ်ငန်းစဉ်များတွင် မောင်တောဒေသ ပြည်သူများ၏ လုံခြုံရေး၊ စားဝတ်နေရေး၊ ရေရှည်တည်တံ့ရေး တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတွင်းရှိ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကိုလည်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးထွန်းလှစိန်က ဆိုသည်။
ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် အောက်တိုဘာ ၉ ရက်က အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူအချို့သည် လုံခြုံရေးစိုးရိမ်စိတ်ဖြင့် စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်တော်မြို့များသို့ ထွက်ပြေးတိမ်းရှောင် နေထိုင်နေကြောင်း သိရသည်။