သရဲပူးသည်ဟု လူပြောများနေသည့် မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီက အမိန့်ပြန်၍ သေနတ်ပစ်ဖောက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ကျောင်းသားများ ယခင်လို ကျောင်းပြန်တက်ခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းရေကျော် အထက်တန်းကျောင်း(ခွဲ)တွင် ပြီးခဲ့သည့် သြဂုတ်လမှစတင်၍ ၅ တန်း၊ ၇ တန်းနှင့် ၉ တန်း ကျောင်းသူ ၁၈ ဦးမှာ သရဲပူးသည်ဟုဆိုကာ အော်ဟစ်ခြင်း၊ ငိုယိုခြင်း၊ အမူအရာကြမ်းတမ်းခြင်းများ ဖြစ်ပွားနေသည့်အတွက် ဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများက ယမန်နေ့တွင် အမိန့်ပြန်ကာ သေနတ် ၁၇ ချက် ပစ်ဖောက် လုပ်ဆောင်ခဲ့ပြီးနောက် ယခင်က ကျောင်းမတက်ရဲကြသည့် ကျောင်းသားများ ကျောင်းပြန် တက်ခဲ့ကြခြင်း ဖြစ်သည်။
“ကျောင်းသားတွေ အကုန်လုံးနီးပါး ကျောင်းပြန်တက်ကြပါပြီ။ သရဲပူးတာမျိုးတွေလည်း မဖြစ်တော့ပါဘူး။ သရဲအပူးခံရတယ်ဆိုတဲ့ ကလေးမလေးတွေလည်း ပုံမှန်အတိုင်းပဲ ကျောင်းတက်နေကြပါတယ်”ဟု ရှမ်းရေကျော်ကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုက ဧရာဝတီကို ပြောသည်။
ဝန်ကြီးချုပ် ဦးမန်းဂျော်နီက ယမန်နေ့က အမိန့်ပြန်ခဲ့ရာတွင် ရှမ်းရေကျော်ကျေးရွာ အထကခွဲ ကျောင်းဆောင်သစ် ဆောာက်လုပ်ရာတွင် သုသာန်မြေ သုည ဒသမ ၃၆ ဧက ကျုးကျော်ပါသွားခဲ့ကြောင်း၊ သို့ဖြစ်ရာ သုသာန်နှင့် တောင်ဘက်ကပ်ရပ်ရှိ ကျောင်းဆောင်မြေနေရာမှ သုည ဒသမ ၃၆ ဧက ထုတ်နုတ်ပြီး သူသာန်မြေအဖြစ် အစားထိုး ပြန်လည်ပေးအပ်ကြောင်း၊ ထို့ကြောင့် ရှမ်းရေကျော်သုသာန်အတွင်း နေထိုင် ကြသည့် မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်များအနေဖြင့် ရှမ်းရေကျော် အထကခွဲအတွင်း ပညာသင်ကြားနေသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ဝင်ရောက်ပူးကပ်နှောင့်ယှက်ခြင်း၊ အခြား မလိုလား အပ်သော ခြောက်လှန့်မှုများ မပြုလုပ်ကြရန် ဤအမိန့်ကို ကျွနု်ပ်ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန် လိုက်သည်”ဟု ဖော်ပြပါရှိသည်။
ရှမ်းရေကျော်ကျေးရွာ အထက်တန်းကျောင်းခွဲတွင် ကျောင်းသူကျောင်းသား ၅၂၀ ဦးရှိပြီး သရဲပူးသည်ဟု နာမည်ကြီးသည့် သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်းက ကျောင်းသား ၁၀၀ ကျော် နေ့စဉ် ကျောင်းပျက်ကွက်နေခဲ့ကြောင်း၊ အမိန့်ပြန်ခဲ့ပြီးနောက် ယနေ့တွင် ကျောင်းသား ၅၀၄ ဦး ကျောင်းပြန်တက်ခဲ့ ကြောင်း သိရသည်။
“ကျောင်းဆောင်တိုးချဲ့မယ်ဆိုတော့ မြေကလည်း သိပ်မရှိတော့ မူလတန်းဆောင်နဲ့ တဆက်တည်း ကုန်းမြင့်လေးပေါ်မှာ ဆောက်လိုက်တာ။ သင်္ချိုင်းမြေပါနေမှန်း မသိဘူး။ ကလေးတွေ ပူးတာ ကပ်တာတွေ ဖြစ်တော့မှ မြေစာရင်းက လာစစ်တော့ လက်ရှိကျောင်းဆောင်က သင်္ချိုင်းမြေဖြစ်မှန်း သိရတာ။ ကလေးတွေကို ဝင်ပူးတာများ တပြိုင်နက်တည်း ၃ ယောက်၊ ၈ ယောက်၊ ၁၀ ယောက်အထိကို ဝင်ပူးတော့ ကျမတို့လည်း စိတ်ညစ်ရတာပေါ့။ အခုတော့ အဲဒါတွေ မရှိတော့ဘဲ အေးအေးဆေးဆေး စာသင်လို့ရသွားပါပြီ”ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုက ပြောသည်။
ကျောင်းပျက်ခဲ့သည့်ကာလများက မသင်လိုက်ရသည့် သင်္ခန်းစာများကို ကျောင်းသားများအား အချိန်ပိုခေါ်၍ သင်ကြားပေးရန် စီစဉ်ထားကြောင်း သိရသည်။
“သရဲပူးတယ်ဆိုပြီး ကျောင်းသားမိဘတွေက ကျမဆီ ဖုန်းဆက်ကြတော့ စိတ်ကျန်းမာရေးဆရာဝန်တွေ ဖိတ်ခေါ်ပြီး ကလေးမလေးတွေကို စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေ လုပ်ပေးတယ်။ ဒါ့အပြင် ပယောဂဆရာနဲ့ ကုချင်တယ်ဆိုလို့ ပညာရေးဌာနက လက်ခံအောင် ကျမက ညှိနှိုင်းဆောင်ရွက်ပြီး လုပ်ဆောင်ပေးခဲ့တယ်။ အခု အေးဆေးဖြစ်သွားပြီဆိုတော့ ဝမ်းသာပါတယ်”ဟု မြောင်းမြမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ပြောသည်။