ထိန်းချုပ်ဓာတုဗေဒ ပစ္စည်းစာရင်းဝင် အက်ဆစ်များကို တပ်မတော်ပိုင် မော်တော်ယာဉ် ၂စီးဖြင့် တင်ဆောင်ကာ ပြည်မြို့ လူနေရပ်ကွက်အတွင်းဝင်ရောက်ပြီး ချိန်တွယ်မှုများ ပြုလုပ်နေခြင်းကြောင့် အရေးယူပေးရန် တိုင်ကြားမှုတခု ယနေ့ အောက်တိုဘာ ၂ရရက်နေ့က ဖြစ်ပွားခဲ့သည်။
ရန်ကုန်တိုင်း မင်္ဂလာဒုံ အမှတ် ၁ ယာဉ်သိုလှောင်ရေးတပ်ရင်းမှ TE ကားတစီးနှင့် FAW ကားတစီးပေါ်တွင် ၅ ဂါလံပုံး ၁၄၄ ပုံးဖြင့် ထိန်းချုပ်ဓာတုဗေဒပစ္စည်းစာရင်းဝင် အက်ဆစ်များအားတင်ဆောင်လာပြီး ပြည်မြို့ ရွာဘဲနယ်မြေ ဂန္ဓာမာ ရပ်ကွက် ဂန္ဓာမာ ၁ လမ်းရှိ ဘက်ထရီလုပ်ငန်းလုပ်ကိုင်နေသည့် နေအိမ်တအိမ်၌ အဆိုပါအက်စစ်ပုံးများအား ချိန်တွယ်နေစဉ် သတင်းပေး တိုင်ကြားသဖြင့် သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ရပ်ကွက်ထဲမှာ အက်ဆစ်သိုလှောင်တာကို လက်မခံပါဘူး။ ပြည်သူတွေအတွက် အရမ်းအန္တရာယ်ရှိပါတယ်။ လုံးဝလက်ခံလို့မရပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က အကြောင်းကြားရခြင်းဖြစ်ပါတယ်။ ပထမချထားပြီးသား ပြီး မှပြန် တင်လိုက်တာပါ။ အဖွဲ့အသီးသီးကိုတိုင်ကြားထားပါတယ်။ ” ဟု ဂန္ဓာမာရပ်ကွက် ရာအိမ်စုမှူး ကိုသက်ခိုင်က ပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်းတွင် တရားဝင်လုပ်ပိုင်ခွင့် လိုင်စင်ရရှိထားသူ Green Power ဘက်ထရီလုပ်ငန်းရှင် ဦးကျော်ဝင်းက လည်း ထိန်းချုပ်ဓာတုဗေဒပစ္စည်းစာရင်းဝင်ဖြစ်သည့်အတွက် တရားဝင်ခွင့်ပြုထားသည့်နေရာကလွဲ၍ ရွှေ့ပြောင်းလက်လွှဲ ရောင်းချခွင့်ဝယ်ယူခွင့်မရှိကြောင်းနှင့်၊ ယခုကဲ့သို့ လူနေရပ်ကွက်အတွင်း အတင်အချပြုလုပ် ချိန်တွယ်နေသည့်အပေါ် အရေးယူ ပေးရန် တိုင်ကြားရခြင်းဖြစ်ကြောင်း ဆက်ပြောသည်။
“ထိန်းချုပ်ဓာတုဗေဒပစ္စည်း စာရင်းထဲမှာပါဝင်နေတဲ့အတွက် ဒီအက်ဆစ်ကို လွယ်လွယ်ကူကူ ရောင်းပိုင်ခွင့် ဝယ်ပိုင်ခွင့်ပေး မထားပါဘူး။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်တွေအပြင် ရှင်းရှင်းပြောရရင် နယ်လုံဝန်ကြီးရဲ့လက်မှတ်ပါမှ ဒီဘက်ထရီလုပ်ငန်းသုံးမယ့် အက်ဆစ်ကို သုံးပိုင်ခွင့်ရှိပါတယ်။ ကျနော်တို့ရန်ကုန်က ပစ္စည်းဝယ်လို့ ဒီပြည်ကိုရောက် လာပြီး ဆိုရင် နေရာပြောင်းပြီးချပိုင်ခွင့်မရှိဘူး။ သတ်မှတ်ထားတဲ့နေရာကလွဲရင် ဒီဘက်ခြံကနေ ဟိုဘက်ခြမ်းတောင် ကူးပိုင် ခွင့်မရှိဘူး။ သတ်မှတ်ထားတဲ့နေရာ သတ်မှတ်ထားတဲ့ အဆောက်အအုံ အတွင်းထဲမှာပဲ ဒီပစ္စည်းက ထားပိုင်ခွင့် ရှိပါတယ်။” ဟု ဦးကျော်ဝင်းက ဆက်ပြောသည်။
အဆိုပါအက်ဆစ်များတင်ဆောင်ထားသည့်ကား ၂စီးအား ပြည်မြို့ ဒေသကွပ်ကဲရေးစစ်ဋ္ဌာနချုပ်ရုံးသို့ ခေါ်ဆောင်စစ်ဆေး မှုများပြုလုပ်နေကြောင်း ပြည်မြို့အမှတ် ၂ ရဲစခန်းမှ ရဲအုပ်သန်းထွန်းအောင်က ပြောသည်။
“ဥပဒေနဲ့တော့မငြိဘူးပေါ့၊ သူတို့ကရောင်းချတဲ့ အနေအထားမှာလည်း မတွေ့ရသေးဘူး။ လမ်းကြောင်းမှားပြီး ဒီမှာ (ဘက်ထရီဆိုင်) ဝင်ချိန်တွယ်နေတယ်ဆိုတာက တပ်စည်းကမ်းအရ စစ်ဖို့ရာအတွက် ဒကစကနေပြီးခေါ်သွားတာပါ။ အဲဒါပြီးမှ ဘာဆက်လုပ်ရမယ်ဆိုတာ သိရမှာပေါ့။ တပ်ဖြစ်တဲ့အတွက် စစ်ဖို့ရာခေါ်သွားတာပဲရှိတယ်။ ဥပဒေအရ အရေးယူမယ် မယူဘူးဆိုတာ စစ်ဆေးပြီးမှပဲသိမှာ။ လက်ရှိအနေအထားမှာ သူရောင်းချခဲ့တယ်ဆိုတဲ့ အနေအထား မပေါ်သေးဘူးဗျ။ စာရွက်စာတမ်းအရရော ပစ္စည်းအရရောမှန်တယ် လမ်းကြောင်းက ဘာကြောင့်ဒီကိုရောက်လာရသလဲ ဆိုတာ စစ်ဆေးဖို့ခေါ်သွားတာပဲရှိတယ်။” ဟု ရဲအုပ်သန်းထွန်းအောင်က ပြောသည်။
“ထိန်းချုပ်ဓာတုဗေဒပစ္စည်းကို နည်းဥပဒေများအရ ထုတ်ပေးသော ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင် ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းပြုပါက ဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ (ခ) အရ အရေးယူမည်” ဟု ထိန်းချုပ်ဓာတုဗေဒ ကြီးကြပ်ရေး နည်း ဥပဒေများ စာအုပ် အခန်း ၁၃ အပိုဒ် ၅၉ တွင် လည်းကောင်း၊ “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ခ)နှင့် ပုဒ်မ ၃၀(ခ) တို့အရ မူးယစ်ဆေးဝါးကဖြစ်စေ၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကိုဖြစ်စေ ထုတ်လုပ်ရာ၌ အသုံးပြုနိုင်သော ဓာတုပစ္စည်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဋ္ဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသည့် ဓာတုပစ္စည်းကို ဆိုသည်” ဟု အခန်း၁ အပိုဒ် ၂ (ခ)တွင်လည်းဖေါ်ပြထားသည်။