အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ်များအပေါ် ပြည်သူများက တိုင်ကြားထားသည့် တိုင်ကြားစာ ၆၀ ကျော်ကို လက်ခံရထားကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် တိုင်းကြားစာဌာန ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောသည်။
“ကိုယ်စားလှယ်တဦးတည်းကို ၃ ယောက် ၄ ယောက် ဝိုင်းတိုင်တာတွေလည်း ရှိတယ်။ ကျနော်တို့ဌာနက အစီအရင်ခံစာ တင်တဲ့အပေါ် ပါတီဗဟိုက အရေးယူတာတွေ ရှိတယ်။ ဘယ်သူတွေကို ဘယ်လိုအရေးယူတယ် ဆိုတာတော့ မပြောလိုပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
တိုင်ကြားစာဌာနက NLD ကိုယ်စားလှယ်များ တိုင်ကြားခံရမှုနှင့် ပတ်သက်သည့် အစီအရင်ခံစာ ၄၅ စောင်ကို ဗဟိုသို့ ပေးပို့ခဲ့ပြီဖြစ်ကြောင်းနှင့် တချို့ကို ပြင်းထန်းစွာ သတိပေးခြင်းနှင့် တာဝန်မှ ရပ်ဆိုင်းထားခြင်းကဲ့သို့ အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ပါတီဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သည့် ဦးထွန်းထွန်းဟိန်က “ပါတီကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ ကျနော်သိသလောက်က တာဝန်ကနေ ရပ်ဆိုင်းတဲ့အထိ အရေးယူတာမျိုး မရှိသေးပါဘူး ” ဟု ဆိုသည်။
NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်ထိန်သည်လည်း တောင်ကြီးခရိုင် NLD ပါတီ အဖွဲ့ဝင်များအား ထုတ်ပယ်ခဲ့မှုနှင့် ပတ်သက်ပြီး ပါတီတွင်း ခုံရုံးဖွဲ့ စစ်ဆေးခြင်းခံနေရပြီး၊ ထိုဖြစ်ရပ်ကြောင့် ဒေသခံပါတီဝင်အချို့ ပါတီက နုတ်ထွက်မှုများလည်း ရှိနေသည်။
လက်ရှိအချိန်တွင် မအူပင်မြို့နယ်၌ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ချင်း အမှုဖွင့်ထားသည့်အပြင်၊ ရွှေပြည် သာမြို့နယ်နှင့် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့လည်း အမှုရင်ဆိုင်ရလျက်ရှိကြောင်း သိရသည်။
NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ အမှုဖွင့် တိုင်ကြားခံရမှုများ၊ လူမှုကိစ္စ အရှုပ်အရှင်းသတင်းများ ထွက်ပေါ်နေမှုတို့ကြောင့် ပါတီနှင့် ကာယကံရှင် လွှတ်တော်ကိုယ်စားလှယ်များအပေါ် ပြည်သူများက ဝေဖန်ပြောဆိုလျက် ရှိသည်။
NLD ပါတီနာယက ဦးတင်ဦးက NLD ပါတီတွင်း ပြဿနာများနှင့် ပတ်သက်ပြီး အောက်တိုဘာ ၂၆ ရက်က ပါတီဌာနချုပ်၌ ရန်ကုန်တိုင်း ဒေသကြီးအတွင်း NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် မည်သူမဆို ပါတီစည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ပါက အရေယူသွားမည်ဖြစ်ပြီး ပြဿနာများ ရင်ဆိုင်ဖြေရှင်းရာတွင် အချင်းချင်း ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် အရေးကြီးကြောင်း ပြောဆိုခဲ့သည်။