မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စု၏ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းလိုက်ပြီးနောက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကို ယခု ဘဏ္ဍာနှစ်ကုန် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်ကျင့်သုံးနိုင်ရန် နည်းဥပဒေ စတင် ရေးဆွဲနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
ယနေ့ နံနက်ပိုင်းက နေပြည်တော် ဟီတန်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ နောက်ဆက်တွဲ နည်းဥပဒေများ ဆက်လက် ရေးဆွဲနိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများနှင့် ဌာနဆိုင်ရာများ ပထမဆုံးအကြိမ် ညှိနှိုင်း အစည်းအဝေး အပြီးတွင် ဦးအောင်နိုင်ဦးက အထက်ပါအတိုင်း မီဒီယာများသို့ ပြောဆိုခြင်း ဖြစ်သည်။
“ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က စပြီးတော့ ဥပဒေအသစ်၊ နည်းဥပဒေအသစ် လုပ်ထုံးလုပ်နည်း အသစ်တွေနဲ့ ကျင့်သုံး ဆောင်ရွက်သွားနိုင်ဖို့ ပြင်ဆင်သွားမှာ ဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။
ယနေ့မှ စ၍ နည်းဥပဒေ ရေးဆွဲမှု လုပ်ငန်းစဉ် စတင်ပြီး ပထမမူကြမ်း ထွက်ပေါ်လာပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဝက်ဘ်ဆိုဒ်တွင် ကြေညာခြင်း၊ သတင်းစာ၊ ဂျာနယ်များတွင် ထည့်သွင်း၍ အများပြည်သူ သိအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထိုအခါတွင် ပြည်သူများက လိုအပ်သော အကြံဉာဏ်များ ပေးသည့်အခါ လူတန်းစား အလွှာအသီးသီးနှင့် ပြန်လည် ညှိနှိုင်းပြီး နည်းဥပဒေများကို ပြင်ဆင်မည်ဟု သိရသည်။
“အဲဒါတွေပြီးရင် ကက်ဘိနက်ကို တင်မယ်။ ကက်ဘိနက်ကနေ လွှတ်တော်ကို တင်မယ်။ လွှတ်တော်ရဲ့ သက်ဆိုင်တဲ့ ကော်မတီ အသီးသီးနဲ့ ထပ်မံ ညှိနှိုင်းပြီးရင် ထုတ်ပြန်နိုင်ဖို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် နည်းဥပဒေနဲ့ ပတ်သက်သည့် လုပ်ငန်းများ ပြီးပြတ်သွားအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး နည်းဥပဒေ ထုတ်ပြန်ပြီးနောက် လိုအပ်သည့် အမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်းကို ၂၀၁၇ ခုနှစ်၊ မတ်လ မကုန်မီ အပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ် ပေါ်ပေါက်လာခြင်းကို စီးပွားရေး လုပ်ငန်းရှင်များက ကြိုဆိုသော်လည်း တိုင်းပြည်တွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများက နေရာအားလုံးတွင် ဝင်ရောက် လွှမ်းမိုးသွားမည် ဖြစ်၍ စိတ်ပူနေကြကြောင်း၊ ထို့ကြောင့် ၄င်းတို့ကို အကာအကွယ် အထိုက်အလျောက်ပေးရန် အသင်းသူ အသင်းသားများက တောင်းဆိုထားကြောင်း UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ဧရာဝတီသို့ ပြောသည်။
“ပြောရရင် အိမ်ရှေ့ ဈေးဆိုင်တည်လေးတွေကအစ စိုးရိမ်နေကြပါပြီ။ ငှက်ပျောသီးတို့၊ ပေါင်မုန့်ကလေးတွေတို့၊ အာလူးကြော်တို့ ရောင်းတဲ့ ဆိုင်ကစ စိုးရိမ်ကြပါတယ်။ ဒါလေးတွေကို ပြည်ပက လွှမ်းမိုးသွားနိုင်တဲ့အတွက် အထိုက်အလျောက် ကာကွယ်ပေးသွားသင့်တယ်လို့ ပြောပါတယ်” ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။
ဒေါက်တာ မောင်မောင်လေးက ဆက်လက်၍ “အမေရိကန် နိုင်ငံမှာတောင်မှ Walmart တို့လို ဆိုင်ကြီးတွေကို မြို့တွင်းမှာ ရောင်းခွင့် မပေးပါဘူး။ မြို့ပြင်မှာပဲ ရောင်းလို့ရပါတယ်။ အဲဒီလို ဆိုင်တွေကို တော်ရုံတန်ရုံ သွားရခက်တဲ့ နေရာတွေမှာ ထားပါတယ်။ အသေးစား အလတ်စား ဈေးဆိုင်တွေ ပျောက်သွားမှာ စိုးလို့ပါ။ ဒါတွေကို လေးလေးနက်နက် စဉ်းစားကြည့်ကြပါ” ဟု ပြောသည်။
သို့သော် မြန်မာနိုင်ငံအနေဖြင့် WTO တွင် လက်မှတ် ရေးထိုးထားသဖြင့် ပြည်တွင်း လုပ်ငန်းများကို တရားဝင် ကာကွယ်၍ မရကြောင်း၊ ထို့ကြောင့် နည်းလမ်းတခုခုဖြင့် စဉ်းစားကာ အချိန် ၅ နှစ်ခန့် အချိန်ပေးကာ ပြည်တွင်း လုပ်ငန်းများကို ကာကွယ် ပေးသင့်ကြောင်း UMFCCI က ပြောသည်။
ရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ဦးကမူ “တဖက်က နိုင်ငံခြားသားတွေ အတွက်ကို ဖွင့်ပေးရမယ့် ကိစ္စတွေ ရှိသလို တဖက်က ကိုယ့်နိုင်ငံသားတွေ အတွက်ကို ပြန်ပြီး ကြည့်ရမယ့် ကိစ္စလေးတွေ ရှိပါတယ်။ နိုင်ငံခြားသားတွေကို ဖွင့်ပေးတာနဲ့ ကိုယ့်နိုင်ငံသားတွေ အတွက်ကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ပေးတာရော ဒီ ၂ ခုကို မျှပြီးဆွဲထားပါတယ်။ အဲဒီတော့ ၂ ဖက်စလုံးက လက်ခံနိုင်တဲ့ အနေအထားမှာ ရှိပါတယ်” ဟု မီဒီယာများသို့ ပြောသည်။
ယခု ရေးဆွဲနေသည့် နည်းဥပဒေများသည် ရင်းနှီးမြှုပ်နှံလိုသူများအတွက် လွယ်လွယ်ကူကူ ရင်းနှီးမြှုပ်နှံ၍ ရအောင် ရေးဆွဲမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများဘက်လည်း လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်း ဥပဒေများကို လိုက်နာရန် လိုအပ်ကြောင်း MIC က ပြောသည်။
“ရေးဆွဲမှု အပိုင်းမှာလည်း ဝန်ကြီးဌာနတွေရဲ့ သဘောထားယူမယ်။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ကောင်းတဲ့ အချက်လေးတွေကို နမူနာ ယူသင့်တာယူမယ်။ ဒါတွေနဲ့ ကျနော်တို့ ပေါင်းစပ်ပြီးတော့မှ တိုင်းပြည်နဲ့ သဟဇာတဖြစ်မယ့် တိုင်းပြည်အတွက် တာဝန်ယူမှု တာဝန်ခံ မှုတွေကို မြှင့်တင်နိုင်မယ့် နည်းဥပဒေတွေ ဖြစ်လာအောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု MIC အတွင်းရေးမှူးက ဆိုသည်။