အိမ်တွင်း အကြမ်းဖက်မှုများနှင့် အဓမ္မပြုကျင့်မှုများ ဖြစ်ပွားရာတွင် ကျူးလွန်သူကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေး ယူနိုင်ရန် အားနည်းချက်များ ရှိနေသည်ဟု အမျိုးသမီး အရေး တက်ကြွ လှုပ်ရှားသူများ က ပြောသည်။
အဆိုပါ အမှုအခင်းများ တိုင်ကြားသည့် အခါတွင် ခက်ခဲမှုများစွာ ရှိနေကြောင်း၊ အဓမ္မပြုကျင့်မှု ဖြစ်ပွားသည့် အခါတွင် လည်း မည်သည့်နေရာကို ဦးတည်တိုင်ကြားရမည်ကို မသိရှိကြကြောင်း၊ သက်ဆိုင်ရာ ရဲစခန်း ၏ ဝန်ဆောင်မှု သည် လည်း လိုအပ်ချက် များစွာ ရှိနေကြောင်း အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီး အရေးများကို လိုက်လံ ကူညီဆောင်ရွက် ပေးနေသည့် အခရာ အဖွဲ့မှ ဒါရိုက်တာ မထားထားက ပြောဆိုသည်။
ယမန်နေ့က Internews သတင်းစာပညာ သင်တန်းကျောင်းက ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပသည့် ကျား၊ မ (Gender) အခြေပြု အကြမ်းဖက်မှု အတူဝိုင်းဝန်းတိုက်ဖျက်ရေး ဆွေးနွေးပွဲတွင် အမျိုးသမီး တက်ကြွလှုပ်ရှား အဖွဲ့များ က “ဥပဒေ အခြေအနေ ဆွေးနွေးချက်များနှင့် Advocacy” ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
“မုဒိန်းကျင့်ခံရပြီဆိုရင် ဘယ်ကို စသွားလို့သွားရမှန်း မသိတဲ့၊ သတင်း အချက်အလက်မသိတဲ့၊ ကွာဟမှုတွေ၊ ဆေးရုံ အရင် သွားရမှာလား။ သက်သေ အရင်သွားယူရမှာလား။ ရပ်ကွက်သွားရမှာလား ဖြစ်ကြတယ်။ နောက်ဆုံးတော့ အဲ့ဒါ တွေနဲ့ ပျောက်သွားကြတယ်”ဟု မထားထားက ပြောသည်။
အဓမ္မပြုကျင့် ခံရသည့် အမျိုးသမီးများက ရဲစခန်းသို့ သွားတိုင်ကြားပါကလည်း ဖြစ်စဉ်ကို အကြိမ်ကြိမ် မေးမြန်းသည့် အတွက် အရှက်ရကာ မတိုင်ရဲတော့ဘဲ နောက်ဆုတ်ခဲ့ရသည့် အမှုပေါင်းများစွာ ရှိသည် ဟုလည်း အမျိုးသမီးအရေး လှုပ်ရှား သူများက ပြောဆိုကြသည်။
“သက်ငယ်မုဒိန်းဆိုရင် ရဲရဲတိုင်တယ်။ အရွယ်ရောက်မုဒိန်းမှုက ၁၄၊ ၁၅၊ ၁၆နှစ် တက်လာဖို့ခဲတယ်။ မိန်းကလေးတွေကို အပြစ်ပုံချဲ့တဲ့ ဓလေ့ထုံစံတွေက ရှိတယ်။ နောက်ဆုံးတော့ အရွယ်ရောက် မုဒိန်းမှုတွေ နောက်ဆုတ်သွားတာများတယ်” မထားထား က ပြောသည်။
အိမ်တွင်းအကြမ်းဖက်မှု နှင် အဓမ္မပြုကျင့်မှုကို သွားရောက်တိုင်ကြားသည့်အခါ တိုင်ကြားသည့် စနစ် မသိရှိကြောင်း၊ တိုင်ကြား လျှင်လည်း မည်သည့် စာရွက်စာတမ်းပါရမည်ကို မသိရှိကြောင်း၊ ပြည်သူများ ဥပဒေဆိုင်ရာ ဗဟုသုတ အားနည်း ကြကြောင်းလည်း ဥပဒေ ကုစားရေးရာ အဖွဲ့မှ ဒါရိုက်တာ ဒေါ်လှလှရီ ကလည်း ပြောဆိုသည်။
“အမျိုးသမီးတွေ အတွက် လက်လှမ်းမှီဖို့က ဥပဒေ သီးသန့်ထုတ်ပြန်ဖို့ ပြဌာန်းဖို့ လိုတယ်။ ကာယိနြေ္ဒကိစ္စ၊ ဘတ်စ်ကား ပေါ်မှာ ဖြစ်တာ၊ ရဲစခန်းကို သွားတိုင်ရင်တောင် ရဲစခန်းက ရဲရေးမပိုင်တဲ့ အတွက် တရားရုံးကို သွားရတယ်။ ရဲစခန်းကို သွား အမှုဖွင့်ပေးဖို့ ခက်ခဲတယ်”ဟုလည်း ဒေါ်လှလှရီက ပြောသည်။
အမျိုးသမီး အကြမ်းဖက်မှု နည်းမျိုးစုံ နှင့် ပတ်သက်ပြီး ဥပဒေကုစားရေးရာ အဖွဲ့ ရုံး သို့ ၁ နှစ်အတွင်း လာတိုင်ကြားသည့် အမှု ပေါင်း ၂၈၆ မှုရှိပြီး တရားစွဲဆိုနိုင်မှုသည် ၈၃ မှုသာ ရှိကြောင်း၊ ထို ၈၃မှု ထဲတွင် သက်ငယ်မုဒိန်းမှု ၂၀ ကျော် ရှိ ကြောင်း ဒေါ်လှလှရီက ဆက်လက် ပြောပြသည်။
အဓမ္မပြုကျင့်မှုများ နှင့် ပတ်သက်ပြီး လိုက်လံ ကူညီဆောင်ရွက် ပေးနေသည့် ထားဝယ် အမျိုးသမီးသမဂ အဖွဲ့မှ ဒေါ်စုစု ဆွေ ကလည်း “မုဒိန်းမှုကို တိုင်ကြားရင်ကတော့ ဆရာဝန် ဆေးစစ်ချက်ရဖို့ ခက်ခဲတယ်၊ နယ်တွေမှာ အလှမ်းဝေး လို့ ဆရာဝန် တွေ ကျင့်ဝတ်နဲ့အညီ မလုပ်ကြဘူး။ ဆေးစစ်ချက် မရှိတော့ အမှုက မုဒိန်းမှုမဟုတ်ဘဲ အားထုတ်မှုပဲဖြစ်ပြီး ပြစ်မှု ပေါ့သွား တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ အမျိုးသမီးနှင့် ကလေးသူငယ်များအား အကြမ်းဖက်မှု ပပျောက်ရေးနှင့် တားဆီး ကာကွယ် စောင့်ရှောက်ရေး အတွက် ဆွေးနွေး တိုင်ပင်ရန် Hot Line ၁၈၈၆ လိုင်းခွဲနံပါတ် (၃) တွင် အောက်တိုဘာ ၂၀ ရက်မှ စတင်ကာ ဝန်ဆောင်မှု ပေးနေ ကြောင်း သိရသည်။