သတင်း

မိုင်းရှူး လုံခြုံရေးဂိတ်တွင် ပစ်ခတ်မှု ဖြစ်ပွား၍ ၁ ဦး သေဆုံး

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း လုံခြုံရေး တာဝန်ယူသည့် တပ်ဖွဲ့က အသက် ၄၀ ကျော် အမျိုးသားတဦး ကို ယမန်နေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။

မိုင်းရှူးမြို့အထွက် တန့်ယန်းမြို့ အသွားလမ်း အစိုးရ တပ်မတော်ဂိတ်တွင် လုံခြုံရေးအရ စစ်ဆေး ဆောင်ရွက်နေစဉ် အသက် ၄၀ ကျော် အမျိုးသား စိုင်းဆု ဆိုသူက ဆိုင်ကယ် ရပ်ပေးခြင်းမရှိဘဲ ဆက်မောင်းသဖြင့် လုံခြုံရေးအရ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှ ဒုရဲမှူး ဆန်းလွင်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ တပ်မတော် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူသည့် အဖွဲ့များမှာ မိုင်းရှူးမြို့ ရဲတပ်ဖွဲ့၊ မိုင်းရှူး အခြေစိုက် တပ် နှင့် မိုင်းရှူး ပြည်သူ့စစ်တို့ ဖြစ်ကြောင်းလည်း ဒုရဲမှူး ဆန်းလွင်က ပြောပြသည်။

“လုံခြုံရေး စစ်ဆေးရေးတွေ လုပ်နေပါတယ်။ လုပ်နေချိန်မှာ အဲ့ဒီ အမျိုးသားက ဆိုင်ကယ်နဲ့လာပြီး စစ်ဆေးဂိတ်ကို ကျော် သွားတယ်။ စစ်ဆေးမခံဘူး။ အဲ့ဒါနဲ့ လုံခြုံရေးယူတဲ့ အဖွဲ့က သေနတ်နဲ့ ပစ်လိုက်တာပါ။ ပြည်သူ့စစ် ပြောတာကတော့ SSA အဖွဲ့ အတွက် ဆက်ကြေးကောက်ပေးနေတဲ့သူလို့ ပြောပါတယ်”ဟု ဒုရဲမှူး ဆန်းလွင်က ပြောသည်။

သေနတ်ဖြင့် အပစ်ခံရသည့် အသက် ၄၀ ကျော် စိုင်းဆုသည် သာမန်အရပ်သား တဦးဖြစ်ပြီး မည်သည့်အဖွဲ့ဝင်မှ မဟုတ် ကြောင်း၊ ယခင်က မိုင်းရှူးမြို့နယ် ပန်ဆွဲ့ကျေးရွာ ဥက္ကဋ္ဌ ဟောင်းတဦးလည်း ဖြစ်ကြောင်း မိုင်းရှူးမြို့နယ် ရှမ်း တိုင်းရင်း သား များ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) မှ နန်းကောင်ခမ်း က ပြောသည်။

“ဆိုင်ကယ် မရပ်ပေးလို့ တပ်က ပစ်လိုက်တာ။ ခြိမ်းခြောက်ရုံပဲ ခြိမ်းခြောက်တာလို့ တပ်ကပြောတယ်။ ဦးခေါင်း နားထင်ကို ထိသွားပြီး သေသွားတယ်။ မနေ့က ညနေမှာပဲ ပန်ဆွဲ့ရွာသားတွေနဲ့ သူ့မိသားစုဝင်တွေ ချက်ချင်း မြေချ သဂြိုဟ်လိုက် တယ်”ဟုလည်း နန်းကောင်ခမ်းက ပြောပြသည်။

သေဆုံးသွားသည့် စိုင်းဆုတွင် ဇနီး နှင့် ကလေး ၂ဦး ကျန်ခဲ့ကြောင်း၊ စိုင်းဆု ကိစ္စနှင့် ပတ်သက်ပြီး အချက်အလက်များ စု၍ ဆောင်ရွက်စရာများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နန်းကောင်ခမ်းက ဆက်ပြောသည်။

မိုင်းရှူးမြို့သည် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSPP/SSA) ၏ ဝမ်ဟိုင်း ဗဟိုဌာနချုပ် နှင့် ၁၀ မိုင်ခန့်သာ ကွာဝေး သည့် နေရာဖြစ်ပြီး ယမန်နှစ် အောက်တိုဘာလတွင် SSPP/SSA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားကာ မိုင်းရှူးမြို့သို့ စစ်ဘေး ရှောင် ၁၀၀၀ ခန့် လာရောက် ခိုလှုံရကြောင်း သိရသည်။

ယမန်နှစ်တွင် မိုင်းရှူးမြို့နယ်အတွင်း SSPP/SSA နှင့် တပ်မတော်တို့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားမှုကြောင့် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကိုလည်း ရပ်ဆိုင်းလိုက်ရသည့် နေရာတခုလည်း ဖြစ်သည်။

Loading