ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သဖြင့် အင်းဝမြို့ဟောင်းအနီး ဧရာဝတီမြစ် ကမ်းနံဘေးတွင် အကောင်အထည် ဖော် နေ သည့် စက်သုံးဆီ ဆိပ်ကမ်း စီမံကိန်းကို ရှေးဟောင်းဇုန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန် အတွက် EMP အစီ အစဉ်များ ရေးဆွဲလုပ်ကိုင်ရန် စီစဉ်ထားကြောင်း မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင် က ပြောသည်။
စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးနိုင်မည့် ထိုစီမံကိန်းသည် ရှေးဟောင်း ယဉ်ကျေးမှုဇုန်ဖြစ်သည့် အင်းဝမြို့ဟောင်း၊ သပြေ တန်း ခံတပ်တို့ အနီး၌ တည်ရှိနေသည့် စီမံကိန်းဖြစ်သောကြောင့် လိုအပ်သည့် Enviromental Management Plan (EMP) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများ ရေးဆွဲလုပ်ကိုင်ရန်နှင့် သက်ဆိုင်ရာ ဌာနများ၏ ကြီးကြပ်မှု၊ စံချိန်စံညွှန်းများ အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးဇာနည်အောင်က ဧရာဝတီကို ပြောပြသည်။
“ဒီဆိပ်ကမ်းက အထက်မြန်မာပြည် တခုလုံးကို ဆီဖြန့်ဖြူးပေးနိုင်မယ့် နေရာဖြစ်တဲ့အတွက် ဖွံ့ဖြိုးမှုအမြင်အရ ဆောက် လုပ်ခွင့် ပြန်ပေးထားတယ်။ တားထားတာမျိုး မဟုတ်ဘူး။၊ ဒါကို ဆောက်လိုက်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အပေါ် ကုစားမှုတွေလုပ်ဖို့ လိုအပ်တယ်။ အဲဒါတွေ အပြည့်အစုံလုပ်ဖို့ ပြောထားတယ်”ဟုလည်း ၎င်းက ဆို သည်။
မြန်မာနိုင်ငံ အထက်ပိုင်းသို့ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးနိုင်မည့် ဆိပ်ကမ်းသစ်တခုကို မန္တလေးတိုင်း ဒေသကြီး အမရပူရ မြို့နယ်ပိုင် အင်းဝမြို့ဟောင်းရှိ ဧရာဝတီမြစ် ကမ်းနံဘေး အိုးတုတ္တန်းရပ်၌ ၂၀၁၅ ခုနှစ်မှ စတင်၍ အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။
ထိုစက်သုံးဆီ ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ အင်းဝမြို့ ဒေသခံ ကိုဗိုလ်ရှိတ်က “ဒီစီမံကိန်း လုပ်လိုက်လို့ ကျနော် တို့ ဒေသက လူတွေအတွက် ဘာတွေရလာမှာလဲ။ အလုပ်အကိုင်တွေ ပေးမှာလား။ ဒီလိုယဉ်ကျေးမှုဇုန် နေရာမျိုးမှာ ဖွံ့ဖြိုးမှု ဆိုပေမယ့် ဒေသခံကို အကျိုးမပြုတဲ့ စီမံကိန်းမျိုးကို ကန့်ကွက်တယ်”ဟု ပြောသည်။
ထို့အပြင် စက်သုံးဆီဆိပ်ကမ်း ဧရိယာသည် မန္တလေးနှင့် အင်းဝမြို့ ရေဝေရေလဲ ဧရိယာများဖြစ်၍ စီမံကိန်း ဆောင် ရွက် ရန် ထိုမြေဧရိယာများကို မြေဖို့ခဲ့ရာ ယခုနှစ် မိုးရာသီကာလအတွင်း အင်းဝနှင့် တံတားဦးတို့တွင် ရေကြီးရေလျှံမှု များ ဖြစ်ပွားခဲ့သည့်အတွက် ထိုစီမံကိန်းကြောင့် ရှေးဟောင်း ယဉ်ကျေးမှုဇုန်နယ်မြေ ထိခိုက်ပျက်စီးမည်ကို ဒေသခံများ က စိုးရိမ်ပူပန်လျက် ရှိကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင် အန္တရာယ်နှင့် ပတ်သက်ပြီး မန္တလေး အခြေစိုက် စိမ်းရောင်စိုနှင့် Natural Green Alliance (သဘာဝစိမ်း) အရပ်ဘက်လူမှု အဖွဲ့ဝင် ဦးမောင်မောင်ဦးက “အစကတည်းက နေရာရွေးချယ်မှုက လုံးဝ လွဲမှားနေ တယ်။ ဘယ်လိုပဲ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင်လုပ်မယ် ပြောပါစေ။ အခုလက်ရှိ ဆီအတင်အချ လုပ်နေတဲ့ ရွှေကြက်ယက် ဆိပ်ကမ်းကိုပဲ ကြည့်ပါ။ အဲဒီနားလေးက ဧရာဝတီမြစ်ရေရဲ့ အရည်အသွေး၊ အရောင်ကအစ ပြောင်း လဲ နေပြီ။ ပြီးတော့ ဆီအတင်အချ သဘောၤကြီးတွေ ကမ်းကပ်မယ်ဆိုရင် တဘက်မှာရှိတဲ့ အင်းဝဘက် မြစ်ကမ်းမှာ ကမ်းပါးပြိုတာတွေ ဖြစ်လာနိုင်တယ်”ဟု ပြောဆိုသည်။
ထိုစက်သုံးဆီ ဆိပ်ကမ်း စီမံကိန်းကို ဧရိယာ ဧက ၄၀ ကျော်အတွင်း တည်ဆောက်မည်ဖြစ်ပြီး ဆီဂါလန် ၂ သန်း ဆံ့ နိုင်သည့် ဆီကန်ပေါင်း ၃၂ ကန်ကိုပါ တည်ဆောက်မည်ဖြစ်ရာ ထိုစီမံကိန်းအား အင်ဂျင်နီယာ စံချိန်စံညွှန်းများအတိုင်း တည်ဆောက်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် ပြီးခဲ့သည့်လက စီမံကိန်းလုပ်ငန်းများကို ယာယီရပ်ဆိုင်း၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
စီမံကိန်းကို ၂၀၁၈ ခုနှစ်အပြီး ဆောင်ရွက်ရန် လျာထားပြီး ဆိပ်ကမ်း တည်ဆောက်မှုပြီးစီးပါက မန္တလေးတိုင်းနှင့် မြန်မာ ပြည် အထက်ပိုင်းသို့ စက်သုံးဆီ ဖြန့်ဖြူးတင်ပို့နိုင်ရန် ရည်ရွယ်ထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။
စက်သုံးဆီဆိပ်ကမ်း စီမံကိန်း လုပ်ကိုင်ခွင့်ရ မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးသက်ဝေက “စီမံကိန်းကို ရပ်ဆိုင်းခိုင်းထားတယ် ဆိုတာ မဟုတ်ဘူး။ ဆီကန်တွေဆောက်ဖို့ လုပ်နေပြီ။ ဒီစီမံကိန်း က အစိုးရ အဟောင်းနဲ့အသစ် အကူးအပြောင်းမှာ ကြားညပ်နေတဲ့ပုံစံ ဖြစ်နေတယ်။ အရင်အစိုးရက ဖိအားပေးပြီး မြန်မြန်ဆန်ဆန် လုပ်ခိုင်းခဲ့တယ်”ဟု ပြောပြသည်။
မန္တလေးတိုင်း အစိုးရအဖွဲ့က အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး ကြားခံအဖွဲ့အစည်းတခု ဖွဲ့စည်းစေ၍ ထိုအဖွဲ့တွင် စီမံကိန်း လုပ်ကိုင်နေသည့် ကုမ္ပဏီမှ တာဝန်ရှိသူများ အပါအဝင် အစိုးရ ဌာနဆိုင်ရာများမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ ပင်မရေနံ သိုလှောင်ရေး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မန္တလေး စက်မှုတက္ကသိုလ်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပါဝင်ဖွဲ့စည်းပြီး ကဏ္ဍအလိုက် စစ်ဆေးကြီးကြပ် ဆောင်ရွက်သွားမည်ဟုလည်း ပြောသည်။
ထိုစီမံကိန်းနှင့် ပတ်သက်ပြီး မန္တလေးမြို့ ဒေသခံ စာရေးဆရာ ဆူးငှက်က “ဒီလို ရှေးဟောင်း ယဉ်ကျေးမှုတွေ အများ ကြီး ရှိနေတဲ့နေရာမျိုးမှာ စီးပွားရေး အမြင်တခုပဲ ကြည့်လို့မရဘူး။ ဒီလို အမွေအနှစ်တွေဆိုတာ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှု အတွက် အရမ်းအရေးကြီးတဲ့ နေရာတွေပါ”ဟု ပြောဆိုသည်။
ပြောင်းလဲလာသည့် ခေတ်နှင့်အညီ ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ရန် လိုအပ်သော်လည်း နေရာဒေသနှင့် လိုက် လျော ညီထွေရှိပြီး ဒေသခံများကို အကျိုးရှိစေမည့် စီမံကိန်းများကိုသာ အစိုးရအနေဖြင့် ခွင့်ပြုပေးသင့်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။