ရန်ကုန် စည်ပင်သာယာရေး နယ်နိမိတ်နှင့် ဆင်ခြေဖုံးမြို့နယ်များ၌ ဆိုင်ကယ်စီးနင်းခွင့် ပြုရေးနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ရှိနေကြသည်။
ရန်ကုန်မြို့တွင်း ဧရိယာနှင့် ဆင်ခြေဖုံးမြို့နယ်များ၌ ဆိုင်ကယ်စီးနင်းခွင့် ပြုပါက မလိုလားအပ်သည့် ဒုစရိုက်မှုများဖြစ်ပေါ် လာနိုင်သည်ဟု တချို့က ရှုမြင်ကြပြီး၊ ဒုစရိုက်မှုများ ကျူးလွန်ခြင်းသည် ဆိုင်ကယ်စီးခြင်းနှင့် မသက်ဆိုင်ဘဲ တရား ဥပဒေ စိုးမိုးမှုအတွက် ထိရောက်စွာ ဆောင်ရွက်ခြင်း မရှိခြင်းကြောင့်ဟု ပြောဆိုကြသူများလည်း ရှိသည်။
ဆိုင်ကယ် စီးနင်းခွင့်ပြုပါက လုံခြုံရေး ကျိုးပေါက်မှုများ ဖြစ်နိုင်ပြီး၊ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာ ဒုစရိုက်မှုများ ကျူးလွန် ခြင်း၊ ဆိုင်ကယ်ဖြင့် ပစ္စည်းလုယူခြင်း၊ ဆွဲကြိုးဖြတ်ခြင်း၊ ပိုက်ဆံအိတ် လုယူခြင်း၊ ယာဉ်ကြော ကျပ်တည်းသည့် လမ်းဆုံ၊ လမ်းခွများ၌ ကျော်တက်ခြင်း၊ မဆင်မခြင် မောင်းခြင်းကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားနိုင်ကြောင်း ရန်ကုန်တိုင်း အစိုးရ အဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေး ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ရန်ကုန်တိုင်း လွှတ်တော်၌ အောက်တိုဘာလ ၂၅ က ပြောဆိုခဲ့သည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ ဆိုင်ကယ် ကယ်ရီများ အပါအဝင် ဆိုင်ကယ် အားလုံးအတွက် လိုအပ်သည့် ဒေသန္တရ အမိန့်များ ထုတ်ပြန်နိုင်ရေးနှင့် လိုက်နာမှုမရှိပါက ထိထိရောက်ရောက် အရေးယူနိုင်ရေး ရန်ကုန်တိုင်း အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ အဆိုနှင့်ပတ်သက်၍ ဖြေဆိုစဉ် လုံခြုံရေး နှင့်နယ်စပ် ဝန်ကြီးက ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ရပ်ကွက်များအတွင်းရှိ လမ်းကြိုလမ်းကြား၌ မဆင်မခြင် မောင်းနှင်သည့်အပြင် ဒုစရိုက်မှုများ၊ မှုခင်းဖြစ်ပွားမှုများ ရှိလာနိုင်သည့်အတွက် ဆိုင်ကယ်စီးနင်းခွင့်ကို တားမြစ်သင့်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေး ဝန်ကြီးက ပြောဆိုသည်။ သို့သော် ရန်ကုန်တိုင်းအတွင်း၌ ဒေသန္တရ အမိန့်များ ထုတ်ပြန်ပြီးပါက ဆင်ခြေဖုံးနေရာများတွင် ဆိုင်ကယ် စီးနင်းခွင့်ပြုမည်ဟု သိရသည်။
ဗိုလ်မှူးကြီး တင်အောင်ထွန်း က “တိုင်းဒေသအတွင်းက ဆိုင်ကယ်တွေအတွက် တိကျတဲ့ ဒေသန္တရအမိန့်တွေ ထပ်မံ ထုတ်ပြန်ပေးသွားမှာပါ၊ ဒါပေမယ့် စည်ပင် နယ်နိမိတ်မှာတော့ ဆိုင်ကယ်စီးခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
ရန်ကုန်တခွင်၌ ဒုစရိုက်မှုများ များပြားနေခြင်းသည် ဆိုင်ကယ်စီးခြင်းနှင့် တိုက်ရိုက် ဆက်စပ်မှုမရှိဘဲ၊ လိုင်စင်မဲ့ ဆိုင်ကယ် များကြောင့်ဟု ပြောဆိုကြသည်။ သို့ဖြစ်၍ လိုင်စင်မဲ့များအား တရားဝင် လိုင်စင်များ ပြုလုပ်ပေးပြီး၊ သတ်မှတ်ထားသည့် စည်းကမ်းကို မလိုက်နာသူအား ထိရောက်စွာ အရေးယူပါက ဒုစရိုက်မှုများ လျော့ကျမည်ဟု တိုင်းဒေသ ကိုယ်စားလှယ် များက ဧရာဝတီကို ပြောသည်။
ဦးကျော်ဇေယျက “ကျနော်က မြို့တွင်းမှာ စီးခွင့်ပေးဖို့ တင်ပြတာ မဟုတ်ပါဘူး၊ ဆင်ခြေဖုံးမြို့နယ်တွေမှာ လိုင်စင်တွေနဲ့ စနစ်တကျ စီးခွင့်ပြုပေးဖို့ပါ၊ အခု ကျူးလွန်နေတဲ့သူတွေတာ လိုင်စင်မဲ့ဆိုင်ကယ်တွေ ဖြစ်နေတယ်၊ တကယ်လို့ လိုင်စင် ရှိသူက ကျူးလွန် မယ်ဆိုရင်လည်း ဖမ်းဆီးရတာ လွယ်ကူတာပေါ့” ဟု ဆိုသည်။
ဆင်ခြေဖုံး ရပ်ကွက်များ၌ စီးနေကြသည့် ဆိုင်ကယ် ကယ်ရီအများစုသည် လိုင်စင်မဲ့များဖြစ်ကြောင်း၊ ထိုလိုင်စင်မဲ့များထံမှ ရဲဖွဲ့ဝင် တချို့က ငွေတောင်းခံမှုများ ရှိနေခြင်းကြောင့် ဝင်ငွေမလုံလောက်သည့် အချိန်၌ တချို့က ဒုစရိုက်မှု ကျူးလွန်လေ့ရှိကြောင်း ဦးကျော်ဇေယျက ဆိုသည်။
၎င်းက “တကယ်လို့ ဒေသန္တရ အမိန့်ထုတ်ပြီးတော့ လိုင်စင်လုပ်ပေးပေမယ့် တကယ် မလိုက်နာရင်လည်းဘဲ အလကားပဲ၊ ဒီ အတွက်လည်း ကျနော်တို့က အစိုးရကို တိုက်တွန်းထားတယ်” ဟု ဆိုသည်။
ရန်ကုန် စည်ပင်သာယာရေး နယ်နိမိတ်၌ ဆိုင်ကယ် စီးနင်းခွင့် မပြုခြင်းကို ထောက်ခံကြောင်း၊ ထို့အတူ ဒေသန္တရ အမိန့်များလည်း ထုတ်ပြန်ထားပြီးဖြစ်၍ နောက်ထပ် ထုတ်ပြန်စရာ မလိုတော့ကြောင်း၊ လက်ရှိ ထုတ်ပြန်ထားသည့် ဥပဒေများကိုသာ အတိအကျ လိုက်နာဆောင်ရွက်ပြီး၊ တရား ဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်သင့်ကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးခင်ဝင်းက ဧရာဝတီကို ပြောသည်။
ဦးခင်ဝင်းက “ပြဌာန်းထားတဲ့ ဒေသန္တရ ဥပဒေတွေ ရှိလျက်သားနဲ့ နောက်ထပ် ဥပဒေတွေ ထပ်ထုတ်ရင် လက်ရှိဥပဒေကို ကျော်လွန်သလို ဖြစ်နေတာပေါ့၊ လက်ရှိဥပဒေကို ထိထိရောက်ရောက် ဆောင်ရွက်သင့်တယ်၊ အဓိကတော့ တရားဥပဒေ စိုးမိုးရေးကို အလေးထား လုပ်ဆောင်ဖို့ပဲ လိုပါတယ်” ဟု ဆိုသည်။
ဆိုင်ကယ်စီးနေကြသည့် မြို့နယ်များတွင်လည်း သတ်မှတ်ထားသည့် စည်းကမ်းအတိုင်း အတိအကျ လိုက်နာရန် အသိ ပညာပေးခြင်း၊ စည်းကမ်း မလိုက်နာပါက အရေးယူခြင်းများကို ထိရောက်စွာ လုပ်ဆောင်သင့်ကြောင်း၊ အထူးသဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များနှင့် ဦးထုပ် မဆောင်းသူများကို ထိရောက်စွာ အရေးယူသင့်ကြောင်း ဦးခင်ဝင်းက ပြောသည်။
ဦးခင်ဝင်းက “ယာဉ်ထိန်းရဲတွေရဲ့ အကျင့်ပျက် လာဘ်စားမှုတွေ ရှိရင်လည်း ထိရောက်စွာ အရေးယူဖို့လိုအပ်တယ်” ဟု ဆိုသည်။
ဆိုင်ကယ်စီးနင်းခွင့် မပြုသည့် နေရာများ၌ စီးနင်းသည်ကို တွေ့ရှိပါ ရဲများက လာဘ်ငွေယူ၍ ပြန်လွှတ်ပေးခြင်း၊ လာဘ်ပေး လာဘ်ယူမှုများ ရှိပါက အထောက်အထား ခိုင်လုံစွာဖြင့် ၎င်းတို့ထံ တိုင်ကြားပါက အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်မှူးကြီး တင်အောင်ထွန်းက လွှတ်တော်၌ ပြောဆိုသွားသည်။
ထို့အတူ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရန်ကုန်တိုင်းအတွင်း၌ တရားမဝင် ဆိုင်ကယ်များအား ဖမ်းဆီးနေသော်လည်း ရာနှုန်းပြည့် မဆောင်ရွက်နိုင်သေးကြောင်း၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်လည်း အလေးထား လုပ်ဆောင်သွားမည်ဟု လုံခြုံရေးဝန်ကြီးက ပြောဆိုခဲ့သည်။