သတင်း

မအူပင် NLD အမတ် ၂ ဦးနှင့် အုပ်ချုပ်ရေးမှူး တချို့ ပုဒ်မ ၄ ခုဖြင့် အမှုဖွင့် ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ၀ ခွဲဝေသုံးစွဲရေးနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ၂ ဦးနှင့် အုပ်ချုပ်ရေးမှူး တချို့ အပါအဝင် ၁၆ ဦးကို ပုဒ်မ ၄ ခုဖြင့် အောက်တိုဘာ ၂၆ ရက်နေ့က အမှုဖွင့်ထားကြောင်း သိရသည်။

အမှုကို မအူပင်မြို့နယ်၊ ကညင်ဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မျိုးက တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့ ခြင်းဖြစ်ပြီး မအူပင်မြို့မ ရဲစခန်းက လိမ်လည်မှု၊ အသရေဖျက်မှု၊ ခြိမ်းခြောက်မှုများ ဖြစ်သည့် ပုဒ်မ- ၄၂၀/၅၀၆/၅၀ဝ/၁၁၄ တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

မအူပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး သိန်းနိုင်အေးက “အမှုဖွင့်တဲ့အထဲ အရပ်သားတွေလည်း ပါပါတယ်၊ ဖြစ်စဉ် အသေးစိတ်ကိုတော့ စစ်ဆေးဆဲဖြစ်လို့ ပြောလို့ မရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အမှုဖွင့်ခံထားရသူများတွင် မအူပင်မြို့နယ် NLD ပါတီ ယာယီဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်များလည်း ပါဝင်နေပြီး ကျေးရွာအုပ်စုများသို့ ဖွံ့ဖြိုးရေး ရန်ပုံငွေခွဲဝေရာမှ အဆင်မပြေဖြစ်ကာ အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကညင်ဝ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မျိုးက “ရန်ပုံငွေ ခွဲဝေရေး အတည်ပြုကြေညာပြီးမှ ပြောင်းလဲဖို့ လုပ်လာတယ်၊ သူတို့လုပ်ဆောင်မှုက ဥပဒေနဲ့ မညီတာတွေ ဖြစ်နေလို့ အမှုဖွင့်လိုက်တာပါ၊ ဝန်ကြီးချုပ်ကိုလည်း စာတင်ထားပါတယ်” ဟု ပြောသည်။

ယခု အောက်တိုဘာ ၂၄ ရက်နေ့ကလည်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ၂ ဦးနှင့် ကညင်ဝ ကျေးရွာအုပ်စု အတွင်းရှိ အညာစုကျေးရွာ ဒေသခံများက ဦးတင်မျိုးအား အုပ်ချုပ်ရေးမှူး အရည်အချင်းနှင့် ကိုက်ညီမှုမရှိဟု ဆိုကာ အုပ်ချုပ်ရေးမှူး အဖြစ်က ရုတ်သိမ်းပေးရန် ခရိုင်အုပ်ချုပ်ရေး ဦးစီးဌာနသို့ တိုင်ကြားခဲ့ကြောင်းလည်း ဦးတင်မျိုးက ပြောသည်။

ယင်းသို့ အမှုဖွင့်မှုများအပေါ် ကာယကံရှင် တိုင်းလွှတ်တော် ကိုယ်စားလှယ်တဦးထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း လတ်တလောတွင် ၎င်းကိစ္စရပ်များအပေါ် ဖြေကြားပေးရန် အဆင်မပြေသေးကြောင်း ပြောထားသည်။
အောက်တိုဘာ ၂၄ ရက်နေ့ကလည်း မအူပင်မြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက တရားလိုပြုလုပ်ကာ အော့ချက်(ဒ်) (Orchard) ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမြင့်စိန် နှင့် NLD ပါတီ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုလေးတို့ အပါအဝင် ၄ ဦးကို လိမ်လည်မှု၊ အသရေဖျက်မှုတို့ဖြင့် အမှုဖွင့် တိုင်တန်းထားခဲ့သည်။

လယ်သမာအရေး ဆောင်ရွက်သူ ဦးဇော်ရမ်းက “မအူပင်မြို့နယ်ထဲမှာ ခရိုနီတွေရဲ့ အကျိုးစီးပွားနဲ့ လယ်ယာမြေ အရှုပ်အရှင်းတွေ အများကြီးရှိတယ်၊ အခုက လွှတ်တော် ကိုယ်စားလှယ်တွေပါ ရောပါသလို ပုံစံဖြစ်လာတာကို ပါတီအနေနဲ့ အဖြစ်အနေ စစ်ဆေးမှုတွေလုပ်ဖို့လိုတယ်၊ အဲဒီလိုမှ မဟုတ်ရင် ပါတီပုံရိပ် ဒီတခါ တကယ် ကျသွားလိမ့်မယ်” ဟု ပြောသည်။

အော့ချက်(ဒ်) ကုမ္ပဏီအနေဖြင့် မအူပင်မြို့နယ် မလက်တိုကျေးရွာတွင် လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားမှု များရှိနေပြီး ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကလည်း ဒေသခံတောင်သူများ နှင့် ရဲတပ်ဖွဲ့ဝင်များအကြား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးကာ နှစ်ဖက်ဒဏ်ရာရမှုများ ရှိခဲ့သည်။

မအူပင်မြို့နေ ဒေသခံတဦးက “လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အကြောင်းက တမြို့လုံးသိတယ်၊ ပြည်သူ တွေအနေနဲ့က အချင်းချင်း ညီညီညွတ်ညွတ် လုပ်စေချင်တယ်၊ အခုလို တယောက်နဲ့တယောက် တိုက်ခိုက် နေမယ်ဆို သူတို့ရဲ့သမိုင်းပဲ” ဟု ပြောသည်။

ပါတီလွှတ်တော် ကိုယ်စားလှယ်ချင်း အမှုဖွင့် တိုင်တန်းမှုနှင့် ပတ်သက်၍ NLD ပါတီ ထောက်ခံသည့် မအူပင်မြို့မှ အရပ်ဖက် အဖွဲ့အစည်းများနှင့် ရပ်ဖိရပ်ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များက ကိုယ်စားလှယ်ချင်း အမှုဖွင့် ထားမှုကို ရုတ်သိမ်းကာ ပါတီတွင်း စည်းမျဉ်းများနှင့်အညီ အဆုံးအဖြတ်ခံယူရေး၊ လွှတ်တော် ကိုယ်စားလှယ် ၄ ဦးလုံး တရုံးတည်း စုပေါင်းထိုင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မအူပင်မြို့နယ်သားများအပေါ် အရှက်ရစေသည့်အတွက် တာဝန်ရှိသည့် ကိုယ်စားလှယ်များမှ ပြန်လည် တောင်းပန်ရေး စသည့် တောင်းဆိုချက် စာတစောင်ကို မြို့နယ်ပါတီရုံးနှင့် လွှတ်တော် ကိုယ်စားလှယ်များထံ ပေးပို့မည် ဖြစ်ကြောင်းသိရသည်။

Loading