ရန်ကုန်မြို့တွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည့် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးရှိကြောင်း သတင်း ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့မှ အိမ်ထောင်ရှင် အမျိုးသမီးများ အနေဖြင့် နောက် ၆ လ အတွင်း ကိုယ်ဝန် မဆောင်ကြရန် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက အသိပေး တိုက်တွန်းလိုက်သည်။
“အိမ်ထောင်သည်တွေ အနေနဲ့ ၆ လ အတွင်း ကိုယ်ဝန် မဆောင်ပါနဲ့ဦး။ အထူးသဖြင့် ရန်ကုန်ပေါ့။ ယူမယ် ဆိုရင်လည်း ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးမှ လုပ်ပါ။ ကိုယ်ဝန် ရှိပြီးသားသူတွေ အနေနဲ့လည်း ခြင်လုံးဝ အကိုက်မခံ ရအောင် နေကြပါ”ဟု ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ပြောသည်။
ယနေ့ နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ပြုလုပ်သည့် ဇီကာဗိုင်းရပ်စ် အကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ဒေါက်တာ စိုးလွင်ငြိမ်းက မီဒီယာများကို အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည့် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ပတ်သက်ပြီး ဒေါက်တာ စိုးလွင်ငြိမ်းက “သူက မဖျားဘူး။ အနီစက်လေးတွေ ထွက်လာတော့ ဇီကာဖြစ်နေမလား ဆိုပြီး သူတို့လာပြတာ။ အဲဒါနဲ့ ရန်ကုန်က ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲခန်းမှာ စစ်လိုက်တော့ လင်မယား ၂ ယောက်မှာ အမျိုးသားက ရှင်းတယ်”ဟု ပြောသည်။
ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည့် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ ရန်ကုန်မြို့ရှိ ၎င်း၏နေအိမ်တွင် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ၏ စောင့်ကြည့်မှုဖြင့် ၂ ပတ် နေထိုင်ရမည်ဖြစ်ကြောင်း၊ ကူးစက်ခံရသူ အမျိုးသမီး နှင့် ခင်ပွန်းဖြစ်သူတို့သည် ကျန်းမာရေးဦးစီးဌာနနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆက်ပြော သည်။
“နိုင်ငံခြားသူက ဒီကိုယ်ဝန်က တတိယအကြိမ် ကြိုးစားထားတဲ့ကိုယ်ဝန် ဖြစ်တယ်။ ပထမနဲ့ ဒုတိယအကြိမ်မှာ မအောင်မြင် ခဲ့ဘူး။ သူတို့ အရမ်းလိုချင်နေတဲ့ ကိုယ်ဝန်ပါ။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးနေရတယ်။ အခုကိစ္စမှာ လည်း မိသားစုက သူတို့ကိုယ်တိုင် ကျနေ်ာတို့ကို သတင်းပို့တာပါ။ တခြားသူတွေ မပြန့်ပွားရအောင် သူတို့ ပူးပေါင်း ဆောင် ရွက်နေတယ်”ဟုလည်း ဒေါက်တာ စိုးလွင်ငြိမ်းက ဆိုသည်။
နိုင်ငံတကာကျန်းမာရေး ပြဌာန်းချက်များနှင့် ကာယကံရှင်များ၏ တောင်းဆိုချက်အရ ၎င်းတို့သည် မည့်သည့်နိုင်ငံသား ဖြစ်သည်နှင့် ရန်ကုန်မြို့ မည်သည့်နေရာတွင် နေထိုင်သည်ကို ပြောဆိုခွင့်မရှိကြောင်းနှင့် ထိုအခြေအနေများကြောင့် ရန်ကုန်မြို့ရှိ မြို့နယ်များအတွင်း ခြင်ကျားနှိမ်နင်းရေးကို အပြင်းအထန် ဆောင်ရွက်ရန် စီစဉ်နေကြောင်း ပြည်သူ့ ကျန်းမာ ရေး ဦးစီးဌာနက ထုတ်ပြန်သည်။
ထိုနိုင်ငံခြားသူ အမျိုးသမီးသည် လွန်ခဲ့သည့် ၁၄ ရက်က ဇီကာဗိုင်းစ်ရပ် ဖြစ်ပွားနေသည့် နိုင်ငံတခုသို့ ခရီးသွားခဲ့ကြောင်း၊ လေဆိပ်တွင် စောင့်ကြည့်စစ်ဆေးမှုများ ရှိသော်လည်း ဇီကာဗိုင်းစ်ရပ်သည် ၁၄ ရက်အတွင်း ရောဂါလက္ခဏာ မပြသဖြင့် အလွယ်တကူ မသိနိုင်ကြောင်း၊ ထိုနိုင်ငံခြားသူအမျိုးသမီး သွားရောက်ခဲ့သည့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်များသို့ လည်း ကျန်းမာရေး သတိပေးမှုများ လုပ်ဆောင်ထားကြောင်း ဒေါက်တာ စိုးလွင်ငြိမ်းက ပြောသည်။
ဇီကာဗိုင်းရပ်စ်ကြောင့် လူ့အသက် သေဆုံးနိုင်သည်အထိ ဆိုးကျိုးမရှိနိုင်သဖြင့် အလွန်အမင်း စိတ်ပူကြရန် မလိုကြောင်း၊ သေဆုံးသူများသည် ဇီကာဗိုင်းရပ်စ်အပြင် အခြားရောဂါ တမျိုးမျိုးကြောင့် သေဆုံးရခြင်းဖြစ်ကြောင်းလည်း ဒေါက်တာ စိုးလွင်ငြိမ်းက ရှင်းပြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုင်ငံခြားသူအမျိုးသမီး၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုကို တွေ့ရှိရကြောင်း အောက်တိုဘာလ ၂၆ ရက် ညပိုင်းတွင် အတည်ပြုနိုင်ခဲ့ပြီး ၂၇ ရက်တွင် တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
ဇီကာဗိုင်းရပ်စ်ပိုးအား သယ်ဆောင်သည့် အေးဒီးစ်ခြင်အမျိုးအစား ခြင်ကျားကိုက်ခြင်းကြောင့် ရောဂါကူးစက်ခံရခြင်း ဖြစ်သဖြင့် “ခြင်ကျား” နှိမ်နင်းရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး တာဝန်ရှိသူများက မီဒီယာများကို ပြောသည်။
“ခြင်ရှိတဲ့ နေရာတိုင်းမှာ ဇီကာရှိနိုင်တယ်။ ခြင်နဲ့ ပိုးလောက်လန်းကို အားသုံးပြီး နှိမ်နင်းရမယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ တအားကြီး မစိုးရိမ်ကြနဲ့။ တအိမ်ချင်း ခြင်ကျားနှိမ်နင်းရေး ဝိုင်းလုပ်ပေးကြပါ”ဟု ဒေါက်တာ စိုးလွင်ငြိမ်းက ပြော သည်။
ယခင်က ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသည့် နိုင်ငံ ၇၂ နိုင်ငံရှိရာ ယခုအခါ မြန်မာအပါအဝင် ၇၃ နိုင်ငံ ရှိလာပြီဖြစ်သည်။
ဇီကာဗိုင်းရပ်စ်ဖြစ်ပွားမှု စတင်တွေ့ရှိခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကပင် ဇီကာ နှိမ်နင်းရေး လုပ်ငန်း စီမံချက်များ ကျန်းမာရေးဝန်ကြီးဌာနက ရေးဆွဲထားခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။