လူပေါင်းများစွာ သေဆုံးခဲ့ရသည့် တိမ်းမှောက်ရေယာဉ် အောင်စိုးမိုးကျော် အမှတ် (၂) ကို မောင်းနှင်သူသည် ထွက်ပြေး တိမ်းရှောင်နေရာမှ ယနေ့တွင် ကနီမြို့နယ် ရဲစခန်း၌ လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။
ကနီမြို့နယ် ရဲစခန်းမှ ရဲမှူး တင်မောင်မြင့်က “သူ့ဘက်က အခုလိုမှောက်တာ သူ့မှာအပြစ်ရှိတယ်။ ရေယာဉ်မောင်းတာ ပေါ့ဆလို့ အခုလို ဖြစ်တာပါဆိုပြီး ဝန်ခံတယ်။ ပထမတုန်းက ထူပူကြောက်လန့်ပြီး ထွက်ပြေးတယ်လို့ ထင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
လာရောက် အဖမ်းခံသည့် ရေယာဉ်မောင်းသူ ဦးဇော်မျိုးဝင်းကို ယင်းမာပင် ရဲစခန်း၌ ချုပ်ရက် ရမန်ယူပြီး တရားရုံး တင်နိုင်ရန် ဆောင်ရွက်နေကြောင်း ရဲမှူး တင်မောင်မြင့်က ဆက်ပြောသည်။
အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုနှင့် ပတ်သက်ပြီး ရေယာဉ်လုပ်သား ဇော်ဇော်အောင်၊ အောင်ဆန်းဦးနှင့် မျိုးဝင်းတို့ကို ရေယာဉ်တိမ်းမှောက်ပြီးနောက် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီးကြောင်းနှင့် ထိုရေယာဉ်အား ရှယ်ယာတဝက် ပိုင်ဆိုင်သူ ဦးမြင့်ကျော်ကို တပါတည်း ဖမ်းဆီးထားကြောင်းလည်း ရဲမှူး တင်မောင်မြင့်က ပြောပြသည်။
“မြင့်ကျော်က ရှယ်ယာလည်းပါတယ်။ နောက်ပြီး အဲဒီရေယာဉ်မှာပဲ ဝင်လုပ်နေတယ်။ နောက် ရှယ်ယာတဝက်ပိုင်တဲ့ ဌေးဇော်က ရှောင်တိမ်းနေတယ်။ ဌေးဇော်ကိုလည်း မိမှာပါ။ အခုက မြင့်ကျော်က ဌေးဇော်ပိုင်တယ်၊ ဌေးဇော်က မြင့်ကျော် ပိုင်တယ်ဆိုပြီး တယောက်နဲ့တယောက် အငြင်းအခုံ ဖြစ်နေတယ်”ဟု ရဲမှူး တင်မောင်မြင့်က ပြောဆိုသည်။
၎င်းတို့အားလုံးကို ရာဇသတ်ကြီး ပုဒ်မ ၂၈၀ အရ ရေယာဉ်နစ်မြုပ်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) အရ ပေါ့လျော့မှု ကြောင့် အသက်သေဆုံးမှု၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၄ အရ အားပေးကူညီမှု စသည့် ပုဒ်မများဖြင့် အမှု ဖွင့်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်က အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်အသင်း (ပုဂ္ဂလိကပိုင်) မှ အောင်စိုးမိုးကျော် ရေယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်း ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အသက်ရှင်ကျန်သူ ၁၅၉ ဦး၊ သေဆုံး ၇၂ ဦး ရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။