ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စမ်းချောင်းနှင့်မင်္ဂလာတောင်ညွန့် မြို့နယ်များကို ခွေးရူးရောဂါ ကင်းစင်သည့်မြို့နယ် အဖြစ် ထပ်မံတိုးချဲ့ ဆောင်ရွက်သွားရန် ရှိသော်လည်း တတိုင်းလုံးအတွက်မူ ဘတ်ဂျက် အခက်အခဲ ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တိရစ္ဆာန် ဆေးကု နှင့် သားသတ်ရုံများ ဌာနမှ သိရသည်။
YCDC တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ရရှိသည့် ဆေးဝါးဘတ်ဂျက်ဖြင့် လမ်းမတော်မြို့နယ်အတွင်းရှိ ခွေးလေခွေးလွင့်များကို ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းနှင့် မျိုးပွားမှုထိန်းချုပ် ရေး ခွဲစိတ် ကုသမှုများကို သြဂုတ် ၄ ရက်မှ စတင် ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၁၉ ရက်တွင် အပြီးသတ် ဆောင် ရွက် နိုင်ခဲ့ကြောင်း YCDC တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာန လက်ထောက် ဌာနမှူး ဒေါက်တာ လှမေဦးက ဧရာဝတီကို ပြောသည်။
ဒေါက်တာ လှမေဦးက “ပြီးသွားတဲ့ လမ်းမတော်ကို ဗဟိုထားပြီး ဘေးတဖက်တချက်မှာ ရှိတဲ့ ပတ်ဝန်းကျင်မြို့နယ် တွေ ကို အမှန်က ဆက်ပြီးဖြန့်ကျက် ဆောင်ရွက်ရမှာပါ။ ဒါပေမယ့် ဆရာမတို့မှာ ဆေးဝါး အခြေအနေရ ဒီနှစ် အတွက် က နည်းသွားပြီဆိုတော့ ဆက်ပြီးလုပ်နိုင်ဖို့ဟာက အခြေအနေ တစုံတရာပေးလာတယ် ဆိုရင်တော့ ဆက်ပြီး ဆောင် ရွက်နိုင်မှာပါ။ လက်ရှိ အခြေအနေအရတော့ နိုင်ငံခြားပညာရှင်တွေလည်း လာရောက်ပြီး ဆရာမတို့နဲ့ သူတို့ရဲ့ Pilot project ကို စတင်ဆောင်ရွက် နေပြီဖြစ်ပါတယ်”ဟု ရှင်းပြသည်။
ဆက်လက်၍ ၎င်းက တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန အနေဖြင့် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ခြင်းနှင့် မျိုးဆက်ပွား လျှော့ချ ထိန်းချုပ်ခြင်းလုပ်ငန်းများကို ၂၀၁၄ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး ဌာန၏ ဘတ်ဂျက် အရ ၁ နှစ်လျှင် ခွေးအကောင်ရေ ၂၀၀ သာပြုလုပ်နိုင်သည့် အတွက် ရန်ကုန်မြို့ရှိ ခွေးလေခွေးလွင့် အရေအတွက်နှင့် နှိုင်းယှဉ်ပါက ထိရောက်မှု မရှိခဲ့ကြောင်းလည်း ပြောဆိုသည်။
ထိုသို့ပြုလုပ်ရာတွင် ခွေးတကောင်အတွက် ကုန်ကျစရိတ် ကျပ် ၁၂၀၀၀ မှ တသောင်းခွဲအထိ ကုန်ကျပြီး ၁နှစ် အတွက် အကောင်ရေ ၂၀၀ ကို ရန်ကုန်တိုင်း ဒေသကြီးရှိ ခရိုင် ၄ ခုတွင် ခရိုင် ၁ ခုလျှင် အကောင်ရေ ၅၀ နှုန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် များတွင် ခွေးရူးရောဂါ ကင်းစင်မြို့နယ်အဖြစ် ဆောင်ရွက်နိုင်ရေး အတွက် ကိုမူ ယခင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း ဒဲရစ်မစ်ချယ်လ် ၏ဇနီး Ms. Min Mitchell က YCDC ကော်မတီဝင် ဟောင်း (၈) ဒေါက်တာ အေးမင်းနှင့်၂၀၁၆ မတ် ၁၄ ရက်က နားလည်မှု စာချွန်လွှာ(MOU) လက်မှတ် ရေးထိုးခဲ့သည်ဟု ဒေါက်တာ လှမေဦးက ရှင်းပြသည်။
MOU ပါအချက်များအတိုင်း တဆင့်ပြီးတဆင့် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၆ ရက်နှင့် ၂၇ ရက်က ရန်ကုန် မြို့ ပြည်လမ်းမပေါ်ရှိ Jasmine Palace Hotel YCDC မှ တာဝန်ရှိသူများ၊ ဝါရှင်တန် ဒီစီ အခြေစိုက် Human Society International (HIS)၊ ထိုင်းနိုင်ငံ အခြေစိုက် Soi Dog Foundation (SDF)၊ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ (FAO)၊ World Organization for Animal Health (OIE) တို့မှ ပညာရှင်များ ပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲ တခု ကို ပြုလုပ်ခဲ့ ကြောင်း လည်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း(BFM)မှ ကမ ကထပြု စီစဉ် ပေးခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာ နယ်နမိတ်အတွင်း ခွေးရူးပြန်ရောဂါ အန္တရာယ် ကင်းစင်ပပျောက်ရေး အတွက်ကိုလည်း လိုအပ်သည့် ကဏ္ဍများတွင် ဆက်လက်ပံ့ပိုး ကူညီပေးသွားမည်ဟု ကမ္ဘောဇ ဘဏ်အုပ်စု အကြီးတန်း မန်နေးဂျင်း ဒါရိုက်တာ ဦးညိုမြင့်က ပြောသည်။
စေတနာ့ ဝန်ထမ်းအဖြစ် လိုက်ပါ ဆောင်ရွက်နေသည့် ဒေါက်တာ နန်းခင်မေဖူးက “ခွေးတွေကို သတ်ခြင်းအားဖြင့် ခွေးရူးရောဂါ မပပျောက်နိုင်ဘူး။ ခွေးရူး ကာကွယ်ဆေးထိုးမှသာ ကင်းစင်ပပျောက်မယ် ဆိုတာကို ပြည်သူလူထုကို အသိပညာပေးဖို့လို သလို တကယ်တမ်း အလုပ်လုပ်နေတဲ့ တိကု ဆရာဝန်လေးတွေကို နိုင်ငံခြားပို့ပြီး တကယ်လုပ်တဲ့ နေရာတွေ သွားလေ့လာဖို့၊ သင်တန်းတွေ သွားတက်ရောက်ဖို့ လိုအပ်တယ်။ ဒါတွေလုပ်ဖို့ဆိုရင် နိုင်ငံတော်ပံ့ပိုးမှု၊ နိုင်ငံ တကာ NGO တွေရဲ့ နည်းပညာပိုင်းဆိုင်ရာ ငွေကြေးပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ အများကြီးလိုပါတယ်”ဟု ပြောဆို သည်။
စမ်းချောင်းနှင့်မင်္ဂလာတောင်ညွန့် ၂ မြို့နယ်ကို အဆိပ်ချကင်းမဲ့ဇုန်အဖြစ် စက်တင်ဘာ ၁ ရက်မှစတင်ကာ သတ်မှတ် ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်မည့်အခါတွင်လည်း ခွေးရူးရောဂါ အန္တရာယ်ကို ကာကွယ်သောနည်းလမ်း တရပ်ဖြစ်သည့် ကမ္ဘာတဝန်းလုံးတွင် ကျင့်သုံးနေသော CNVR (Catch ဖမ်းခြင်း၊ Neuter သင်းကွပ်ခြင်း၊ Vaccination ကာကွယ် ဆေးထိုးခြင်း၊ Return ပြန်လွှတ်ပေးခြင်း) နည်းလမ်းတို့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် တနှစ်လျှင် လေလွင့်ခွေး ၂၀၀၀၀ ကျော် လျှော့ချနိုင်ခဲ့သော်လည်း လက်ရှိတွင် လေလွင့်ခွေး ၁ သိန်း ကျော် ရှိနေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ မှတ်တမ်းများတွင် ဖော်ပြပါရှိသည်။