ပဋိပက္ခ ဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်သို့ ကုလသမဂ္ဂ (UN)နှင့် နိုင်ငံတကာ သံတမန်များကို ဝင်ရောက်လေ့လာရန် အစိုးရက တရားဝင် ဖိတ်ခေါ်ထားပြီး ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ သတင်းထောက်များကို ပြောသည်။
UN ၏ ထုတ်ပြန်ချက်အရ ပဋိပက္ခ ဖြစ်ပွားသည့် နေရာများကို သွားရောက်ခွင့်ပေးရန် တောင်းဆိုထားမှုအရ အောက်တိုဘာလ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ကို ရခိုင်ဒေသသို့ သွားရောက်ရန် ဖိတ်ထားပြီး ဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကိုလည်း လူသားချင်း စာနာထောက်ထားမှု ရိက္ခာများ ဖြန့်ဝေရန် အောက်တိုဘာလ ၂၄၊ ၂၅ ရက်နေ့များတွင် ဝင်ရောက်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း သမ္မတရုံးက ပြောသည်။
“ပထမပိုင်းမှာတော့ နယ်မြေဒေသ လုံခြုံရေး အခြေအနေအရ မပေးသေးဘူး။ အခုတော့ ပေးထားပြီ”ဟု ဦးဇော်ဌေးက ပြောသည်။
ထို့ပြင် အနောက်နိုင်ငံများမှ သံတမန်များကိုလည်း လုံခြုံရေး အစောင့်အရှောက်ဖြင့် ဝင်ရောက်လေ့လာခွင့် ပြုမည်ဟု ကမ်းလှမ်းထား ကြောင်း၊ မြေပြင် အခြေအနေမှန်များကို သိရှိရန် ပဋိပက္ခဖြစ်ပွားရာ ဒေသသို့ လက်တွေ့ သွားရောက် ကြည့်ရှုရန် လိုအပ်ကြောင်း ဦးဇော်ဌေးက ပြောသည်။
ကုလသမဂ္ဂ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ပြောဆို ထုတ်ပြန်သည့် အချက်များတွင် အကြမ်းဖက်မှု ဖြစ်စဉ် အစတွင် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ရသည်ဆိုသော အချက်အလက်မျိုးကိုမူ ထည့်သွင်းပြောဆိုရန် ပျက်ကွက်ခဲ့သည်ဟု ဦးဇော်ဌေးက ပြောသည်။
ထို့ပြင် ရိုက်တာ သတင်းဌာနနှင့် မြန်မာတိုင်းမ် သတင်း ဂျာနယ်တို့၏ ရခိုင်ဖြစ်စဉ် ရေးသားမှုများနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီကနေတဆင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန် စဉ်းစားနေကြောင်း ဦးဇော်ဌေးက မီဒီယာများသို့ ပြောသည်။
ဦးရှင်ကျား ကျေးရွာသို့ အောက်တိုဘာလ ၁၉ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့စဉ်က ဒေသခံအမျိုးသမီး ၈ ဦးကို မုဒိန်းကျင့်သည်ဟု ရိုက်တာ သတင်းဌာနက ရေးသားထားသည်။
“ရိုက်တာ သတင်းထောက် ကျနော်ဆီ ဆက်တဲ့အချိန်မှာ လက်တွေ့မြေပြင်မှာ ရှိတဲ့ တပ်မတော်က Commander တွေ သူတို့ကို ကျနော်တို့ တိုက်ရိုက် ခေါ်တယ်။ ခေါ်ပြီးတော့ ကျနော် စပီကာ ဖွင့်ပြီးတော့ ဟိုဘက်နဲ့ တိုက်ရိုက် အမေးအဖြေ လုပ်ပြီးတော့ ဖြစ်စဉ်ကို ပြောပြတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
ဦးဇော်ဌေးက ရပ်ရွာအတွင်းရှိ တာဝန်ရှိသူများနှင့်အတူ သတင်းအရ တအိမ်တက်တအိမ်ဆင်း ရှာဖွေခဲ့ခြင်းသာ ဖြစ်ကြောင်းနှင့် အိမ်ခြေ ၈၀၀ ကျော်ရှိသည့် ရွာကြီးအတွင်း ထိုသို့ ကျူးလွန်သည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း၊ အကယ်၍ ထိုသို့ကျူးလွန်ခဲ့လျှင်လည်း စုံစမ်းစစ်ဆေးပြီး အရေးယူမည်ဖြစ်ကြောင်း ဆိုသည်။
ရခိုင်ပြည်နယ် မောင်တော တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍လည်း စုံစမ်းစစ်ဆေးရေး အဖွဲ့တခုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုတွင်လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်ဆိုင်ရာ နိုင်ငံ ခေါင်းဆောင်များကို တယ်လီဖုန်းဖြင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း ဦးဇော်ဌေးက ပြောသည်။
“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆိုရင် သက်ဆိုင်ရာ နိုင်ငံတွေက ခေါင်းဆောင်တွေဆီကို တိုက်ရိုက် ဖုန်းဆက် တယ်။ ဘင်္ဂလားဒေ့ရှ်ကို မကြာခဏ ဖုန်းဆက်ပြီး ပြောတယ်။ အိန္ဒိယနဲ့လည်း ဖုန်းဆက်တယ်။ အရှေ့အလယ်ပိုင်း နိုင်ငံတွေဆီကိုလည်း ဖုန်းဆက်ပြောတယ်။ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အမေရိကန် အပါအဝင် တခြားနိုင်ငံတွေနဲ့ သတင်းအချက်အလက် ဖလှယ်တာတွေလည်း လုပ်ဆောင်နေပါတယ်”ဟု ဦးဇော်ဌေးက ပြောဆိုခဲ့သည်။