မီးမောင်းထိုးတင်ပြချက်
တကမ္ဘာလုံးတွင် လှူဒါန်းပေးကမ်းမှု တိုးပွားလာသည်ဟု ကမ္ဘာရက်ရောမှု အညွှန်းကိန်း ၂၀၁၆ World Generosity Index 2016 က ဆိုသည်။ G 20 နိုင်ငံများအနက် ၅ နိုင်ငံသာ ထိုအညွန်းကိန်း၏ ထိပ်ဆုံး ၂၀ တွင် ပါဝင်သည်။ ရက်ရောမှုနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံကို ယှဉ်နိုင်သောနိုင်ငံ အနည်းငယ်သာ ရှိသည်။
မြန်မာနိုင်ငံသည် ၃ နှစ်ဆက်တိုက် လှူဒါန်းမှု အကူအညီဖောင်ဒေးရှင်း၏ ကမ္ဘာ့လှူဒါန်းပေးကမ်းမှု အညွှန်းကိန်း Charities Aid Foundation World Giving Index တွင် ထိပ်ဆုံး၌ ရှိနေသည်။ ထိုအညွှန်းကိန်းသည် လွန်ခဲ့သော လများအတွင်းက နိုင်ငံ တနိုင်ငံစီမှ ငွေလှူဒါန်းသော အလှူရှင်၊ စေတနာ့ဝန်ထမ်းနှင့် မိမိနှင့် မသိသူကို ကူညီသူ ရာခိုင်နှုန်းကို ပျမ်းမျှတွက်ယူထားသော အညွှန်းကိန်း ဖြစ်သည်။
ဤ အရှေ့တောင်အာရှနိုင်ငံ တခုဖြစ်သည့် မြန်မာနိုင်ငံသည် တကြိမ်ထပ်ပြီး အမေရိကန်ပြည်ထောင်စု၏ အထက်တွင် ရှိနေပြန် သည်။ အမေရိကန်နိုင်ငံမှာ ဒုတိယနေရာတွင်သာ ရှိနေပြီး ၂၀၁၄ ခုနှစ်ကမူ မြန်မာနှင့် အမေရိကန်တို့ ပူးတွဲ ပထမ ရခဲ့ကြသည်။
ထိုသုတေသန၏ အဆိုအရ မြန်မာနိုင်ငံတွင် နေထိုင်သူများ၏ ၉၁ ရာခိုင်နှုန်းသည် လွန်ခဲ့သော နှစ်အတွင်း အလှူဒါနအဖွဲ့များသို့ ငွေလှူခဲ့ကြသည်။ မိမိနှင့် မသိသူကို ကူညီသည်ဟု ၆၂ ရာခိုင်နှုန်းက ပြောသည်။ ၅၅ ရာခိုင်နှုန်းက စေတနာ့ဝန်ထမ်း လုပ်ခဲ့သည် ဟု ဆိုသည်။
“ကျနော်တို့ရဲ့ အညွှန်းကိန်းက နိုင်ငံတွေကို ငွေလှူတဲ့သူ အချိုးအစားနဲ့ တိုင်းတာတာပါ။ ဘယ်လောက်လှူလဲ ဆိုတာနဲ့ တိုင်းတာ မဟုတ်ဘူး ဆိုတာလည်း သိထားဖို့ အရေးကြီးပါတယ်” ဟု CAF Media မှ ဒါရိုက်တာ Simon Ward က CNN သို့ပြောသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၅၆ သန်းခန့်သည် အမေရိကန်လူဦးရေ၏ ၅ ပုံတပုံပင် မရှိပေ။
“သဘာဝဘေးအန္တရာယ်တွေ၊ ဘေးဒုက္ခတွေဟာ လှူဒါန်းသူအရေ အတွက် တိုးစေတဲ့ သဘော ရှိပါတယ်” ဟုလည်း သူက ဆက်ပြောသည်။ မြန်မာသည် ၂၀၁၅ ခုနှစ်တွင် ဆိုးရွားသောရေလွှမ်းမိုးမှုခံခဲ့ရသည်။
၎င်းတို့၏ စစ်တမ်းတွင် မြန်မာနိုင်ငံသည် စဉ်ဆက်မပြတ် ရလဒ်ကောင်းများ ရပြီး ထိုအချက်မှာ ပြည်သူများ၏ ယဉ်ကျေးမှုနှင့် ဘာသာရေး ယုံကြည်မှုတို့နှင့် ဆက်စပ်နေနိုင်သည် ဟု CAF အဖွဲ့က ပြောသည်။ မြန်မာနိုင်ငံမှ အများအပြားမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး အနည်းငယ်စီ မကြာခဏ လှူဒါန်းသည်မှာ ထုံးစံဖြစ်သည်။
“ဆင်းရဲတဲ့ နိုင်ငံတခုဟာ သူ့ရဲ့ လှူဒါန်းမှုက တဆင့်၊ ရယူခြင်း မဟုတ်ဘဲ ပေးကမ်းခြင်းက တဆင့် ဘယ်လို ချမ်းသာနိုင်တယ် ဆိုတာ ဒီစစ်တမ်းရဲ့ ရလဒ်တွေက ပြနေပါတယ်” ဟု သမ္မတ၏ စီးပွားရေးအကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က ဤအစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ပြောသည်။
ဂျီ ၂၀ မှ ၅ နိုင်ငံသာ ထိပ်ဆုံးတွင်ပါဝင်
တနှစ်တာ အတွင်း ပိုမို များပြားလာသော လှူဒါန်းသူများ၊ ပိုမို များပြားသော ကူညီပေးမှု ရှိလာနေသည့် အမေရိကန်သည် ကမ္ဘာ့ အကြီးမားဆုံး စီးပွားရေး အုပ်စုဖြစ်သည့် ဂျီ ၂၀ အဖွဲ့မှ နိုင်ငံတနိုင်ငံ ဖြစ်သလို လှူဒါန်းမှု ထိပ်တန်းစာရင်ဝင်နိုင်ငံ ၂၀ တွင် ပါဝင်သော ၅ နိုင်ငံအနက်မှ တနိုင်ငံ ဖြစ်သည်။
၎င်းသည် တတိယ သြစတေးလျ၊ စတုတ္ထ နယူးဇီလန်နှင့် ပဉ္စမ ကနေဒါတို့အထက်တွင် ရှိနေသည်။
အီရတ်နိုင်ငံသည် ပြည်တွင်းစစ် ဖြစ်နေစေကာမူ တစိမ်းတရံကို ကူညီသော နိုင်ငံများတွင် ထိပ်ဆုံးမှာ ရှိနေပြီး တချိန်တည်းမှာပင် အာဖရိကတိုက် တခုလုံးမှာ ယခင်နှစ်မှ စ၍ လှူဒါန်းမှု အတိုးတက်ဆုံး အဖြစ် မှတ်တမ်းတင်ခံရသည်။
“ဒီအစီရင်ခံစာရဲ့ စိတ်ဝင်စားစရာ တွေ့ရှိချက်တွေထဲက တခုကတော့ လှူဒါန်းမှု တိုးတိုးလာတဲ့ နိုင်ငံတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ဖြစ်တာပဲ” ဟု Ward က ပြောသည်။
ကမ္ဘာတဝှန်းတွင် လှူဒါန်းလိုစိတ် တိုးလာသော်လည်း လေ့လာခဲ့သည့် နိုင်ငံပေါင်း ၁၄၀ ရှိ ပြည်သူများ၏ ထက်ဝက်ကျော်က ၎င်းတို့သည် သူတပါးကို ကူညီပေးကြပြီး ကမ္ဘာတဝှန်း ငွေလှူဒါန်းမှုမှာလည်း တိုးတက်လာသည်ဟု CAF ၏ စစ်တမ်းတွင် တွေ့ရှိသည်။
မြန်မာနိုင်ငံ ဒလတွင် သောက်သုံးရေ လှူရန် ပြင်ဆင်နေသော စေတနာ့ဝန်ထမ်းများ
“သဘာဝဘေးတွေ၊ စစ်မီးတွေ ခံစားနေရတဲ့ နိုင်ငံတွေမှာ တောင်မှ ပြည်သူတွေရဲ့ လှူချင် တန်းချင်စိတ်ဟာ တကယ့်ကို လေးစားစရာပါ။ လူတွေဟာ ကြွယ်ဝချမ်းသာ လာလေလေ၊ စီပွားရေး ခိုင်မာလာလေလေ ကျနော်တို့ဟာ ကမ္ဘာတဝှန်း လှူဒါန်းတဲ့ ယဉ်ကျေးမှု တည်ဆောက်ဖို့ ပိုပြီး အခွင့်အလမ်း များလေလေပါပဲ” ဟု CAF ဒါရိုက်တာ John Low က ကြေညာချက်တခုတွင် ဖော်ပြသည်။
တာ့ခ်မင်နစ္စတန်နှင့် ကိုဆိုဗိုတို့မှာ စုစုပေါင်း ရမှတ် အတိုးတက်ဆုံး စာရင်းဝင်ကြပြီး အဆင့်မှာ ၅၆ သို့ တက်လာကြသည်။
CNN တွင် ဖော်ပြထားသော Karla Pequenino ၏ Myanmar again named world’s most generous country ကို ဘာသာပြန်ဆိုသည်။