သတင်း

ငြိမ်းချမ်းရေး ညီလာခံတွင် အားလုံး ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် လာမည့်နှစ် ဖေဖော်ဝါရီလတွင် ပြန်လည် ကျင်းပရန် ပြင်ဆင်နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု) ပင်လုံသို့ တက်ရောက်ပြီး အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ယမန်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခြင်း ဖြစ်သည်။

“ကျမတို့ နိုင်ငံဟာ အချိန်ဆွဲလို့ မရပါဘူး။ ၁၀ စုနှစ်နဲ့ ချီပြီး ငြိမ်းချမ်းရေးကို ငတ်မွတ်နေခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒါကြောင့် ဝင်လာပြီး တော့ ငြိမ်းချမ်းရေး ညီလာခံထဲမှာ ဆွေးနွေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ငြိမ်းချမ်းရေး ညီလာခံ ပြင်ပကနေပြီးတော့ အချိန်မဆွဲပါနဲ့။ အားလုံး ပါဝင်ကြပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NCA လက်မှတ် မထိုးရသေးသည့် အစုအဖွဲ့များကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာရန် စိတ်အားထက်သန်မှု လိုကြောင်း၊ ပဋိပက္ခ ရပ်စဲနိုင်ရေးအတွက် ငြိမ်းချမ်းရေး တလမ်းသာရှိပြီး အခြားနည်းလမ်း မရှိကြောင်း၊ ငြိမ်းချမ်းရေး ညီလာခံ ပြင်ပမှ အချိန်မဆွဲရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ဒီလိုပြောခြင်းအားဖြင့် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေရဲ့ အနေအထားကို နားလည်မှု မပေးတာ မဟုတ်ပါဘူး။ နားလည်မှု ပေးပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်ကလည်း ပြန်ပြီး နားလည်မှု ပေးစေချင်ပါတယ်။ အချိန်ဆိုတာ အကန့်အသတ်နဲ့ ရှိပါတယ်။ ကြားဖူး ကြပါလိမ့်မယ်။ အချိန်နဲ့ ဒီရေဟာ လူကို မစောင့်ဘူးဆိုတာ။ အချိန်ဆိုတာ ကုန်နေတာပဲ။ ဒီအချိန်တွေကို မှန်မှန်ကန်ကန် သုံးစွဲဖို့ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အပစ်မရပ်ရသေးသည့် UNFC ကလည်း NCA လက်မှတ် ရေးထိုးနိုင်ရန် အစိုးရသို့ အချက် ၈ ခု တောင်းဆိုထားရာ တဝက် သဘောတူညီမှု ရရှိနေပြီ ဖြစ်သော်လည်း ဆက်လက် ညှိနှိုင်းဆွေးနွေးရန် အချိန်ယူရဦးမည့် အနေအထားတွင် ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ၄င်းတို့အဖွဲ့အနေဖြင့် NCA ကို လက်မှတ်ရေးထိုး၍ ငြိမ်းချမ်းရေး ညီလာခံသို့ ပါဝင်လာရန် မျှော်လင့်နေပြီး ယင်းမျှော်လင့်ချက်ကို အားလုံးက ဝိုင်းဝန်း အကောင်အထည်ဖော်၍ အစိုးရကလည်း ကြိုးစားမည်ဟု ပြောသည်။

“ဒါကြောင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ် မထိုးရသေးတဲ့ အစုအဖွဲ့များ ပါဝင်လာနိုင်အောင်လို့ ဘယ်လို လုပ်ရမလဲဆိုတဲ့ နည်းတွေကိုလည်း ကျမတို့ ရှာရပါလိမ့်မယ်။ ဒီစားပွဲမှာရှိနေတဲ့ ပုဂ္ဂိုလ်အားလုံးဟာ ကြိုးပမ်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

UPDJC တွင် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်သည်။

Loading