သတင်း

အင်းကြီးရွာလယ်ချောင်းတောင်ကျရေကြောင့် ကျောင်းသားများအခက်အခဲဖြစ်

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်၊အင်းကြီးရွာတွင် တောင်ကျချောင်းရေကျချိန်ရွာအတွင်းရှိချောင်းရေလျှံကာရေစီးသန်လာပြီးကျောင်းသား ၁၈၀ ကျော်မှာကျောင်းတက်ရန် အခက်အခဲဖြစ်ကြသည်ဟုသတင်းရရှိသည်။

အဆိုပါချောင်းသည် အင်းကြီးအရှေ့ရွာနှင့်အနောက်ရွာကိုခြားထားသည့် ချောင်းဖြစ်ပြီးအဆိုပါချောင်းကိုရွာလယ်ချောင်းဟုခေါ်ကြောင်း၊ ကျောင်းသားများကျောင်းတက်ရာတွင် ချောင်းကို ဖြတ်ပြီးနေစဉ်သွားရကြောင်းဒေသခံများကပြောသည်။

“မိုးသည်းရင်တော့အနောက်ရွာကကလေးတွေကပေ၂ဝဝရှိတဲ့ချောင်းကို ဖြတ်ပြီးကျောင်းလာရတယ်။၁ဝနှစ်အောက်ကလေးအတွက်ကတော့အန္တရာယ်များတယ်။ကလေးတွေကိုကျောင်းသားကြီးတွေကကျောပိုးပို့ပေးတယ်။တခါတလေရေထဲလဲကျသွားတာတွေရှိတယ်။လဲကျရင်သူတို့ကျောင်းစာအုပ်တွေရေစိုတယ်”ဟုအင်းကြီးရွာအလယ်တန်းကျောင်း(ခွဲ) မှကျောင်းဆရာဦးစိုးဝေဟန်ကဆိုသည်။

ကျောင်းကိုသွားရန် ရွာလယ်ချောင်းကို ဖြတ်သန်းသွားရန်မှ တပါးတခြားလမ်းမရှိဟုဒေသခံများထံသိရသည်။

တောင်ကျချောင်းရေစီးလာပါကအင်းကြီးရွာနောက်မှ ကျောင်းသားများအတွက် ကျောင်းလာတက်ရန် အခက်အခဲဖြစ်ပြီး၊ ရေစီးချိန် ချောင်းဖြတ်ပြီးကျောင်းလာရသည့်အတွက်လည်း အန္တရာယ်များ ကြုံနိုင်ကြောင်းဦးစိုးဝေဟန် ကပြောသည်။

အင်းကြီးရွာအလယ်ရှိချောင်းသည် နှစ်စဉ် တောင်ကျချောင်းရေကျသည့်အချိန် ကျောင်းသားများဒေသခံများသွားလာရလွယ်ကူအောင် တံတားတစင်းတည်ဆောက်ပေးစေလိုကြောင်း၊ တချို့ မိုးသည်ထန် ရွာသည့် ရက်များတွင် အနောက်ရွာမှကျောင်းသားများကျောင်းလာမတက်နိုင်သဖြင့်ကျောင်းပိတ်ပေးရကြောင်းလည်းဆရာဦးစိုးဝေဟန် က ပြောသည်။

၎င်းက ဆက်လက်၍ “ကျနော်ဖြစ်စေချင်တာကတော့ လူကူးတံတားသစ်သားတံတားလေးတခုရချင်တယ်။ ရွာကလည်းမတတ်နိုင်ဘူး။ရွာကလူတွေကတော့ သိပ်ပြီးတော့ ပြဿနာအကြီးအကျယ်လို့မမြင်ဘူး။ ဘာမှမဖြစ်သေးလို့၊ ဖြစ်ရင် ကလေးတွေ ပါ မသွားဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး” ဟုပြောသည်။

အင်းကြီးရွာလယ်ရှိချောင်းတွင် တံတားတစင်းဆောက်လုပ်နိုင်ရန် အတွက် လွှတ်တော်တွင် တင်ပြရန် စီစဉ်နေကြောင်း၊ နိုင်ငံတော် ဘဏ္ဍရေးကို ကြည့်ကာဆောင်ရွက်သွားမည် ဖြစ်ကြောင်းရေဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးကဧရာဝတီသို့ပြောသည်။

“ဒီချောင်းကမိုးရွာရင်တော့ရေရှိတယ်။ မိုးမရွာရင်ရေမရှိဘူး။ အချိန်ပိုင်းနဲ့ စီးတာဆိုတော့ နိုင်ငံတော် ဘတ်ဂျက်နဲ့ ဘယ်လိုလုပ်ရင်ကောင်းလဲဆိုတာစဉ်းစားနေတယ်။တံတားမထိုးနိုင်ရင်တောင် ကွန်ကရစ် ပုံစံမျိုးနဲ့ လုပ်ဖို့ ရေကျော်ပုံစံနဲ့ ဖြတ်သွားနိုင်ဖို့ စီစဉ်ထားပါတယ်” ဟုဦးမြင့်ထွေး က ဆိုသည်။

အင်းကြီးရွာသည် ရေဦးမြို့နှင့် မိုင် ၂၅မိုင်ခန့်သာကွာဝေးသည့်နေရာတခုဖြစ်ပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်နေရာတခုဖြစ်သည်။

ဧရာဝတီတိုင်းတောင်တွင်းကြီးမြို့နယ်တွင် စက်တင်ဘာလ၌ အသက် ၂၅နှစ်အရွယ် ကျောင်းဆရာမတဦးတောင်ကျချောင်းရေကြောင့် အသက်သေဆုံးခဲ့ကြောင်းသိရသည်။

Loading