ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ( ၂၁ရာစု) ပင်လုံ၌ဆုံးဖြတ်ခဲ့သည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရန် လုပ်ငန်း လမ်းညွှန်ချက်များရေးဆွဲခြင်း၊ ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်းခြင်းတို့ကို မနေ့က နေပြည်တော် တွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့သည်။
ယင်းအစည်းအဝေးတွင် ဆုံးဖြတ်ချက် ၉ ချက်၊ မှတ်တမ်းတင်မှု ၈ ချက် ပြုလုပ်ခဲ့ပြီး အရေးကြီးဆုံး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် လုပ်ငန်းလမ်းညွှန်ရေးဆွဲခြင်း၊ ယင်း နိုင်ငံရေးဆွေးနွေးပွဲများ ဦးဆောင်ကျင်းပမည့် ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်းရန် သဘော တူညီခဲ့ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းက မီဒီယာများသို့ ပြောသည်။
“NCA လက်မှတ် ရေးထိုးထားတဲ့နယ်မြေတွေမှာ အဆင်သင့်ဖြစ်တဲ့နေရာတွေမှာ စပြီးတော့ ကျင်းပနိုင်ဖို့ဆိုတာကို ဆုံးဖြတ် နိုင်ခဲ့တယ်။ နောက်ပြီးတော့ UPDJC စုပေါင်းရုံး ဖွဲ့စည်းဖို့ကိုလည်း မူအားဖြင့် သဘောတူထားတယ်”ဟု သူက ပြောသည်။
လူမျိုး၊ ဒေသနှင့် အကြောင်းအရာအလိုက် ပြုလုပ်နိုင်သော အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများကို အပစ်ခတ်ရပ်စဲ ရေး စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား နယ်မြေ များတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲများက ဦးဆောင် ကျင်းပနိုင်ပြီး ယင်းဆွေးနွေးပွဲများကို ကြီးကြပ်မည့် ကြီးကြပ်ရေး ကော်မတီကိုလည်း ၃ ပွင့်ဆိုင် ဖွဲ့စည်းရန် သဘောတူထားကြောင်း သိရသည်။
“ကြီးကြပ်ရေး ကော်မတီကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတိုင်းမှာ အဖွဲ့ဝင် ၉ ဦးနဲ့ တဖွဲ့က ၃ ဦးစီ ပါဝင်ပြီးတော့ ဖွဲ့စည်းရမှာ ဖြစ်တယ်။ အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်က တအုပ်စု ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက အုပ်စုတခုနဲ့ နိုင်ငံ ရေး ပါတီများက အုပ်စုတခု ဖြစ်ပြီး အားလုံး ပေါင်းပြီးလုပ်မှာ ဖြစ်ပါတယ်”ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းက ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေနှင့် ကရင်ပြည်နယ်တွင် နိုင်ငံရေး ဆွေးနွေးပွဲ များ စတင်နိုင်ရန် အဆင့်သင့်ရှိနေပြီး နိုဝင်ဘာလထဲတွင် စတင်နိုင်ရန် အသေးစိတ် ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားမည်ဟု KNU မှ ဖဒိုစောကွယ်ထူးဝင်းက မီဒီယာများသို့ ပြောသည်။
အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလားသည့် ရလဒ်များကို UPDJC လုပ်ငန်း ကော်မတီ သို့ တင်ပြခြင်း၊ လုပ်ငန်း ကော်မတီမှ တဆင့် UPDJC သို့ တင်ပြခြင်း၊ UPDJC မှ ၂၁ ရာစု ပင်လုံ ညီလာခံကို တင်ပြ၍ နိုင်ငံရေး ဆွေးနွေးမည့် ပုံစံကို အားလုံးက သဘောတူခဲ့ကြောင်း သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးကလည်း ပြောသည်။
သို့သော် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေး သည့် နယ်မြေများတွင် စတင်နိုင်သေးမည် မဟုတ်ဘဲ ယင်းဒေသများတွင် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းသည့် လက်တွေ့အခြေအနေနှင့် ကိုက်ညီမှု မရှိနိုင်သဖြင့် ယင်းဒေသရှိ လက်နက်ကိုင် အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာစေရန် ကြိုးစား သွားမည်ဟု UPDJC အစည်းအဝေးသို့ တက်ရောက်လာသူများက ပြောသည်။
သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးက “NCA လက်မှတ် မထိုးရသေးတဲ့ ဒေသတွေမှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပဖို့ဆိုတာက နည်းနည်းစဉ်းစားစရာ ဖြစ်နေတယ်”ဟု ပြောသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်စဉ်မှာ NCA လက်မှတ်မထိုးရသေးသော အဖွဲ့များလည်း ပါဝင်ရန် လိုအပ်ပြီး ၎င်းတို့ မပါဘဲ တချို့တဝက်တည်းနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်၍ ငြိမ်းချမ်းရေး တည်ဆောက်မည် ဆိုပါက တနိုင်ငံလုံးတွင် ငြိမ်းချမ်းရေး ရမည် မဟုတ် ကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းက ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို စမ်းသပ်သည့် အနေဖြင့် နိုဝင်ဘာလထဲတွင် စတင်ကျင်းပလိုကြောင်း၊ ထိုသို့ စတင်နိုင်မှသာ မည်သို့သော အခက်အခဲများ တွေ့ကြုံနိုင်သည်ကို ရှာဖွေ နိုင်လိမ့်မည် ဖြစ်ကြောင်း UPDJC အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။
“ဒီလိုစမ်းသပ်ပွဲလေးတွေ လုပ်ပြီးတော့မှ အဲဒီကနေတဆင့် ထပ်ပြီးတော့ သွားဖို့ကို စဉ်းစားချင် ပါတယ်။ ကျမစောစောက ပြောတဲ့ အတိုင်းပဲ ကျမတို့ကြားထဲမှာ ပိုပြီးတော့ ဆက်ဆံမှုနီးကပ်ဖို့ လိုတယ်။ အမြဲမပြတ် အမြဲတစေ ဆွေးနွေးနေဖို့လိုပါ တယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။
ယခုကဲ့သို့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရာတွင် တခြားနိုင်ငံများ၏ အတွေ့အကြုံ များကို လေ့လာ၍ Camp သွင်းသည့် ပုံစံမျိုးနှင့် တွေ့သင့်တွေ့ထိုက်သူများ တနေရာထဲတွင် တပတ်၊ ၂ ပတ်ခန့် အချိန်ပြည်နေ၍ တွေ့ဆုံ ဆွေးနွေးသည့် ပုံစံမျိုးဖြင့်လည်း ပြုလုပ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သူက “ဒီလိုတွေ့ပြီး ဆွေးနွေးတဲ့အခါမှာ တဦးနဲ့တဦး တတ်နိုင်သလောက် ပုဂ္ဂိုလ်ရေး ခင်မင်မှုလည်း ရလာတယ်။ စားပွဲ ဝိုင်းမှာ ထိုင်ပြီးတော့ ပြောလို့မရတဲ့အခါ လုပ်လို့ မရတဲ့ ကိစ္စတွေကို ထမင်းစား
ရင်းနဲ့ ခြံထဲမှာ လမ်းလျှောက်ရင်းနဲ့ တယောက်နဲ့တယောက် နားလည်မှု ယူနိုင်တဲ့နည်းနဲ့လည်း လုပ်လို့ရပါတယ်”ဟု ဆိုသည်။
ထို့ပြင် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေး ပါတီတို့ဖြင့် ၃ ပွင့်ဆိုင် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်း ရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ကိုလည်း ရုံးတခု အဖြစ် နေပြည်တော်တွင် ဖွဲ့စည်းရန်ပြင်ဆင်လျက်ရှိပြီး၊ ယင်း အဖွဲ့သည် နိုင်ငံရေးဆွေးနွေးမှုများတွင် ပါဝင်ဆောင်ရွက်မည် မဟုတ်ဘဲ အုပ်ချုပ်ထောက်ပံ့ဆိုင်ရာ ရုံးလုပ်ငန်းများ ဆောင် ရွက်မည့် ရုံးအဖွဲ့တခု ဖြစ်လာမည် ဖြစ်ကြောင်း သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
“UPDJC ရုံးကို နေပြည်တော်မှာ အခြေစိုက်မယ်။ အားကစားရွာမှာ NRPC အဆောက်အဦတွေ ရှိတယ်။ အဲဒီမှာ ထားမယ်။ ရုံးအဖွဲ့ဘယ်လိုဖွဲ့စည်းမလဲ၊ ဝန်ထမ်းတွေ ဘယ်လိုခန့်မလဲဆိုတဲ့ Structure ကို ကျနော်တို့ အောက်မှာ ပြန်ဆွေးနွေးပြီး တော့ UPDJC တင်ပြပြီးတော့ ဝန်ထမ်းတွေ ခန့်သွားမယ်”ဟု သမ္မတရုံး ဒုညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။