လူသိများသော Lonely Planet ခရီးသွားလမ်းညွှန်မှ ဖော်ပြချက်အရ ၂၀၁၇ ခုနှစ်၏ သွားရောက်လည်ပတ်သင့်သော ထိပ်တန်း ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်သည်။
၂၀၁၇ ခုနှစ်၏ သွားရောက်လည်ပတ်သင့်သော ထိပ်တန်း ၁၀နိုင်ငံတွင် မြန်မာနိုင်ငံက ၉ နိုင်ငံမြောက် စာရင်းဝင်ခဲ့သည်။
၂၀၁၇ ခုနှစ်၏ သွားရောက်လည်ပတ်သင့်သော အကောင်းဆုံးနိုင်ငံအဖြစ် ကနေဒါက စာရင်းဝင်ခဲ့ပြီး သူ့နောက်တွင် ကမ္ဘောဒီးယား၊ ဖင်လန်၊ ဒိုမေနီကန်၊ နီပေါ၊ ဘာမြူဒါ၊ မွန်ဂိုလီးယားနှင့် အိုမန်တို့ ရှိပြီး အီသီယိုးပီးယားနိုင်ငံက နံပါတ် ၁၀ ဖြင့် မြန်မာနိုင်ငံ၏ နောက်တွင် တည်ရှိပါသည်။
Lonely Planet က “ရာစုနှစ်ဝက်အတွင်း ပထမဆုံး အရပ်သား အစိုးရ ရွေးကောက်ခံခဲ့သော မြန်မာနိုင်ငံကို အားလုံးက စောင့်ကြည့်နေကြသည် … အရှေ့တောင်အာရှ၏ လျှို့ဝှက်ဆုံး နိုင်ငံသည် ခရီးသွား အများအပြား လာရောက် လည်ပတ်ရန် အဆင်သင့် ဖြစ်နေပါပြီ”ဟု ဖော်ပြခဲ့သည်။
ရာစုနှစ်ဝက်ကျော် စစ်အာဏာရှင် အုပ်ချုပ်ခံခဲ့ရသော မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကင်းကွာခဲ့ပြီး အာရှ၏ အလားအလာအကောင်းဆုံး နိုင်ငံအဖြစ်မှ ဒေသအတွင်း အဆင်းရဲဆုံးနိုင်ငံ တနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။
မတ်လ အတွင်းက မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်သည့် အစိုးရ အာဏာရရှိလာခဲ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍ တိုးတက်မြင့်မားလာမည်ဟုလည်း မျှော်လင့်ရပါသည်။
အရပ်သား တပိုင်း အစိုးရ စတင် အာဏာရရှိခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုတိုးတက်လာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ခရီးသည် ၈၀၀၀၀၀ လာရောက်ခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၄.၆၈ သန်း လာရောက်ခဲ့သည်ဟု တရားဝင် ထုတ်ပြန်ကြေညာချက်များ အရသိရသည်။
၂၀၁၆ ခုနှစ်တွင် ခရီးသည် ၆ သန်းလာရောက်ရန် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာနမှ ခန့်မှန်းထားသည်ဟု လည်း သိရသည်။
“မြန်မာနိုင်ငံကို လာရောက်လည်ပတ်ရတဲ့ နေရာမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ခရီးသွားရာမှာ အခက်အခဲတွေ ရှိနေ တဲ့နေရာဖြစ်နေပေမယ့် အဲ့ဒါကိုကလည်း ဆွဲဆောင်မှုတခု ဖြစ်နေပါတယ်။ စည်းချက်ညီညီကြားနေရတဲ့ ဘုန်းတော်ကြီး တွေရဲ့တရားသံတွေနဲ့ ဘုန်းကြီးကျောင်းက ခေါင်းလောင်းထိုးသံတွေ ကြားမှာလှုပ်ရှား သွားလာနေကြတဲ့ နေရာလည်း ဖြစ်ပါတယ်” ဟု Lonely Planet က သူတို့၏ website တွင် ဖော်ပြထားသည်။
မြန်မာ့ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး ကော်မတီ ဥက္ကဌ မမေမြတ်မွန်ဝင်းက ခရီးသွားများကို ဆွဲဆောင်နိုင်သည့် လှပသော၊ ထူးခြားသောနေရာ အမြောက် အများရှိကြောင်း သို့သော်လည်း အချို့နေရာများသည် အခြေခံ အဆောက် အဦး အားနည်းမှုကြောင့် သွားလိုသည့် ခရီးသည်များ သွားရောက်နိုင်ခြင်း မရှိကြောင်းပြောသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသည်များ အဓိကသွားရောက်ကြသည့် နေရာများမှာ ပုဂံ၊ မန္တလေး၊ အင်းလေးကန် နှင့် ရန် ကုန်တို့ ဖြစ်ကြောင်း၊ ထိုနေရာများသည် ယခုအချိန်အထိ လူကြိုက်များသည့် နေရာများ ဖြစ်နေသလို တိုးလာသည့် မြစ်တွင်းစီးသင်္ဘောများနှင့်ခရီးသွားခြင်းကလည်း လာမည့်နှစ်တွင် လူကြိုက်များလာနိုင်သည်ဟု သူကပြောသည်။
“ဒီဒေသတွင်းမှာ ကျမတို့က ခရီးသွားလုပ်ငန်းထဲကို နောက်ဆုံးမှ ဝင်ရောက်လာတာဖြစ်တဲ့ အတွက် အိမ်နီးချင်းနိုင်ငံတွေ ဆီကနေ သင်ခန်းစာယူတတ်ဖို့ လိုပါတယ်။ နောက်ပြီးတော့ ခရီးသွားလုပ်ငန်းက ဒေသခံတွေ အပေါ် ဆိုးကျိုးသက်ရောက် မှု မဖြစ်စေဖို့လည်း သေချာစေရပါမယ်” ဟု မမေမြတ်မွန်ဝင်းက ပြောသည်။
နိုင်ငံခြားသား ခရီးသည်များ အလုံးအရင်းဖြင့် ဝင်ရောက်လာနိုင်သည့် နေရာများတွင် ပညာပေးမှု အစီအစဉ်များလည်း လို အပ်လိမ့်မည် ဖြစ်ကြောင်းနှင့် ခရီးသွားလုပ်ငန်းနှင့် တွဲဆက်နေသည့် အန္တရယ်များကိုလည်း ဖြေရှင်းရမည် ဖြစ်ကြောင်း ပြောသည်။