ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုနှစ် ကျင်းပမည် ဖြစ်သော တန်ဆောင်တိုင် မီးပုံးပျံ ကွင်းတွင် အထူး ပွဲကြည့်စင် အခန်းများ တည်ဆောက် ငှားရမ်းမည့် အစီအစဉ်ကို ဒေသခံများက ကန့်ကွက်ကြကြောင်း သိရသည်။
မီးပုံးပျံပွဲ ကြည့်စင် အခန်းပေါင်း ၂၀၀ တည်ဆောက်မည် ဖြစ်ပြီး တခန်းကို တညလျှင် အခကြေးငွေ ကျပ် ၃ သောင်းဖြင့် ငှားရမ်းရန် စီစဉ်နေကြောင်း၊ ထိုပွဲကြည့်စင်များသည် အများပြည်သူ ကြည့်ရှုမည့်နေရာတွင် ဆောက်လုပ်ထားသဖြင့် ဒေသခံ များက ကန့်ကွက်ရခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့ တရားဥပဒေ စိုးမိုးရေး ကွန်ရက် ဦးဆောင်သူ ဦးဝင်းနိုင်စိုး က ဧရာဝတီ သို့ ပြောသည်။
“ပွဲကြည့်စင်က မီးပုံးပျံလွှတ်တဲ့နေရာလည်း ဖြစ်တယ်၊ အန္တရာယ်လည်း များတယ်။ လူတဦးတယောက်ရဲ့ အကျိုး စီးပွားရေး တခုကို မူတည်ပြီးတော့ ပြည်သူအများစု ကြည့်ဖို့ အခက်အခဲဖြစ်တယ်။ ရိုးရာပွဲမှာ အဲ့ဒီလိုလုပ်တာ ကျနော်တို့ လက်မခံ ဘူး” ဟုလည်း ဦးဝင်းနိုင်စိုးက ပြောဆိုသည်။
အဆိုပါ မီးပုံးပျံပွဲ ကြည့်စင်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ နှင့် တောင်ကြီး စီးပွားရေး လုပ်ငန်းရှင်းများ ပူးပေါင်း၍ စီစဉ်ခြင်း ဖြစ်ကြောင်း၊ ယခင်က ပွဲကြည့်စင်မရှိဘဲ ကွင်းမြက်ခင်းပေါ်တွင် ပြည်သူများ လွတ်လပ်စွာ ကြည့်ခွင့်ရသည့် နေရာတခု ဖြစ်ကာ လက်ရှိတွင် ထိုနေရာကို အခန်းပေါင်း ၂၀၀ တည်ဆောက် ငှားရမ်းစားမည်ကို တောင်ကြီး ဒေသခံများက ကန့် ကွက် ရခြင်းဖြစ်ကြောင်း တောင်ကြီးမြို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးတင်မောင်တိုး ကလည်း ဧရာဝတီသို့ ပြောသည်။
“အခန်းက ၁၀ ပေ ပတ်လည်ပါ။ ဆောက်တဲ့နေရာက မီးပုံးလွှတ်မယ့်နေရာ၊ ကောင်းတဲ့နေရာကို ယူပြီး ဆောက်လုပ်တာ။ တောင်ကြီးသားတွေ မီးပုံပျံ အဖွဲ့တွေက မကျေနပ်ကြဘူး။ အခု ဒီလို ဆောက်တာက စီးပွားရေး လုပ်ငန်းရှင်တွေ ဘာမဆိုင် ညာမဆိုင် ကြားကနေ ခေါင်းပုံဖြတ်လိုက်တာ။ အဲ့ဒါကြောင့် မကျေနပ်တာ။ ကျနော်တို့ ကန့်ကွက်ဖို့ ကမ့်ပိန်းလုပ်ဖို့ ရှိပါ တယ်”ဟုလည်း ဦးတင်မောင်တိုးက ဆက်ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး တောင်ကြီး ဒေသခံများက ကန့်ကွက်စာဖြင့် ရှမ်းပြည်နယ် အစိုးရကို တင်ပြသွားမည် ဖြစ်ကြောင်း၊ ပွဲလာသူများ လွတ်လပ်စွာဖြင့် အန္တရာယ်ကင်းရှင်းစွာ ကြည့်နိုင်ရန် စီစဉ် ဆောင်ရွက် သင့်ကြောင်းလည်း တောင်ကြီး ဒေသ ခံများ က ပြောသည်။
ပွဲဖြစ်မြောက်ရေး ဦးစီးကော်မတီ အဖွဲ့ဝင် ဒေါက်တာ မျိုးထွန်း ကမူ “လောဆယ် ကန့်ကွက်စာ တင်တာ မတွေ့ဘူး။ အရင်နှစ် အားသာချက် အားနည်းချက်ကို အခြေခံပြီး လုပ်တာပါ။ အမိုးရှိလို့ လုံလုံခြုံခြုံ ကြည့်လို့ရတာပေါ့။ တခုခု ဖြစ်လာ ရင်လည်း အမိုးက ကာထားတဲ့အတွက် လုံံခြုံပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည် ရှမ်းပြည်နယ်၏ ပုံရိပ်တခုဖြစ်ပြီး အစိုးရသစ် အနေဖြင့် ပထမဆုံး အကြိမ် တာဝန်ယူ ဆောင်ရွက်ရသဖြင့် လိုအပ်ချက်များ ရှိနိုင်ကြောင်း၊ ပွဲတော် အချိန်ကာလအတွင်း ပွဲလာဧည့်သည်များ အတွက် လုံခြုံရေး ကို တိုးမြှင့် ဆောင်ရွက်ထားကြောင်းလည်း ဒေါက်တာ မျိုးထွန်း ကပြောပြသည်။
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လာမည့် နိုဝင်ဘာ ၆ ရက်နေ့ ညနေတွင် ဖွင့်ပွဲပြုလုပ်ပြီး နိုဝင်ဘာ ၁၅ ရက် နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ မီးပုံးပျံ ပြိုင်ပွဲ မှာ နေ့လွှတ် မီးပုံးပျံ အရုပ်အမျိုးအစား ၊ ညလွှတ် မီးပုံးပျံ အမျိုးအစားများ ဖြစ်သော ညမီးကြီး၊ စိန်နားပန် စသည်ဖြင့် စုစုပေါင်း ၄၀၀ ကျော် ဝင်ပြိုင်မည် ဟု သိရသည်။