ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သော အစိုးရသည် မြို့နေပြည်သူများ အပမ်းဖြေရန် ရန်ကုန်တွင် ဂိမ်းစင်တာ ၃၄ ခုကို တရားဝင် ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
သို့သော် ထိုဂိမ်းစင်တာ အများအပြားမှာ လက်တွေ့တွင် ရန်ကုန်တိုင်းအစိုးရက လျစ်လျှူရှုထားသောကြောင့် ရန်ကုန်မြို့ခံများ အပမ်းဖြေရန်နှင့် စိတ်ထွက်ပေါက်ရှာရန် နေရာများသာမက တရားမဝင် လောင်းကစားရန် နေရာများ ဖြစ်နေကြ သည်။
၂၀၁၃ ခုနှစ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် amusement arcades ဟုလည်း ခေါ်သော ဂိမ်းစင်တာများကို ဗီဒီယိုဂိမ်း video games ၊ အာကိတ်ဂိမ်း arcade games၊ small rides ၊ dance machines နှင့် shooting galleries စသည့် ပုံစံဖျော်ဖြေမှုပေးရန် ခွင့်ပြုခဲ့သည်။
ရန်ကုန်မှ လူသိများသော နေရာများတွင် အာလာဒင် အပမ်းဖြေ စင်တာ (Aladdin Recreation Centre)၊ အလီဘာဘာ အပမ်းဖြေစင်တာ (Alibaba Amusement Center)၊ ရိုဘော့ဂိမ်းစင်တာ (Robot Game Center) နှင့် ဖန်တက်စီဝေါ (Fantasy World) တို့ ပါဝင်သည်။
ရန်ကုန်တိုင်း လွှတ်တော်၏ အင်္ဂါနေ့က အစည်းအဝေးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ထိုဂိမ်းစင်တာများ၌ တရားမဝင် လောင်းကစားမုကို ကိုင်တွယ်ဖြေရှင်းခြင်း ရှိမရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမတ် နှစ်ဦးက ရန်ကုန်တိုင်းအစိုး ဝန်ကြီးများကို မေးခွန်းထုတ်သည်။
သူ၏ မဲဆန္ဒနယ်မြေ သင်္ကန်းကျွန်းမြို့နယ်မှ AKK Shopping Mall တွင် ကျောင်းသားများသာမက အရွယ်ရောက်ပြီးသူများပင် Shark game ခေါ်ကြသော အုပ်လိုက် ငါးဖမ်းဗီဒီယိုဂိမ်းကို ဆော့ကာ ငွေအမြောက်အများ ဆုံးရှုံးနေရ သည်ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် ဦးနေဘုန်းလတ်က ပြောသည်။
“ဂိမ်းစင်တာတွေဟာ သူတို့ရဲ့ ရည်ရွယ်ချက်ကို ကျော်လွန်ပြီး လောင်းကစားတွေ ဖြစ်လာတယ်။ ဒါဟာ လူမှုဘဝကို ထိခိုက်စေတယ်” ဟု သူက ဆက်ပြောသည်။
“ရန်ကုန်တိုင်းအစိုးရက ဥပဒေနဲ့ အညီ ဒီတရားမဝင် ဂိမ်းစင်တာတွေကို ရှင်းလင်းမှာလား မရှင်းလင်းဘူးလား” ဟုသူက မေးခွန်းထုတ်သည်။
သူ၏ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ကျောင်းသားများသည် ကျောင်းတက်ရမည့် အချိန်တွင် ဂိမ်းစင်တာများ၌ လောင်းကစားနေကြပြီး စာမေးပွဲကျကြသည် ဟု အခြားသော လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ဦးရန်ရှင်းက ပြောသည်။ ထို့အပြင်လူငယ်များသည် လောင်းကစားမှု အတွက် ငွေကြေးရဖို့ ခိုးမှုကျူးလွန် ကြသည်ဟုလည်း သူက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စည်းမျဉ်းများကို မလိုက်နာသောကြောင့် လောင်းကစား လုပ်ငန်းပိုင်ရှင်များနှင့် လောင်းကစားသူများကို ၂၀၁၃ ခုနှစ်ကပင် ဖမ်းဆီး အရေးယူခြင်းများ ရှိခဲ့သည်ဟု ပြောသည်။
မှတ်ပုံမတင်ခြင်းနှင့် အကျင့်ပျက်ချစားမှု
၁၈၉၉ ခုနှစ် မြန်မာနိုင်ငံလောင်းကစား ဥပဒေသည် ဂိမ်းကစားရန် အလို့ငှာ ငွေကြိုတင် ပေးခြင်းနှင့် ဂိမ်းကိရိယာများကို ပိုင်ဆိုင်သူအတွက် အကျိုးအမြတ်ရအောင် အသုံးပြုခြင်းကို တားမြစ်ထားသည်။
အပြစ်ရှိကြောင်း တွေ့ရပါက လောင်းကစားရာတွင် ပါဝင်သူကို အနည်းဆုံး ထောင်ဒဏ် ၆ လ ချမှတ်နိုင်သည်။ လောင်းကစား စီးပွားရေး လုပ်ငန်းပိုင်ရှင်သည် ထောင် ၁ နှစ်ကျပြီး လုပ်ငန်းလိုင်စင် ရုပ်သိမ်း ခံရနိုင်သည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သည် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် လောင်းကစားမှု ၄၈ မှု၊ ၂၀၁၅ ခုနှစ်တွင် ၁၃၆ မှုနှင့် ၂၀၁၆ ခုနှစ် ပထမ ၉ လအတွင်း ၁၃၅ မှုတွင် ပိုင်ရှင်နှင့် လောင်းကစားသူများ အပါအဝင် ဖမ်းဆီးခဲ့ပြီး ဖြစ်သည်။ ၎င်းတို့တွင် ဂိမ်းစင်တာ မည်မျှပါဝင်သည်ကိုမူ မသိရပေ။
ဗိုလ်မှူးကြီး တင်အောင်ထွန်း၏ အဆိုအရ ရန်ကုန်တွင် ရန်ကုန်မြို့တော်စည်ပင်ခွင့်ပြုချက်ရ ဂိမ်းစင်တာ ၄၃ ခုရှိသည်။ ထိုဂိမ်းဆိုင်များတွင် စည်းကမ်းချိုးေဖောက်သည်ဟု ဦးနေဘုန်းလတ် စွပ်စွဲထားသည့် စင်တာများ ပါဝင်ကြောင်း ဝန်ခံသော်လည်း တရားဝင် အစီရင်ခံစာများ အရ ထိုစင်တာများတွင်ဥပဒေနှင့် မညီသည့်အချက် မရှိဟု ပြောသည်။
၎င်းတို့၏ မဲဆန္ဒနယ်များမှ ဂိမ်းစင်တာများသည် ဥပဒေနှင့် မညီဟု သံသယရှိပါက ချက်ချင်း အရေးယူရန် သက်ဆိုင်ရာ ရဲအရာရှိမျာနှင့် ဆက်သွယ်ရန် ဗိုလ်မှူးကြီးတင်အောင်ထွန်းက လွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်းသည်။ ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်ပေါင်း ၄၄ မြို့နယ်မှ ရဲတပ်ဖွဲ့အကြီးအကဲများ အနေဖြင့် လောင်းကစားနှင့် မပတ်က်ရန်နှင့် လောင်းကစား လုပ်ငန်းများမှလာဘ် မယူရန် ညွှန်ကြားထားသည်ဟု သူက ပြောသည်။
ဗိုလ်မှူးကြီး တင်အောင်ထွန်းအနေဖြင့် ဤသို့သော တရားမဝင် ဂိမ်းစင်တာများကို နှိမ်နှင်းရန် အစီအစဉ် ရှိမရှိ လွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက မေးသောအခါ ထိုအစီအစဉ်မျိုး မရှိဟု ဗိုလ်မှူးကြီးတင်အောင်ထွန်းက ဖြေသည်။
လွှတ်တော်သို့ တင်ပြခဲ့သည့် ခိုင်မာသော အထောက်အထားများ သူ့တွင် ရှိသော်လည်း ရဲအစီရင်ခံစာက သူနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု လွှတ်တော် ရပ်နားချိန် အတွင်း ဦးနေဘုန်းလတ်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“စစ်ဆေးတော့မယ် ဆိုတာ ဒီဂိမ်းစင်တာတွေကို အကျင့်ပျက် အစိုးရသတင်းပေးတွေက အကြောင်းကြားခဲ့တယ် လို့ ကျနော် ထင်တယ်” ဟု သူက ဆက်ပြောသည်။
အမှန်တကယ်ရှိနေသော ဂိမ်းစင်တာ အရေအတွက်အမှာလည်း ဗိုလ်မှူးကြီးတင်အောင်ထွန်း ပြောသည်ထက် ပိုများသည် ဟု ဦးနေဘုန်းလတ်က ဆိုသည်။ သူ၏ မဲဆန္ဒနယ်မြေတွင်ပင် မှတ်ပုံတင်မထားသော ဂိမ်းစင်တာ ဒါဇင်ချီရှိသည်ဟုလည်း သူပြောသည်။
မြို့လယ်ခေါင်လောင်းကစား
ပုဇွန်တောင်မြို့နယ်ရှိ ဂိမ်းစင်တာတခုမှ ဝန်ထမ်းတဦးနှင့် ဧရာဝတီသတင်းဌာနက စကားပြောခဲ့သည်။ ဤသတင်းဌာနမှ သွားရောက်ချိန်တွင် ယောက်ျား၊ မိန်းမ ၈ ဦးခန့်သည် Shark game ကစားနေကြပြီး ၁၀၀၀ တန် ၅၀၀၀ တန် ငွေစက္ကူများကို လောင်းကြေးအဖြစ် စက်ပေါ်တင်ထားသည်ကို တွေ့ရသည်၊။
ဂိမ်းစင်တာမှ ကိုလင်းအမည်ရှိ ဝန်ထမ်းသည် ဤဂိမ်းစင်တာတွင် စက်ပြင် အလုပ် လုပ်နေည်မှာ ၂၀၁၃ ခုနှစ်ကပင် ဖြစ်သည်။ သူက သူတို့တွင် ရန်ကုန်မြို့တော်စည်ပင်၏ တရားဝင်လိုင်စင်ရှိသည်ဟု ေပြောသည်။
အဆောက်အအုံ၏ ပြင်ပသွင်ပြင်တွင် ကာတွန်းပုံများ ရှိသော်လည်း အကျင့်ပျက် အစိုးရအရာရှိများ၏ အကူအညီဖြင့် လောင်းကစားစင်တာ အဖြစ် လုပ်ကိုင်နေကြောင်း ကိုလင်းက ပြောသည်။
“နာမယ်ကြီး ၄ ၊ ၅ ခုက လွဲလို့ ဂိမ်းစင်တာ အားလုံးနီးပါးက ကျနော်တို့လိုပဲ လုပ်နေကြတာ” ဟု သူက ဆိုသည်။
အာဏာပိုင်များ၏ စစ်ဆေးမှု သို့မဟုတ် ဒုက္ခပေးမှုကို ရှောင်ရန် ရဲနှင့် ဒေသအာဏာပိုင်များကို လစဉ် ၁၀၀၀၀ မှ ၁၀၀၀၀၀ ကြားပေးရသည်ဟု သူက ပြောသည်။ ဂိမ်းစင်တာပိုင်ရှင်များကို မည်သည့် အစိုးရစစ်ဆေးမှု မဆိုအတွက် အကြောင်းကြား ပေးပြီး ခဏတာ ရှောင်ရှားရသည်ဟု သူက ပြောသည်။
၎င်းတို့အနေဖြင့် လောင်းကစား အက်ဥပဒေ အကြောင်းကို သိမသိ ဧရာဝတီက မေးသောအခါ သိသည်ဟု ဖြေသော်လည်း ထိုလုပ်ငန်းကို ဂိမ်းစင်တာအဖြစ် မှတ်ပုံတင်ပြီး အဘယ်ကြောင့် လောင်းကစားလုပ်ရသနည်းဟု မေးသောအခါ မဖြေနိုင်တော့ပေ။
အလောင်းအစား သဘောတူညီချက်များ ပြလုပ်ပြီးပါက ပြဿနာ မရှိကြောင်း၊ အစိုးရအနေဖြင့် လောင်းကစားကို တရားဝင် ဖြစ်အောင် လုပ်ပေးသင့်ကြောင်း ထိုဂိမ်းစင်တာမှ အမည်မဖော်လိုသော လောင်းကစားသမားတဦးက ပြောသည်။
လူတယောက် လောင်းကစားဝိုင်းတွင် ငွေတသောင်း သုံးခြင်းသည် ကြီးမားသောပြဿနာ မဟုတ်ဘဲ အစိုးရအနေဖြင့် မြို့ကြီးများတွင် ငွေကြေးခဝါချမှု၊ မူးယစ်ဆေးနှင့် အခွန်တိမ်းရှောင်ခြင်းများကို အာရုံစိုက်သင့်သည်ဟု သူက ပြောသည်။
၎င်းတို့အနေဖြင့် တရားမဝင် ဂိမ်းစင်တာများတွေ့လျှင် မြို့တော်စည်ပင်လိုင်စင် ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ ပိုင်ရှင်ကို အရေးယူမည် ဟု အင်္ဂါနေ့က လွှတ်တော်အစည်းအဝေးတွင် ဗိုလ်မှူးကြီးတင်အောင်ထွန်းကကတိပေးသည်။
၂၀၁၇ ခုနှစ် ဧပြီလ နောက်ပိုင်းတွင် ရန်ကုန်မြို့တော်စည်ပင်သည် လက်ရှိ ခွင့်ပြုချက်များကို သက်တမ်းတိုးသင့် မတိုးသင့် လျှောက်လွှာများကို သေချာစိစစ်မည်ဟု သူက ပြောသည်။ လိုင်စင်ချပေးသော လုပ်ငန်းစဉ်ကို တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် စိစစ်ရန်လည်း သူက တောင်းဆိုသည်။
“တရားမဝင် ဂိမ်းစင်တာပိုင်ရှင်တွေကို အရာရှိတွေက မဖမ်းရင် ကျနော့ကို ချက်ချင်း ဖုန်ဆက်ပါ။ ကျနော် တိုက်ရိုက် ကိုင်တွယ်မယ် ဟု သူက ဗိုလ်မှူးကြီးတင်အောင်ထွန်း လွှတ်တော်ကိုယ်စားလှယ်များကို ပြောသည်။