နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၅ ရက် ကြာမည့် ဂျပန်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများ ဆွေးနွေးဖြစ်ဖွယ်ရှိကြောင်း သိရသည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် Shinzo Abe ၏ ဖိတ်ကြားချက်ကြောင့်သွားရောက်ခြင်းဖြစ်ကြောင်းသိရပြီး ခရီးစဉ်ကို နိုဝင်္ဘာလ ၁ ရက်နေ့ မှ ၅ ရက်နေ့အထိ ကြာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ က ပြောသည်။
ဦးကျော်ဇေယျ က “နှစ်နိုင်ငံဆက်ဆံရေးပဲ ပြောရမှာပေါ့။ နှစ်နိုင်ငံဆက်ဆံရေးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ဘာတွေရှိသလဲ။ ဂျပန်ကနေပြီးတော့မှ ဂျပန်ရဲ့ အကူအညီနဲ့ဆွဲနေတဲ့ စီမံကိန်းတွေ ဒီကိစ္စတွေကို နှစ်နိုင်ငံဆက်ဆံရေးအပေါ်မှာ အခြေခံပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု ဂျပန်ခရီးစဉ် မထွက်ခွာမီ ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ၅ ရက်ကြာ ခရီးစဉ်တွင် မြန်မာအစိုးရ ဘက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်တင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
ထိုခရီးစဉ်တွင် ဂျပန်နိုင်ငံဝန်ကြီးချုပ် Shinzo Abe၊ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တို့အပါအဝင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင် အချို့နှင့် တွေ့ဆုံဖြစ်မည်ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေး ကိစ္စရပ် အချို့အပြင် သီလဝါ စီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန် ကိစ္စရပ်များလည်း ပါဝင်နိုင်ဖွယ်ရှိကြောင်း သိရသည်။
၂၀၁၁ ခုနှစ်မှ စ၍ ဂျပန်သည် မြန်မာနိုင်ငံသို့ တရားဝင် ဖွံဖြိုးရေး အထောက်အပံ့ (ODA) များ ပြန်လည်ပေးအပ်ခဲ့ရာ ယန်း ဘီလီယံ ၄၀၀ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ) ပေးခဲ့ပြီးဖြစ်သည်။ စက်တင်ဘာလအတွင်းကလည်း ယန်း ၁၂၅ ဘီလီယံ ချေးရန်လည်း အတည်ပြုခဲ့သည်။ ရထားလမ်း၊ ရေဖြန့်ဖြူးရေးနှင့် အခြား အခြေခံအဆောက်အဦးများ တည်ဆောက်ရေး ကူညီထောက်ပံ့ပေးနေသည်။
တိုကျိုမှ လာသောသတင်းများအရ ဂျပန်ကုမ္ပဏီကြီးများအား ဒေါ်အောင်ဆန်းစုကြည်က ကုန်ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းနိုင်ကြောင်းလည်း သိရသည်။
ယခုနှစ် သြဂုတ်လပိုင်းက ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Shinzo Abe ၏ အထူးအကြံပေးပုဂ္ဂိုလ် H. E. Mr. Hiroto IZUMI သည် မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်အပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း နှင့်လည်း နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင် သီလဝါနှင့် ထားဝယ်အထူး စီးပွားရေးဇုန် အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်များ၊ မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များ၊ စက်မှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဂျပန် အစိုးရ၏ တရားဝင် ဖွံဖြိုးရေး အထောက်အပံ့ (ODA) ချေးငွေပံ့ပိုးပေးမှု ဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြသည်။
ဂျပန်ခရီးစဉ်ကို လိုက်ပါသွားသည့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုဝန်ကြီး ဦးခင်မောင်တင် က “နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဓိကပါပဲ။ ကျနော်တို့ (ဂျပန်နိုင်ငံနှင့်) ဆောင်ရွက်ဆဲ လုပ်ငန်းတွေလဲရှိပါတယ်။ လုပ်ငန်းတွေက စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနနဲ့ အဓိက သက်ဆိုင်တဲ့အတွက် စီမံ/ဘဏ္ဍာ ဝန်ကြီးက အဓိက ဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု ဂျပန် ခရီးစဉ် မထွက်ခွာမီ ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယခုသွားမည့် ဂျပန်ခရီးစဉ်သည် အမျိုးသား ဒီမိုကရေးစီအဖွဲ့ချုပ် (NLD) အစိုးရတက်လာပြီးနောက် ပထမဆုံးခရီးစဉ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတော့ NLD ပါတီဥက္ကဌ အနေဖြင့် တကြိမ်သွားရောက်ခဲ့ဖူးသည်။