ပဲခူးတိုင်း အနောက်ပိုင်း၊ ပန်းတောင်းမြို့နယ်၊ ဖန်ခါးပင် ကြိုးဝိုင်းအတွင်း အမျိုးသားသယံဇာတဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NRDC) နှင့် တောင်သူများ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေပေါ်တွင် ဒေသခံတောင်သူများက သီးနှံများ ဝင်ရောက် စိုက်ပျိုးခဲ့သောကြောင့် ကုမ္ပဏီက တရားစွဲဆိုထားကြောင်း သိရသည်။
ဖန်ခါးပင် ကြိုးဝိုင်းအနီးရှိ ကြာအင်းကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား ၃ ဦးကို ကုမ္ပဏီက ပန်းတောင်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ ပိုက်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် တရားစွဲဆို ထားခြင်းဖြစ်ပြီး အောက်တိုဘာ ၁၉ ရက်နေ့တွင် ပထမဆုံး ရုံးချိန်းတက်ခဲ့ရပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် ဒုတိယမြောက် ရုံးချိန်း တက်ရောက်ခဲ့ရကြောင်း သိရှိရသည်။
တရားစွဲဆိုခံရသည့် တောင်သူများမှာ ဖန်ခါးပင် ကြိုးဝိုင်းအနီးရှိ ကြာအင်းကျေးရွာရှိ တောင်သူ ဦးအေးဇော်၊ ဦးလှကြိုင်နှင့် ဦးအောင်နိုင်ဝင်း တို့ဖြစ်ပြီး ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့သည့် မြေယာများအပေါ်တွင် သွားရောက် စိုက်ပျိုး လုပ်ကိုင်ခြင်းသာဖြစ်ပြီး တရားစွဲခံရသည့်အပေါ် ဥပဒေကြောင်းအရ ဖြေရှင်းသွားမည် ဖြစ်ကြောင်း ကြာအင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးဇော်က ပြောသည်။
“ပထမလည်း ထောင် ၁၂ ယောက် ကျပြီးပြီ အခုလည်း ဒုတိယ အကြိမ်လည်း ကျနော်တို့ တောင်သူ ၃ ယောက်ကို ထပ်စွဲတယ်။ အစိုးရအနေနဲ့တော့ လယ်သမားတွေကို ဥပဒေအရ ကာကွယ်မှုတွေ လုပ်ပေးဖို့ အဓိက အရေးကြီးဆုံးပါပဲ။ ဒီကိစ္စကို ပြီးတဲ့အထိ ရင်ဆိုင်သွားမယ်။ ကျနော်တို့ရဲ့ စားဝတ်နေရေးက ဒီအပေါ်မှာ အခြေခံပြုနေတဲ့ အတွက်ကြောင့် ထောင်ကျလည်း ဆက်လုပ်ရမှာပဲ၊ ကျနော်တို့ သားသမီးတွေအတွက် ကျနော်တို့ မားမားရပ်သွားမယ်” ဟု ကြာအင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးဇော်က ပြောသည်။
NRDC မှ အမှုဆောင်အရာရှိချုပ် ဦးမြဇော်က “ကျနော်တို့ ၂၀ဝ၈ ခုနှစ်ကစလုပ်တာ ၂၀၁၂ ထိ ဘာပြဿနာမှ မဖြစ်ဘူး။ ၂၀၁၂ ခုနှစ်မှာ စဖြစ်လာတာ သူတို့ ကျနော်တို့ မရောက်ခင် ကတည်းက လုပ်လာတာ မြေပိုင်ဆိုင်မှု၊ အဲဒါလေး သူတို့လိုချင်လာတယ်။ ပြီးတော့ သူတို့ လုပ်စားမြေပေါ့နော်၊ အဲဒီလုပ်စားမြေက ယာယီလုပ်စားမြေ၊ သူတို့သိတယ်၊ မသိတာမဟုတ်ဘူး။ သစ်တောကြိုးဝိုင်း ဖြစ်တယ်ဆိုတာကို သိတယ်၊ သို့သော်လည်း သူတို့တနိုင်တပိုင် လုပ်စားလာခဲ့တာ ကြာခဲ့ပြီ ဆိုတဲ့အခါကျတော့ အစိုးရသစ် လက်ထက်မှာ ပိုင်ဆိုင်မှုလေးတွေ လိုချင်လာခဲ့ အခါကျတော့ ကျနော်တို့ ကျွန်းစိုက်တဲ့မြေပေါ်မှာ သူတို့ သီးနှံထပ်ပြီးတော့ တိုးချဲ့ပြီး စိုက်ချင်တယ် အဲဒီပြဿနာပေါ့နော်” ဟု ဧရာဝတီကို ပြောသည်။
၂၀၁၄ ခုနှစ်ကလည်း ဒေသခံတောင်သူများနှင့် NRDC ကုမ္ပဏီတို့ မြေယာ အငြင်းပွားမှု ပြဿနာကြောင့် ကြာအင်း ကျေးရွာမှာ တောင်သူ ၁၂ ဦးအား ကုမ္ပဏီက တရားစွဲခဲ့ရာ ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ အသီးသီး ချမှတ်ခံခဲ့ရပြီး တရားစွဲဆိုခံရသူ ကြာအင်းကျေးရွာ တောင်သူများမှာ အရှိုချင်းတိုင်းရင်းသားများ ဖြစ်ပြီး ယခင် ကိုလိုနီခေတ် မတိုင်မီက အဆိုပါကျေးရွာတွင် အခြေချ နေထိုင်လာကြသူများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြာအင်းကျေးရွာ အနီးတွင် ၁၉၉၉ ခုနှစ်က ညောင်ကိုင်း ရေလှောင်တမံ စီမံကိန်း တည်ဆောက်ခဲ့သဖြင့် ကျေးရွာတခုလုံး ပြောင်းရွေ့ခံရကြောင်း၊ ၎င်းနေရာသစ်တွင် လုပ်ကိုင်စားသောက်ရန် အဆင်မပြေသောကြောင့် ၂၀ဝ၁ ခုနှစ်တွင် ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဦးတင်လှိုင်နှင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းတို့ လာရောက်ကာ ဒေသခံ တောင်သူများ နစ်နာသည်ဆို၍ သက်ဆိုင်ရာဌာန အသီးသီးအား ခေါ်ယူညှိနှိုင်းခဲ့ကြောင်း၊ ရွာဟောင်းတွင် ပြန်လည် နေထိုင်ခွင့်နှင့် အစိုးရ စာသင်ကျောင်း ထားရှိရန် ခွင့်ပြုခဲ့ကြောင်း၊ ၂၂ နှစ် ကြာ စိုက်ခင်းပျက်ဖြစ်ခဲ့သော ဖန်ခါးပင် သစ်တောကြိုးဝိုင်းအတွင်း တောင်သူတဦးလျှင် လုပ်စားမြေ ၇ ဧကစီ သတ်မှတ်ချထားပေးခဲ့ကြောင်း သိရသည်။