သတင်း

လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရန် ဒေသန္တရ ရဲဝန်ထမ်းများ ခေါ်ယူ

Want create site? Find Free WordPress Themes and plugins.

လုံခြုံရေးနှင့် တရားဥပေဒစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရန် ဒေသန္တရ ရဲတပ်ဖွဲ့ဝင်များကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ခေါ်ယူနေကြောင်း ရခိုင်ပြည်ရဲတပ်ဖွဲ့မှူးရုံးက သတင်းရရှိသည်။

ရဲမှူးကြီးစိန်လွင်က “အရင်ကလည်း ဒေသန္တရ ရဲသင်တန်းတွေ ရှိပါတယ်။ အခုရခိုင်မှာက လုံခြုံရေးအခြေအနေ အရ အင်အားလိုအပ်နေတဲ့အတွက် တွန်းတွန်းတိုက်တိုက် လုပ်နေတာပါ၊ လျှောက်တဲ့သူတွေကို ပင်မဖွဲ့စည်းပုံအတိုင်း ခန့်ထားမှာဖြစ်ပြီး ကိုယ်နေရာဒေသမှာသာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်”ဟုပြောသည်။

ဒေသန္တရ ရဲတပ်ဖွဲ့ဝင်များ ခေါ်ယူရာတွင် ပညာအရည်အချင်း ၄ တန်းအောင်၊ အသက် ၁၈ နှစ်မှ ၃ဝနှစ်၊ အရပ် ၅ ပေ ၂ လက်မ စသည့် အချက်အလက် ပြည့်စုံသူများ လျှောက်ထားနိုင်ပြီး ခန့်အပ်ခံရသူများ အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များ အတိုင်း လစာ ၁၂၀၀၀၀ ကျပ် နှင့် ရိက္ခာ ၃၀၀၀၀ ကျပ် ခံစားခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းလျှောက်ထားသူများ အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဖွင့်လှစ်မည့် သင်တန်းများတွင် တက်ရောက်ရမည်ဖြစ်သည်။

မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ဒေသလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ အင်အားလိုအပ်ချက် ရှိှနေသည့်အတွက် ဒေသခံရဲတပ်ဖွဲ့ဝင်များတိုးမြင့်ခေါ်ယူရာတွင် ပညာအရည်အချင်းကိုအလယ်တန်းအဆင့်နှင့်အရပ်အမောင်းစသည့် ကန့်သတ်ချက်များ အားလုံးကိုလျှော့ချပေးထားကြောင်းသိရသည်။

မောင်တောမြို့နေဦးခင်မောင်သန်းက “ဒီမှာကလုံခြုံရေးအရအရမ်းကိုအားနည်းတဲ့နေရာပါ။ ဒေသခံတိုင်းရင်းသားတွေအနေနဲ့ ကိုယ့်ဒေသလုံခြုံရေးအတွက် ပါဝင်သင့်တယ် ထင်ပါတယ်။ တာဝန်ထမ်းဆောင်ရာမှာလည်းလာဘ်စားမှုတွေမလုပ်ဘဲအရင်ကဖြစ်ရပ်တွေကိုသင်ခန်းစာယူဖို့ လိုပါတယ်”ဟုပြောသည်။

မောင်တောဒေသခံများအနေဖြင့် ဒေသန္တရရဲဝန်ထမ်းလျှောက်ထားမှုများရှိသော်လည်းနည်းသေး ကြောင်းနှင့်ရခိုင်ပြည်နယ်အတွင်းတာဝန်ထမ်းဆောင်ရန် ရဲသင်တန်းသားဦးရေ ၁၅၀ ရှိပြီးပထမအပတ်စဉ်သင်တန်းမှာ ၂၀၁၆ ခုနှစ် မတ်လခန့်က သင်တန်းဆင်းခဲ့ကြောင်း၊ ယခုတခေါက် ထပ်မံခေါ်ယူသည့် ဒုတိယအပတ်စဉ်တွင် ဦးရေ ၁၀၀ ခန့်ပါဝင်ရန် မျှော်မှန်းထားပြီးသင်တန်းကိုယခု နိုဝင်ဘာ ၁၅ ရက်ခန့်တွင်စတင်ရန် စီစဉ်ထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ထံကသိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးခင်မောင်ဆွေက “အခုခေါ်တဲ့သူတွေကိုလစာ ၁ သိန်းခွဲပေးတယ်၊ အခြားရှားပါးစရိတ်နဲ့ လိုအပ်တဲ့အသုံးအဆောင်တွေလည်း ပြည်နယ်အစိုးရကဝိုင်းဝန်းဖြည့်ဆည်းပေးသွားမယ်”ဟုပြောသည်။

မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံများက ၎င်းတို့၏လုံခြုံရေးအတွက် ပြည်သူ့စစ် များဖွဲ့စည်းကာလက်နက်တပ်ဆင်ပေးရန် တောင်းဆိုမှုများရှိခဲ့သည်။

သို့သော် ပြည်နယ်အစိုးရ က ပြည်သူ့စစ်ပုံစံဖွဲ့စည်းခြင်းထက် ဥပဒေနှင့်အညီလုပ်ဆောင်နိုင်ရေးဒေသန္တရရဲတပ်ဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ကြရန် ပြည်နယ် အစိုးရကတိုက်တွန်းခဲ့သည်။

မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်းအောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့်ရဲဌာနချုပ်စခန်း ၃ ခုကိုအကြမ်းဖက်သမားရာဂဏန်းနီးပါးကဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ရသည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့်ရဲတပ်ဖွဲ့ဝင်အင်အားမှာရှိသင့်သည့်ဖွဲ့စည်းပုံ၏ တဝက်ခန့်သာရှိပြီးတပ်ဖွဲ့ဝင်အင်အားလုံလောက်မှုမရှိသည့်အတွက် တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ရာတွင် အခက်အခဲများရှိကြောင်း၊လိုအပ်သည့်တပ်ဖွဲ့ဝင်အင်အား ဖြည့်ဆည်းရေးအတွက်တိုင်းနှင့်ပြည်နယ်အလိုက် ဒေသန္တရရဲတပ်ဖွဲ့ဝင်များခေါ်ယူလျက်ရှိကြောင်းရဲမှူးကြီးစိန်လွင်ကပြောခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading