အကူအညီ အထောက်အပံ့များ လျော့ကျမှု၊ လမ်းကြောင်း ပိတ်ဆို့မှုများကြောင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိ်ုင်းအတွင်း ရှိနေသည့် စစ်ဘေးရှောင် ဒုက္ခသည် ၁ သိန်းကျော်အတွက် လာမည့်နှစ်အတွင်း စားဝတ်နေရေး ခက်ခဲနိုင်သည်ဟု သိရသည်။
လက်ရှိတွင် စစ်ဘေးရှောင် စခန်းများသို့ နိုင်ငံတကာ အကူအညီပေးနေသည့် အဖွဲ့အစည်းများမှ ရိက္ခာရရှိမှု လျော့နည်းလာကြောင်း၊ ၂၀၁၇ တွင် ဒုက္ခသည်များ အတွက် ရိက္ခာ ပြတ်လတ်မှု ဖြစ်လာနိုင်ပြီး အခက်အခဲများ ကြုံလာနိ်ုင်ကြောင်း ဒုက္ခသည်များကို ကူညီပေးနေသည့် ဝမ်ပေါင်နင်းထွဲ အဖွဲ့မှ ဒေါ်မေရီတောင်က ဧရာဝတီသို့ ပြောသည်။
“ပိုက်ဆံက မရှိတာကတော့ ဒီဇင်ဘာ ကစ မရှိတာတော့ သေချာတယ်။ ကျမတို့ ခါတိုင်းဆိုရင် ၂၀၁၆ ခုနစ် အကုန်လောက်မှာ ၂၀၁၇ မှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေပါပြီ။ အလှူရှင်တွေ နဲ့ညှိနှိုင်းရမယ့် အပိုင်းတွေ အများကြီးပဲ။ ဘာပဲပြောပြော အခက်အခဲတွေ အများကြီး ရှိလာနိုင်တယ်” ဟု ဒေါ်မေရီတောင်က ဆိုသည်။
လက်ရှိအချိန်တွင် ကချင်ပြည်နယ် မန်ဝိန်းကြီး (မန်စီမြို့နယ်)၊ ဆွမ်ပရာဘွမ် နှင့် ပူတာအို ကြားရှိ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာပို့သည့် လမ်းကြောင်းကို တပ်မတော်က ဖြတ်တောက်ထားကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်ထံမှ သိရသည်။
“စစ်တပ်ဘက်က ရိက္ခာပို့ဖို့ မဖွင့်ပေးဘူး။ မန့်ဝိန်ကြီး၊ ဆွန်ပရာဘွန်ဘက်ကို စစ်တပ်က ရိက္ခာပို့ဖို့ လုံးဝ ဖွင့်မပေးဘူး။ ပိုက်ဆံရှိရင်တောင် သွားကူလို့မရဘူး။ စက်တင်ဘာလကစပြီး WFP (ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်) က လုံခြုံရေး အကြောင်းပြချက်နဲ့ ရပ်နားလိုက်တယ်” ဟု ဒေါ်မေရီတောင်က ပြောသည်။
စစ်ကြောင့် ထွက်ပြေးသည့် ဒုက္ခသည်များကို နိုင်ငံတော် အစိုးရအနေဖြင့် တာဝန်ယူပေးသင့်ကြောင်း၊ လက်ရှိတွင် ကချင် ဒုက္ခသည်များ လျစ်လျူရှုခံနေရကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။
“အခက်အခဲတွေကတော့ ရှိနေပါတယ်။ အခက်အခဲကတော့ မျိုးစုံပါပဲ။ လုံလောက်မှု မရှိဘူး။ ကျနော်တို့လည်း ဘယ်လိုမှ ဖြေရှင်းလို့ မတတ်ဘူး ဖြစ်နေတယ်။ နယ်စပ်ဘက်ကိုလည်း ပို့ပေးလို့ မရဘူး ဖြစ်နေတယ်။ ရိက္ခာ ပြတ်သွားတယ်။ လိုင်ဇာနားမှာတော့ တိုက်ပွဲတွေ ရှိနေတုန်းပါ” ဟု ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဟိန်းဝေါမ် က ဆိုသည်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဘက်ခြမ်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များကို အစိုးရ အနေဖြင့် သွားရောက် ကူညီရန် KIA ခွင့်ပြုမှသာ သွားနိုင်မည်ဟု နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။
ဦးဇော်ဌေးက “ KIA ဘက်က ခွင့်မပြုရင် ကျနော်တို့ ဘယ်လို လွှတ်မှာလဲ။ ဒီဘက်ခြမ်းကတော့ ကချင်ပြည်နယ် အစိုးရနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနက တောက်လျှောက် လုပ်နေတာ သိရတယ်။ အဲဒီဘက်သွားရရင် မိုင်းတွေ ဘာတွေ ရှင်းပြီးမှ သွားလို့ရတာ။ KIA ဘက်က ခွင့်ပြုမှရမှာ။ တိုက်ပွဲဖြစ်နေတာဆိုတော့ ကျနော်တို့ ဘယ်လို သွားလို့ရမှာလဲ” ဟု ဦးဇော်ဌေးက ဆိုသည်။
ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှစတင်၍ တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ဒေသခံ ၁၃၀,ဝ၀ဝ ကျော်သည် နေအိမ်များကို စွန့်ခွာပြီး ယနေ့အထိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် နေထိုင်ကြလျက် ရှိသည်။
စစ်ရှောင် ဒုက္ခသည်များကို ၂၀၁၁ ခုနှစ်မှစ၍ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး လှူဒါန်း ကူညီလျက်ရှိသည်။ WFP သည် ၂၀၁၅ ခုနှစ် ၊ နှစ်ကုန်ပိုင်း၌ စစ်ရှောင်များကို ထောက်ပံ့မှု ၅၀ ရာခိုင်နှုန်းအောက်အထိ လျှော့ချလိုက်သဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များ ရိက္ခာရရှိမှု အခက်အခဲ ကြုံတွေ့နေရသည်။