သတင်း

ပြင်ဦးလွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ လာဘ်စားမှုဖြင့် စစ်ဆေးခံနေရ

Want create site? Find Free WordPress Themes and plugins.

ပြင်ဦးလွင် ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် တို့ချဲ့ကွက်သစ် အမည်ပေါက်ရစေမည်ဟုဆိုကာ ငွေကျပ် ၃၉၅ သိန်း တောင်းယူသည့် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစားပြုမှုဖြင့် ဖမ်းဆီး စစ်ဆေးခံနေရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့နယ်၊ အမှတ် ၃ နယ်မြေ လွန်ကောင်း ကျေးရွာအုပ်စု၊ မန်ကျည်းအင်း ကျေးရွာအတွင်းရှိ တိုးချဲ့ ရပ်ကွက်သစ်အား တရားဝင် တိုးချဲ့ ကျေးရွာအဖြစ် ပြည်ထဲရေး အမည်ပေါက်ရရှိစေမည်ဟုဆိုကာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ကျပ် ၃၉၅ သိန်း တောင်းယူခဲ့ကြောင်း၊ ယင်းနောက် ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ဒေသခံများက တိုင်းကြားခဲ့ခြင်း ဖြစ်ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့အား အောက်တိုဘာ ၂၆ ရက်က ပြင်ဦးလွင်မြို့မ ရဲစခန်းနှင့် မန္တလေး အမှတ် ၃ နယ်မြေ ရဲစခန်းများတွင် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

မန္တလေး ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် ၃ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတဦးက “ပြင်ဦးလွင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနဲ့ ဒုဦးစီးမှူး ဦးကျော်ကျော်နိုင်ကို ကျနော်တို့စခန်းမှာ ဖမ်းဆီးထားတယ်ဆိုတာ မှန်ပါတယ်၊ သူတို့ကို အခုတော့ အိုးဘိုထောင်ကို ပို့လိုက်ပါပြီ၊ အမှုကို အဂတိတိုက်ဖျက်ရေး ကော်မရှင်က တိုင်းတရား လွှတ်တော်မှာ တရားစွဲဆိုမှာလို့တော့ သိရပါတယ်” ဟု ပြောသည်။

အဆိုပါကျေးရွာသည် မန္တလေး-ပြင်ဦးလွင် ကားလမ်း ၁၆ မိုင်ဂိတ်မှ ၉ မိုင်ကွာဝေးသော ဒုဋ္ဌဝတီမြစ်ဘေးတွင် တည်ရှိပြီး ဒေသခံများနေထိုင်သည့် နေရာတချို့ ဒုဋ္ဌဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုများ ဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ စိုက်ပျိုး ယာမြေများသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရာက တိုးချဲ့ကွက်သစ်အဖြစ် ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

“၂၀ဝ၀ ခုနှစ်က နိုင်ငံတော်စီမံချက်နဲ့ ဒုဋ္ဌဝတီမြစ်ကို ပိတ်ပြီး ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းစကတည်းက မန်ကျည်းအင်း ကျေးရွာဟောင်းက နှစ်စဉ်နှစ်တိုင်း ရေဝင်ရေလွှမ်းမိုးတာကို ကြုံတွေ့နေရတာကြောင့် ရေဘေး ကင်းလွှတ်စေဖို့ ယာမြေတွေ အပေါ်မှာ ပြောင်းရွှေ့ နေထိုင်ခဲ့ကြပါတယ်၊ ကျနော်တို့ ကျေးရွာကလေးက မြစ်ဘေးမှာ ရှိတာကြောင့် မြစ်ရေတိုက်စားလို့ ကမ်းပါးပြိုတာတွေလည်း ကြုံနေရတယ်၊ ဒီတော့ ရဲရွာ စီမံကိန်းသွား ကားလမ်းဘေး ကျေးရွာဟောင်းနဲ့ ကပ်လျက် ယာမြေပေါ်ကို ရွာလုံးကျွတ် ပြောင်းရွေ့တော့ အိမ်ခြေက ၁၅၀ ကျော် လူဦးရေ ၁ ထောင်ကျော် ရှိပါတယ်” ဟု မန်ကျည်းအင်း ကျေးရွာ ဒေသခံတောင်သူ ဦးမောင်ထွန်းက ပြောသည်။

မန်ကျည်းအင်း ကျေးရွာဒေသခံများ ပြောင်းရွှေ့နေထိုင်မှုကြောင့် ဖြစ်ပေါ်လာသည့် တိုးချဲ့ကွက်သစ်ကို ၂၀၁၄ ခုနှစ် အတွင်းက ယင်းကျေးရွာအား ပြည်ထဲရေး အမည်ပေါက် ကျေးရွာဖြစ်ရေးအတွက် မြို့နယ် အုပ်ချုပ်ရေးဌာနနှင့် ဌာနပေါင်းစုံ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး၍ တင်ပြထားသည့် ရွာနယ်နိမိတ်အား တိုက်ဆိုင်စစ်ဆေးခဲ့ရာ ဧက ၁၇၀ သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါဧက ၁၇၀ အတွက် တဧက တသိန်းနှုန်း ပေးရမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးက တောင်းယူမှုကို ဒေသခံများက ညှိနှိုင်းခဲ့ရာ ၁၂၅ သိန်းဖြင့် ပြုလုပ်ပေးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မန်ကျည်းအင်း ကျေးရွာသစ်အား ပြည်ထဲရေး အမည်ပေါက် ကျေးရွာအဖြစ် အမှုတွဲဖွင့်လှစ် ဆောင်ရွက် ပေးနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းရန် ရှိသည်ဟုဆိုကာ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့ဆုံခဲ့သည်။

ဒေသခံများ သွားရောက်တွေ့ဆုံခဲ့ရာ ၂၀၁၄ ခုနှစ်အတွင်းက အဖွဲ့အစည်းပေါင်းစုံဖြင့် တိုင်းထွာခဲ့သည့် မြေပုံအား ပယ်ချကာ မြို့နယ်အုပ်ချုပ်ရေးမှူး စိတ်ကြိုက် ရေးဆွဲထားသည့် မြေပုံအားပေးကာ လက်မှတ်ရေး ထိုးခိုင်းကြောင်း၊ ဒေသခံများက အဖွဲ့အစည်းပေါင်းစုံဖြင့် မူလရေးဆွဲ တိုင်းထွာထားသည့် မြေပုံ အတိုင်းသာ ချထားပေးရန် တောင်းဆိုခဲ့ရာ အဆင်ပြေမှု မရှိခဲ့သည့်အပြင် တိုင်ချင်ရာတိုင်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ခြင်းကြောင့် ယခုကဲ့သို့ တိုင်ကြားခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အဲဒီလို ပြည်ထဲရေး အမည်ပေါက် ဖြစ်စေဖို့အတွက် လျှောက်ထားခဲ့တာကို မြို့နယ်အုပ်ချုပ်ရေးမှူက အာဏာကို အလွဲသုံးစားပြုပြီးတော့ ပိုက်ဆံတောင်းတယ်၊ ကျေးရွာကနေ စုပေါင်းပြီး ပေးခဲ့ပါတယ်၊ ဒါပေမယ့် ဒီနေ့အချိန်အထိ လုပ်ကိုင် ဆောင်ရွက်ပေးခြင်း မရှိတာကြောင့် တိုင်းဒေသကြီး အစိုးရ အပါအဝင် နိုင်ငံတော် အဆင့်အထိကို တိုင်ကြားစာတွေ ပို့ခဲ့တယ်၊ အခုတော့ မြန်မာနိုင်ငံ အဂတိ တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးပေးလို့ ဖမ်းဆီး အရေးယူထားပါတယ်” ဟု ဒေသခံတောင်သူ တဦးဖြစ်သူ ဦးချစ်စံက ပြောသည်။

အလားတူ တခြား ဒေသခံများ၏ တိုင်ကြားမှုကို မြန်မာနိုင်ငံ အဂတိ တိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးခဲ့ရာ ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးသည် မန်ကျည်းအင်းကျေးရွာ ရွာသားများထံမှ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ၅ သောင်းကျပ်တန် လက်ဆောင်ပစ္စည်း ခြင်းတခြင်းနှင့် ငွေကျပ် ၅ သိန်း လက်ခံခဲ့ကြောင်း၊ ထို့အပြင် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျပ် ၁၁၅၀ဝ တန်ဖိုးရှိ ပုဆိုး၊ အင်္ကျီနှင့် ငွေကျပ် သိန်း ၃၀၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကျပ်သိန်း ၁၀ဝ လက်ခံရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒု ဦးစီးမှူး ဦးကျော်ကျော်နိုင်သည်လည်း ရွာသားများထံမှ ငွေကျပ် ၁၅၀ဝ၀ တန် ပုဆိုး၊ အင်္ကျီ၊ နေ့လည်စာ ဧည်ခံစရိတ် ကျပ် ၂၅၀ဝ၀ နှင့်အတူ ကျပ်သိန်း ၅၀၊ ၂၀၁၆ မတ်လ ၁၁ ရက်နေ့တွင် ဝါးနက်ကျေးရွာအား ပြည်ထဲရေး အမည်ပေါက် ရရှိရန် ပြုလုပ်ပေးမည်ဟုဆိုကာ ကမ္ဘာမြေအောင် ကုမ္ပဏီပိုင်ရှင် ဦးထွန်းနိုင်ထံမှ ကျပ်သိန်း ၄၀၊ ၂၀၁၅ ခုနှစ် မေလ ၂၁ ရက်နေ့တွင် မန်ကျည်အင်းကျေးရွာနှင့် ပတ်သက်ပြီး ဦးထွန်းနိုင်ထံမှပင် ကျပ်သိန်း ၅၀ အပြင် မန္တလေး ဂလက်ဆီ KTV တွင် ကျပ်သိန်း ၄၀၊ ပြင်ဦးလွင်မြို့ရှိ Tiger ဘီယာဆိုင်တွင် ကျပ် ၃၅ သိန်းတို့ကို လက်ခံ ရရှိခဲ့ကြောင်း သိရသည်။

အကြီးတန်းစာရေး ဦးအောင်စိုးမိုးသည် မန်ကျည်အင်းကျေးရွာ ကိစ္စတွင် ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူရုံးမှ ဝန်ထမ်း ဒေါ်ကြူကြူအေးနှင့် ပူးပေါင်း၍ ရွာသားများထံမှ ကျပ်သိန်း ၅၀၊ ၂၀၁၆ ဖေဖော်ဝါရီ ၂၀ ရက်နေ့က သမီးဖြစ်သူ အပ်ချုပ်ဆိုင် ဖွင့်ရန်အတွက် ဟုဆိုကာ ဦးမျိုးမင်းသန့်ထံမှ ကျပ် ၁၀ သိန်းအပြင် မတ်လ ၆ ရက်နေ့တွင် ကျပ် ၃ သိန်း လက်ခံရရှိခဲ့ကြသည်ဟု ထွက်ဆိုခဲ့ကြကြောင်း လာရောက်စစ်ဆေးသည့် အဂတိတိုက်ဖျက်ရေးအဖွဲ့ မှတ်တမ်းများအရ သိရသည်။

“အဂတိတိုက်ဖျက်ရေး ကော်မရှင်ကို မန်ကျည်းအင်း ဒေသခံတွေက အထောက်အထား အပြည့်အစုံနဲ့ လာရောက် တိုင်ကြားခဲ့တာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် တိုင်ကြားသူ ဒေသခံတွေ အားလုံးကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တယ်။ အဲဒီမှာ အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး အပါအဝင် ၃ ဦးဟာ ရာထူးတာဝန်အရ လုပ်ပိုင်ခွင့် အာဏာရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်နေကြပြီး ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ပြည်သူတွေထံကနေ တံစိုးလက်ဆောင်ပစ္စည်း ရယူခဲ့ခြင်းတွေ ရှိတယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်၊ အဂတိ လိုက်စားမှုတွေ ရှိတယ်ဆိုတာ စစ်ဆေး ပေါ်ပေါက်ခဲ့တယ်” ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်က ပြောသည်။

အဂတိ လိုက်စားမှုအတွက် တိုင်ကြားသူ မန်ကျည်းအင်းကျေးရွာ ရာအိမ်မှူး ဦးခင်မောင်ဝင်းက “ကျနော်တို့က အဂတိ လိုက်စားသူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားခဲ့တာပါ၊ စ တိုင်တဲ့ အချိန်ကတည်းက ကျနော်တို့ကိုပဲ စစ်ဆေးခဲ့တာ၊ အခုတရားခံတွေကို ဖမ်းဆီးပြီးတော့လည်း ထပ်ပြီး အစစ်ခံနေရတုန်းပဲ၊ ၂၉ ရက်နေ့က နေ့လည် ၂ နာရီကနေ စစ်ခဲ့တာ ည ၉ နာရီမှ ပြီးတယ်၊ ဒီလိုသာ လုပ်နေမယ်ဆို ရင် တရားခံတွေကို ထိရောက်တဲ့ ပြစ်ဒဏ် မပေးနိုင်မှာကိုပဲ စိုးရိမ်နေမိတာပါပဲ” ဟု ပြောသည်။

ယခုအခါ အဆိုပါအမှုကိစ္စနှင့် ပတ်သက်၍ ပြင်ဦးလွင်၊ မြို့မရဲစခန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးအား (ပ) ၂၁၉/၂၀၁၆၊ ၂၀၁၃ ခုနှစ် အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆၊ (ပ) ၂၂၀/၂၀၁၆၊ ၂၀၁၃ခုနှစ် အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဒု ဦးစီးမှူး ဦးကျော်ကျော်နိုင်အား (ပ) ၂၂၁/၂၀၁၆၊ ၂၀၁၃ ခုနှစ် အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆၊ (ပ)၂၂၂/ ၂၀၁၆ ၂၀၁၃ခုနှစ် အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ အကြီး တန်းစာရေး ဦးအောင်စိုးမိုးအား (ပ) ၂၂၃/၂၀၁၆၊ ၂၀၁၃ ခုနှစ် အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆၊ (ပ)၂၂၄/၂၀၁၆၊ ပုဒ်မ ၅၆ ဖြင့်လည်းကောင်း အမှုဖွင့် အရေးယူထားပြီး မန္တလေးတိုင်းဒေသကြီး တိုင်းတရားလွှတ်တော်သို့ တရားစွဲဆို တင်ပို့နိုင်ရေးအတွက် အမြန်ဆုံး လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading