နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒီဇိုင်းဆွဲထားသည့် ဆက်တီ စားပွဲ ပုံစံ ၃ မျိုးကို စက်မှုဝန်ကြီးဌာနက ထုတ်လုပ်၍ အများပြည်သူသို့ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်နှင့် ပတ်သက်ပြီး ယနေ့ နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာနရုံးတွင် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ဒေါ်အေးအေးဝင်း က မီဒီယာများသို့ ပြောသည်။
“သူ(ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင်ကို မှန်ရဲ့ အကျယ်အဝန်းနဲ့ မှန်ထားမယ့်နေရာ အမြင့်ကအစ ဒီဇိုင်းပေးတော့ ကျမ တို့ရဲ့ ပြည်ထောင်စုဝန်ကြီးက အစ်မကြီးရဲ့ လိုအပ်ချက်အတိုင်း ပုံဖော်ပေးတာပေါ့နော်။ တော်တော်များများကလည်း ကြိုက်နှစ်သက်ကြပါတယ်။ အစ်မကြီးရဲ့ ဒီဇိုင်းလည်း ဖြစ်တယ်။ လှလည်း လှတယ်။ သူက ကြည့်တတ်တယ်လေ။ ပြောရ ရင်တော့ ယဉ်တာပေါ့”ဟုလည်း ဒေါ်အေးအေး ဝင်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဒီဇိုင်းဆွဲထားသည့် ဆက်တီ စားပွဲခုံများကို မြို့ကြီးများရှိ စက်မှု ဝန်ကြီးဌာန အရောင်းဆိုင်များတွင် တင်၍ ရောင်းချသွားမည် ဖြစ်ကြောင်း၊ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စက်မှုဝန်ကြီးဌာန ပြပွဲတွင် နိုင်ငံတော် အတိုင်ပင် ခံ ၏ ဒီဇိုင်းဖြစ်သည့် ထိုဆက်တီ စားပွဲများကို အော်ဒါမှာသူ များပြားခဲ့ကြောင်းလည်း သိရသည်။
“ယွန်းတိုင်လေးတွေရယ်၊ သစ်သား ပွတ်လုံးလေးတွေရယ် လုပ်နေတယ်။ စက်မှုဝန်ကြီးဌာန အရောင်းဆိုင်တိုင်းမှာ တင်ပြီး ရောင်းဖို့ ရှိတယ်။ မြို့ကြီးတွေက ဆိုင်တိုင်းမှာ တင်ရောင်းမယ်။ Customer လိုအပ်ချက် ရှိတယ်ဆိုရင် ပံ့ပိုးပေးသွားမှာပေါ့” ဟု ဒေါ်အေးအေးဝင်း က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဒီဇိုင်း ၃ မျိုးပေးထားပြီး ၂ မျိုးကို ထုတ်လုပ်ပြီးဖြစ်၍ နောက်ဆုံး တမျိုးဖြစ်သည့် Corner Table သည် ထုတ်လုပ်ဆဲ အဆင့်တွင်သာ ရှိသေးကြောင်း၊ ယင်းနောက်ဆုံး ဒီဇိုင်းကို မှန်စက်ရုံမှ ဒီဇိုင်းထုတ်နေပြီ ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန နည်းပညာ ဖွံ့ဖြိုးရေးဌာန ဒု အထွေထွေ မန်နေဂျာ ဦးဇော်လင်းထွန်းက ဧရာဝတီသို့ ပြောသည်။
“ဈေးနှုန်းကတော့ ကျပ် ၁ သိန်းကျော်တွေပဲ။ ပုံစံတွေက ၂ ဆင့်၊ ၃ ဆင့် ရှိတယ်။ ပန်းထိုးတာ ရှိတယ်။ ယွန်းထိုးတာလည်း ရှိတယ်။ ရာသီ ဥတုကြောင့် ပွတာတို့ ကျုံ့တာတို့လည်း မဖြစ်ဘူး။ ပစ္စည်းကလှတော့ ပန်းထိုးတဲ့အချိန်မှာ လုပ်ရတာ လက် ဝင်တယ်။ ကျွန်းပေါင်းသားနဲ့ လုပ်တာ။ ကျွန်းကို တလလောက် အပူချိန် ၆၀ လောက် ထားရတယ်။ မှန်ကလည်း ကောင်း တဲ့ အတွက် တော်ရုံတန်ရုံ ပစ္စည်း ပြုတ်ကျလည်း မကွဲပါဘူး”ဟုလည်း ဦးဇော်လင်းထွန်းက ပြောပြသည်။