လွန်ခဲ့သော လက စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အတွင်း လူအပြည့်အသိပ် တင်ဆောင်လာပြီး နစ်မြုပ်သွားကာ လူ ၇၀ ကျော် သေဆုံးစေခဲ့သော အောင်စိုးမိုးကျော် (၂) ၏ ရေယာဉ်ပဲ့ကိုင် အပါအဝင် တာဝန်ရှိသူ ၅ ဦးကို ရာဇသတ်ကြီး ပုဒ်မများအရ အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။
သေဆုံးသူ တဦးချင်းစီ၏ မိသားစုများကိုလည်း အစိုးရက ထောက်ပံ့ကြေးများ ပေးခဲ့သည်ဟု တိုင်းအစိုးရက ပြောသည်။ ကယ်ဆယ်ရေး သမားများက အလောင်း ၇၃ လောင်း ဆယ်ယူနိုင်ခဲ့ပြီး ၇ ဦးမှာ ပျောက်ဆုံး နေဆဲ ဖြစ်ကြောင်း သိရသည်။
ရေယာဉ်လုပ်သား ၄ ဦး ပါအဝင် အသက်ရှင်ကျန်ရစ်သူ ၁၅၉ ဦး ရှိသည်ဟု စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောသည်။
အစိုးရ၏ အသက်အာမခံကြေး အပြင် ထောက်ပံ့ကြေး ကျပ်ငွေ ၁၇ သိန်း (အမေရိကန်ဒေါ်လာ ၁၃၀၀ ခန့်) ကို သေဆုံးသူ ၇၀ ၏ မိသားစုများသို့ အောက်တိုဘာလ ၂၃ ရက်နေ့က ပေးအပ်ခဲ့ပြီး ဖြစ်သည်ဟု သူက ပြောသည်။
ရေယာဉ်နစ်မြုပ်ချိန်တွင် ခရီးသည် အတိအကျ မည်မျှရှိကြောင်း အာဏာပိုင်များက အတည်မပြုနိုင်သော်လည်း ရှင်ကျန်ရစ်သူများ၏ ပြောဆိုချက်အရ ခရီးသည်ပေါင်း ၂၅၀ ခန့် အနည်းဆုံး ပါဝင်ကြောင်း ခန့်မှန်းကြသည်။ ယင်းအောင်စိုးမိုးကျော် ရေယာဉ်ကို ခရီးသည် ၃၆ ယောက်သာ တင်ဆောင်ရန် သတ်မှတ်ထားကြောင်း ရေယာဉ်မှတ်ပုံတင်ထားသည့် စစ်ကိုင်းတိုင်း ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက ပြောသည်။
ပုဂ္ဂလိကပိုင် အောင်စိုးမိုးကျော် (၂) ရေယာဉ်ပဲ့ကိုင် ကိုဇော်မျိုးဝင်းသည် အောက်တိုဘာလအလယ် သင်္ဘောနစ်ချိန်ကတည်းက တိမ်းရှောင် နေခဲ့သော်လည်း ပြီးခဲ့သည့် သောကြာနေ့တွင် ကနီမြို့နယ် ရဲစခန်းထံသို့ လာရောက် အဖမ်းခံခဲ့သည်ဟု ကနီမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး တင်မောင်မြင့်က ပြောသည်။
ထိုရေယာဉ်နစ်မြုပ်မှု အတွက် လက်ရှိအထိ တာဝန်ရှိသူ ၅ ဦးကို ရဲအဖွဲ့က ဖမ်းဆီးထားပြီး ၎င်းတို့ထဲတွင် ယင်းရေယာဉ်၏ ရှယ်ယာအချို့ ပိုင်ဆိုင်သူ ဦးမြင့်ကျော်လည်း ပါဝင်သည်ဟု ရဲမှူးတင်မောင်မြင့်က ပြောသည်။ အခြားရှယ်ယာပိုင်ဆိုင်သူ ဦးဌေးဇော်မှာ ထွက်ပြေးနေသည်ဟုလည်း သူက ပြောသည်။
ရေယာဉ်နစ်မြုပ်မှုအတွက် တာဝန်ရှိသူ ၅ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၂၈၀၊ ၃၀၄ (က) နှင့် ၁၁၄ တို့ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ပုဒ်မ ၂၈၀ အရ လူ့အသက် အန္တရာယ်ဖြစ်အောင် သို့မဟုတ် အခြားသူတဦးကို ထိခိုက်ဒဏ်ရာရအောင် မည်သည့် ရေယာဉ်ကို မဆို ပေါ့ဆစွာ မောင်းနှင်သူ မည်သူကိုမဆို အမြင့်ဆုံး ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်သည် ဟု လည်းကောင်း၊ ပုဒ်မ ၃၀၄ (က) အရ ပေါ့ဆမှုကြောင့် လူသေဆုံးခြင်း အတွက် ထောင်ဒဏ် ၇ နှစ်မှ ၁၀ နှစ်အထိ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။
“၁၁၄ ကတော့ ရေယာဉ်လုပ်သားတွေကို အမှုကို အားပေးကူညီမှု သဘောမျိုးပေါ့။ ရေယာဉ်များ အသက်ကယ်ဘော မပါတာတွေရော အကုန်လုံးပေါ့” ဟု ထိုရဲအရာရှိက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
အမှုစစ်ဆေးပြီးသွားလျှင် ခရိုင်တရားရုံးသို့ စွဲချက်တင် စွဲဆိုသွားမည် ဖြစ်ကြောင်းလည်း ထပ်မံပြောဆိုသည်။
တိုင်းအစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အသေးစိတ် အစီရင်ခံစာနှင့် အကြံပေးချက်များ ထွက်ရှိလာပါက လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို ပြန်လည်စိစစ်ခြင်းများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောသည်။
“မူလ စည်းကမ်းချက်တွေက ဥပဒေအရ ရှိထားပြီးသား၊ ဒါက မလိုက်နာလို့ ဖြစ်ရတာ” ဟု သူက ပြောသည်။
တိုင်းအစိုးရသည် သယ်ယူပို့ဆောင်ရေး အာဏာပိုင်များအား ရေယာဉ်များကို လူပို မတင်စေရန်နှင့် ကုန်စည်အပို မတင်စေရန် ချင်းတွင်းမြစ်ကြောင်း တလျှောက် ရေယာဉ်ဆိပ်တိုင်းတွင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များက စစ်ဆေးရန် ညွှန်ကြားထားကြောင်းလည်း ဦးသန်းညွန့်ဝင်းက ပြောသည်။
အောင်စိုးမိုးကျော် (၂) ရေယာဉ်သည် သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်၏ ညွှန်ကြားချက် ဖြစ်သည့် ချင်းတွင်းမြစ် အတွင်း ညအချိန် မခုတ်မောင်းရန် ညွှန်ကြားချက်ကိုလည်း ချိုးဖောက်ခဲ့သည်။
ပုဂ္ဂလိကပိုင် ရေယာဉ်များကို ထိန်းချုပ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေများတွင် လိုအပ်ချက်များ ရှိကြောင်း စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြင့်နိုင်က ဝန်ခံပြောဆိုခဲ့ပြီး တိုင်းအစိုးရသည် စည်းမျဉ်းချိုးဖောက်သော ရေယာဉ်များကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူမည် ဟုလည်း ကနီမြို့နယ် မင်းချောင်းကျေးရွာအနီး သင်္ဘောဆယ်ယူမှုကို လာရောက် စစ်ဆေးစဉ်က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင်လည်း အလားတူ ရေယာဉ်နစ်မြုပ်မှုမျိုးများ ဖြစ်ပွားခဲ့ပြီး သေဆုံးရမှုများမှာ ခရီးသည်များအတွက် အသက်ကယ်အကျီၤ အလုံအလောက် သို့မဟုတ် လုံးဝမရှိသောကြောင့် ဖြစ်သည်ဟု ရဲအဖွဲ့များက မှတ်ချက်ချသည်။ ။