ဆောင်းဦးကာလ ရောက်ရှိနေသော်လည်း ရန်ကုန်တိုင်းအတွင်း ခရမ်းလွန်ရောင်ခြည် အညွန်းကိန်းသည် ၁၀ အထိ မြင့်တက်နေကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန(မိုး/ဇလ) တိုင်းတာချက်အရ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန တိုင်းတာချက်အရ ရန်ကုန်တိုင်း ဒေသကြီး အတွင်း အောက်တိုဘာ ၃၁ ရက်တွင် ခရမ်းလွန်ရောင်ခြည် အညွန်းကိန်း ၁၀၊ နိုဝင်ဘာ ၁ ရက်တွင် ခရမ်းလွန်ရောင်ခြည် အညွန်းကိန်း ၈ အထိ မြင့်တက်နေ ကြောင်း မိုး/ဇလ ဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ သန်းနိုင်က ဧရာဝတီကို ပြောသည်။
မိုး/ဇလ ဌာနက နွေရာသီတွင် ခရမ်းလွန်ရောင်ခြည်ကို တနေ့လျှင် ၁ နာရီခြား တခါ တိုင်းတာသော်လည်း ဆောင်းရာသီ တွင် တနေ့ ၃ ကြိမ် တိုင်းတာကြောင်းလည်း ပြောပြသည်။
“ခရမ်းလွန်အညွှန်း Level သတ်မှတ်ချက်အရ ၈ ကျော်ရင် များတဲ့အနေအထား ရှိတယ်။ ဒါပေမယ့် ဒီထက် တက်ဖို့ မရှိ ဘူးလို့ ထင်ပါတယ်။ သာမန် အနေအထားဆိုရင် ဆောင်းရာသီက ခရမ်းလွန်ရောင်ခြည် တက်ဖို့ အနေအထား မရှိဘူး” ဟု မိုး/ဇလ ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင်နိုင်တီယမ် က ဧရာဝတီကို ပြောသည်။
သို့သော် ဆောင်းရာသီကာလတွင် ခရမ်းလွန်ရောင်ခြည် အန္တရာယ်သည် စိုးရိမ်စရာ မရှိကြောင်းနှင့် နွေရာသီ အပူရှိန် မြင့် မား လာသည့် အချိန်မှသာ ခရမ်းလွန်ရောင်ခြည် အန္တရာယ် သတိရှိရန် လိုအပ်ကြောင်း ဒေါက်တာ ဟာရင်နိုင်တီယမ် က ဆိုသည်။
ခရမ်းလွန်ရောင်ခြည် မြင့်မားမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် (တောင်ပိုင်း)၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး (တောင်ပိုင်း)၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့၌ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားသည့် အဆင့်တွင် ရှိနိုင်ပြီး ကျန်ဒေသများသည် မြင့်မားအဆင့်တွင် ရှိနိုင်သည်ဟု မိုးလေဝသ ပညာရှင် ဦးထွန်းလွင် ကလည်း ၎င်း၏ ဖေ့စ်ဘုတ် တွင် ရေးသားထားသည်။
ယခုနှစ်အတွင်း ခရမ်းလွန်ရောင်ခြည်သည် ပြီးခဲ့သည့်မတ်လက ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် အညွှန်းကိန်း အလွန်မြင့်မားခဲ့ပြီး အဆင့် ၁၀ အထိရှိခဲ့ကြောင်းနှင့် ကျန်ဒေသများတွင် ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့် (၁၃) အထိ ရှိခဲ့ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။
ခရမ်းလွန်ရောင်ခြည် မြင့်မားမှုမှ ကာကွယ်ရန် နေ့လယ်ပိုင်း၌ ပြင်ပအပူချိန်နှင့် လိုက်လျောညီထွေသည့် အဝတ်များ ဝတ် ဆင် ရန်၊ အပြင်ထွက်သည့်အခါ အပူဒဏ်မှ ကာကွယ်နိုင်သည့် အနားသတ်ကျယ်ပြန်သည့် ဦးထုပ်၊ ထီးဆောင်းရန်နှင့် နေရောင်ကာဆီ အနည်းဆုံး SPF 30 လိမ်းရန်နှင့် နေ့လယ်ပိုင်း၌ အပူချိန်မြင့်တက်နိုင်သဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အတွင်း အပြင်မထွက်ရန် လိုအပ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံမှ အရေပြား အထူးကု ဆရာဝန် ဒေါက်တာ လင်းထက် က ပြောဆိုသည်။
“နေရောင်ခြည်ထဲ သွားတဲ့အခါ ချည်ထည် အင်္ကျီပွပွ လက်ရှည်ပေါ့။ တတ်နိုင်သလောက် ဖုံးတာကောင်းတာပေါ့။ အနက်ရောင် မဝတ်ရဘူး။ အနက်က အပူစုပ်တော့ တတ်နိုင်သလောက် အဖြူရောင် ဝတ်ရမယ်”ဟုလည်း ဒေါက်တာ လင်းထက် က ဆိုသည်။
အညွှန်းကိန်း မြင့်မားသည့် ခရမ်းလွန်ရောင်ခြည်များ လူ့ခန္ဓာကိုယ်ပေါ်သို့လွန်ကဲစွာ ကျရောက်မိပါက အရေပြားကင်ဆာ၊ အရွယ်မတိုင်မီ အရေပြားများ ရင့်ရော်ခြင်း ၊ မျက်စိတိမ်စွဲခြင်း ၊ မျက်စိကင်ဆာနှင့် မျိုးပွားဗီဇ ပျက်စီးခြင်း စသည့် ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ကြုံတွေ့နိုင်ကြောင်း သိရသည်။