နယ်ခြားစောင့် ရဲစခန်းများ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် ရခိုင်ပြည်နယ် မောင်တောခရိုင်သို့ ကုလသမဂ္ဂဌာနေ ညှိနှိုင်း ရေးမှူးနှင့် ထိပ်တန်းသံတမန်များ ပါဝင်သည့် အဖွဲ့သည် ယနေ့ လေ့လာရေးခရီး စတင် သွားရောက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
မောင်တောခရိုင်သို့ ၂ ရက်ကြာ လေ့လာရေး ခရီးစဉ်တွင် နယ်စပ်ရေးရာ ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန တို့မှ ဒုဝန်ကြီး ဦးဆောင်၍ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့်အတူ တရုတ်၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တူရကီ၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့မှ သံတမန်များ လိုက်ပါသွားကြောင်း သိရသည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးစိုင်းထွန်းညို က“နိုင်ငံတကာက ရခိုင်ဖြစ်စဉ်မှာ ဘာမှမသိဘူး။ လူ့အခွင့်အရေး ချိုးဖောက်တယ် ဆိုတာတွေ ပြောနေကြတယ်။ အဲဒါတွေ မဟုတ်ဘူးဆိုတာ သူတို့ကိုယ်တိုင် မျက်မြင် ကြည့်နိုင်အောင် ခေါ်သွားတာ ဖြစ်တယ်”ဟု ဧရာဝတီကို ပြောသည်။
လေ့လာရေးအဖွဲ့သည် ယနေ့တွင် ပြည်နယ်အစိုးရအဖွဲ့၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စစ်တွေမြို့မှ တဆင့် ကျီးကန်းပြင် နှင့် ကြိမ်ချောင်း ကျေးရွာများသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက “အခု ကုလ က အဖွဲ့တွေ မောင်တော သွားနေပြီ။ ပြည်နယ် ဝန်ကြီးချုပ်လည်း ပါသွားတယ်။ သွားမယ့်နေရာတွေက သူတို့အဖွဲ့တွေ သွားချင်တဲ့ နေရာတွေကို ညှိနှိုင်းပြီး အကုန်လိုက်ပို့ ဖို့ လုပ်ထားတယ်”ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က မောင်တောခရိုင်အတွင်း ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ရသော အကြမ်းဖက် တိုက်ခိုက် ခံရမှုအပြီး အစိုးရက ဒေသတွင်း လူ ၅ ဦး ထက် ပိုမစုရ၊ ညမထွက်ရ အမိန့် ပုဒ်မ – ၁၄၄ ထုတ်ပြန်၍ အကြမ်းဖက် တိုက် ခိုက်သူများကို နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။
ထိုသို့နယ်မြေ ရှင်းလင်းစဉ်အတွင်း မွတ်စလင် ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက် မှုများ ရှိနေသည်ဟု စွပ်စွဲမှုများရှိနေပြီး ထိုသို့စွပ်စွဲပြောဆိုမှုများ အပေါ် နိုင်ငံတော် သမ္မတရုံးက ငြင်းဆိုထားပြီး ဥပဒေနှင့် အညီ လုပ်ဆောင်လျက်ရှိကြောင်း၊ ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ဧရာဝတီကို ပြောဆိုထားသည်။
မောင်တောခရိုင် အတွင်း လုံခြုံရေးအခြေအနေအရ ယာယီပိတ်ပင်ထားခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို လူသားချင်း စာနာမှုဆိုင်ရာ ရိက္ခာများ ဖြန့်ဝေရေးအတွက် ပြီးခဲ့သည့် အောက်တိုဘာ ၂၄၊ ၂၅ ရက်က ပြန်လည် ဝင်ရောက် ခွင့် ပြုထားပြီဖြစ်ကြောင်း ဆိုသည်။
မောင်တောတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့တခုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က အောက်တိုဘာ ၂၅ ရက်တွင် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။