ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMCU) ၏ စစ်ဆေးရေး အဖွဲ့ က အပစ်ရပ် လက်မှတ်ထိုးထားသော RCSS/SSA နှင့် အစိုးရ တပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားမှု အကြောင်းရင်းကို ဖော်ထုတ် အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် ယခုလ ၁ ရက်နေ့က စတင်ပြီး ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင် ပိုင်း (RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့ကြား ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲ ဖြစ်ပွားမှု အကြောင်းရင်းကို လက်တွေ့ ကွင်းဆင်း စစ်ဆေးနေခြင်း ဖြစ်ကြောင်း JMCU အထောက်အကူပြု အလုပ်အဖွဲ့ ပင်မ ရုံး ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦး က ပြောပြသည်။
ဒေါက်တာ မင်းဇော်ဦး က “အခုဟာက ဖြစ်တဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးတဲ့အဆင့်ပါ။ ဖြစ်စဉ်ကို အတည်ပြုပြီးပြီ ဆိုလို့ရှိရင် JMCU ကနေပြီးတော့ ချိုးဖောက်မှု ရှိတယ် ဆိုလို့ရှိရင် သက်ဆိုင်ရာက သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကနေပြီးတော့ ချိုးဖောက်တဲ့ တာဝန်ရှိတဲ့သူတွေကို အရေးယူမှုတွေ လုပ်ရမှာပေါ့။ ချိုးဖောက်မှု မဟုတ်ဘူးဆိုရင်တော့ နောက် ဒီလို မဖြစ် အောင် ညှိနှိုင်းပြီး လုပ်ရမယ့် ဟာတွေ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ RCSS/SSA ၏ ဘိန်းဖြတ်စခန်းကို တပ်မတော် စစ်ကြောင်းက ဝင်ရောက် တိုက်ခိုက် ခဲ့ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး နမ့်လန်နှင့် တုံလော ဒေသများတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မူလ က သတင်း မီဒီယာ များကို RCSS/SSA က ပြောဆိုထားသည်။
ထိုဖြစ်စဉ် အပေါ် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်နေသည့် JMCU စစ်ဆေးရေး အဖွဲ့ကို အရပ်သားများက ဦးဆောင်ပြီး ပဋိပက္ခဖြစ်ပွား ခဲ့သော နှစ်ဘက်တပ်ဖွဲ့များဘက်မှ ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း ဒေါက်တာ မင်းဇော်ဦးနှင့် RCSS/SSA အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလ တို့က ပြောသည်။
JMCU စစ်ဆေးရေးအဖွဲ့သည် တိုက်ပွဲဖြစ်ပွားခဲ့သည့် သုံးနေရာအနက် နမ့်လန် ဒေသတွင် စစ်ဆေးမှုများပြုလုပ်ပြီးပြီ ဖြစ်သော်လည်း တုန်လောနှင့် မိုင်းကိုင်ဒေသများတွင် ပဋိပက္ခဖြစ်ပွားမှုနှင့် ဆက်စပ်သူများ ဒေသခံများကို ဆက်လက်ပြီး မေးမြန်း စုံစမ်းမှုများ ပြုလုပ်ရဦးမည်ဖြစ်သည်ဟု ဆိုသည်။
ထိုမှ ရရှိလာသော စစ်ဆေးမှု အစီရင်ခံစာကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေး ကော်မတီ (JMCU) ကို တင်သွင်းအတည်ပြုချက် ရယူပြီး ပဋိပက္ခဖြစ်ပွားခဲ့သော နှစ်ဘက်အဖွဲ့အစည်း အသီးသီးထံ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့်ပတ်သက်၍ JMCU စစ်ဆေးရေး အဖွဲ့ အနေ ဖြင့် ကွင်းဆင်း ဆောင်ရွက်မှုသည် ပထမဆုံးအကြိမ် ဖြစ်ပြီး ယခုကဲ့သို့ ဆောင်ရွက်လာမှု အပေါ် ကောင်းမွန်သည့် အလား အလာတခု အဖြစ် ရှုမြင်ကြောင်း RCSS/SSA အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလ ပြောသည်။
“အပစ်အခတ်ရပ်စဲရေး စာချုပ်တွေ ချုပ်ဆိုပြီးတဲ့နောက်မှာ တဘက်နဲ့တဘက် ထိတွေ့မှုတွေ ဖြစ်နေတဲ့ အပေါ် အပြန် အလှန် စွပ်စွဲမှုတွေပဲ ရှိခဲ့ကြတယ်။ ဒီလိုမျိုး ကော်မတီ ဖွဲ့စည်းပြီးတော့ အရပ်သား ကိုယ်စားလှယ်တွေ၊ အစိုးရဘက်က ကိုယ်စားလှယ်တွေ ကျနော်တို့ဘက်က ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး ထိတွေ့မှုဖြစ်ပွားခဲ့တဲ့ နေရာမှာ ကွင်းဆင်းလေ့လာ စစ်ဆေးတာ တခါမှ မရှိခဲ့ဘူးတော့ အခုလိုမျိုး လုပ်လာနိုင်တာ ကောင်းတဲ့အလားအလာ တခုပါ”ဟုလည်း ဗိုလ်မှူးကြီး စိုင်းလ က ပြောဆိုသည်။
ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာကို တပ်မတော်ဘက်ကရော RCSS/SSA ကပါ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ရန် ကြည်ဖြူ စွာ ခွင့်ပြုချက်ပေးလာခြင်းသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMCU) ၏ ယန္တရား အသက်ဝင်နေသည်ကို ပြသရာရောက်ကြောင်း ဒေါက်တာ မင်းဇော်ဦးက ဆိုသည်။
“ဒီလိုမျိုး စိစစ်ရေးကို နှစ်ဘက်လုံးက လိုလိုလားလား လက်ခံတယ်ဆိုတာက NCA ကို လိုက်နာရမယ်၊ မချိုးဖောက်ရဘူး။ ဆိုတဲ့ အမြင်ရှိတယ်လို့ မြင်တယ်လေ။ ဒီလိုထိတွေ့မှုကတော့ ဖြစ်တတ်ပါတယ်။ အမြင်မှားပြီးတော့ ဖြစ်တဲ့ ပြဿနာတွေ လည်း ရှိတတ် ပါတယ်။ နယ်မြေ သတ်မှတ်မှုတွေ အတည်မကျသေးတဲ့ အခါမှာ ဖြစ်တတ်တာလည်း ရှိပါတယ်”ဟုလည်း ဒေါက်တာ မင်းဇော်ဦး က ပြောသည်။
တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် RCSS/SSA အဖွဲ့သည် အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် အတူ လက်မှတ် ရေးထိုးခဲ့သည့် အဖွဲ့ဖြစ်သည်။