ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့နယ် ကောင်းဟော် ကျေးရွာတွင် နေထိုင်သော အသက် မပြည့်သေးသည့် မိန်းကလေး တဦးကို ယမန်နေ့ ညပိုင်းက နမ္မတူ တံတား၌ လုံခြုံရေး တာဝန်ကျ ရဲ တဦးက အဓမ္မပြုကျင့်သည့်အမှု ဖြစ်ပွားကြောင်း စုံစမ်း သိရှိရသည်။
“လက်ရှိတော့ အတင်း အဓမ္မကျင့်တဲ့ ရဲကို ရဲစခန်း အပ်လိုက်ပါပြီ။ ဘယ်လိုလုပ်မှာလဲ ဆိုတာကတော့ ကျနော်တို့ ဆွေးနွေး ရဦးမယ်”ဟု သိန်းနီ ကချင်နှစ်ခြင်း အသင်းတော် အတွင်းရေးမှူး ဆရာခွန်ဂေါင် က ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ ည ၁၀ နာရီခွဲခန့်တွင် အဆိုပါ အသက် ၁၆ နှစ်အရွယ် မိန်းကလေးသည် မိသားစုဝင်များကို စိတ်ဆိုးပြီး ဦးလေး အိမ်တွင် အိပ်ရန် လမ်းလျှောက်သွားရာ နမ္မတူ တံတား အရောက်တွင် လုံခြုံရေး တာဝန်ကျ ရဲက မိန်းကလေး တဦးတည်း ည အချိန်မတော် မသွားသင့်ကြောင်း၊ လက်ထိပ်ပြပြီး ၎င်းက သွားလိုသည့်နေရာ လိုက်ပို့ပေးမည် ဖြစ်ကြောင်း ပြောဆိုကာ ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့နောက် လမ်းတဝက်အရောက် မိုးချုပ်နေပြီး ဆက်လက် မသွာသင့်ကြောင်း အဆိုပါ ရဲက ၎င်း၏ ဆွေမျိုးအိမ်တွင် အိပ် ရန် ပြောဆိုပြီး တည်းခိုခန်းသို့ ခေါ်ဆောင်သွားကြောင်း၊ တည်းခိုခန်းကို ဝင်ရာတွင် ရှေ့ပေါက်မှ မဝင်ဘဲ နောက်ပေါက်မှ ဝင် သဖြင့် မိန်းကလေးက တည်းခိုခန်းဟု မသိရှိဘဲ အခန်းတွင်းရောက်ပြီး တံခါးပိတ်လိုက်မှသာ သိရှိခဲ့ခြင်း ဖြစ်ကြောင်း ဆရာ ခွန်ဂေါင်က ပြောပြသည်။
ဆက်လက်ပြီး ဆရာခွန်ဂေါင် က ရဲ က အမျိုးသမီးငယ်ကို လိမ်လည်ပြီး စကားဝါ တည်းခိုခန်းသို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့် လိုက်ခြင်း ဖြစ်သည်ဟုလည်း ပြောသည်။
ထို့နောက် နံနက်အစောပိုင်း ၃နာရီခန့်တွင် မိန်းကလေး၏ နေအိမ်အနီးသို့ အဆိုပါ ရဲ ကိုယ်တိုင် လာရောက်ပို့ဆောင် ပေးခဲ့ သည်ဟုလည်း ဆိုသည်။
ထိုအမှုနှင့်ပတ်သက်ပြီး သိန်းနီ ရဲစခန်းမှ တာဝန်ကျ ရဲ တဦးက “အခု လောလောဆယ် ကျနော်တို့ အဲ့ဒီ ရဲကို စစ်ဆေး နေ ပါတယ်။ အမှုဖွင့်လား မဖွင့်လား ကျနော် မသိဘူး။ စစ်တာတော့ စစ်နေတယ်”ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ အဓမ္မပြုကျင့်ခံရသည့် မိန်းကလေး၏ မိသားစုဝင်များ လာရောက်ဖွင့်ဆိုထားသည့် ပြစ်မှုဆိုင်ရာ ပုဒ်မကို ရဲစခန်း က ပြောဆိုခြင်း မရှိပါ။
ယင်းအမှုကို တရားဥပဒေအရ ဖြစ်စေလိုကြောင်း၊ အမှန်အတိုင်းဖြစ်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်းလည်း ဆရာ ခွန်ဂေါင် က ဆိုသည်။
မိန်းကလေး၏ မိသားစုဝင် တဦး ဖြစ်သူ ဦးဇော်လွင် က “ကျနော်တို့ဘာ ဆက်လုပ်ရမယ် ဆိုတာ မသိဘူး။ ရဲစခန်းကို တော့ သွားတိုင်ထားတယ်။ ရဲကိုလည်း ဖမ်းထားတယ်။ အမှုကတော့ ဖွင့်ထားတယ်။ ဒီလို ရဲစခန်းတွေ ဘာတွေကလည်း တခါမှ မရောက်ဖူးဘူး။ အမှုကို ဘယ်လို ဖွင့်ရမှာလဲ ဆိုတာ မသိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
မိန်းကလေး ၏ မိသားစုဝင်များက ဥပဒေ ပိုင်းဆိုင်ရာ သိနားလည်မှု အားနည်းသဖြင့် အဓမ္မပြုကျင့်ခံရသည့် ကိစ္စကို မည်သည့် ပုဒ်မဖြင့် အရေးယူပြီး ရဲစခန်းမှ မည်သို့ ဆောင်ရွက်မည်ကို မသိရှိကြောင်းလည်း သိရသည်။
ထိုသို့သော အိမ်တွင်းအကြမ်းဖက်မှု နှင့် အဓမ္မပြုကျင့်မှု တို့ တိုင်ကြားသည့် အခါတွင် အခက်အခဲများစွာ ရှိနေကြောင်း၊ အဓမ္မပြုကျင့်မှု ဖြစ်ပွားသည့် အခါတွင်လည်း မည်သည့်နေရာကို ဦးတည်တိုင်ကြားရမည်ကို မသိရှိကြကြောင်း၊ သက် ဆိုင်ရာ ရဲစခန်း ၏ ဝန်ဆောင်မှုသည်လည်း လိုအပ်ချက် များစွာ ရှိနေကြောင်း အမျိုးသမီး အရေး ဆောင်ရွက်နေသူ များ က ပြောဆိုကြသည်။