၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀ လ အတွင်း) ရန်ကုန် မန္တလေး အမြန်လမ်းတွင် မော်တော်ယာဉ် မတော်တဆမှုနှင့်အသက်သေဆုံးခြင်း အရေအတွက်မှာ ယမန်နှစ်ထက် ပိုမိုများပြားနေကြောင်း အဝေးပြေးလမ်းမကြီး ယာဉ်ထိန်းတပ်ဖွဲ့ မှ အရာရှိတဦးက ဧရာဝတီသို့နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောသည်။
၂၀၁၅ ခုနှစ်အတွင်းတွင် အမြန်လမ်း၌ မော်တော်ယာဉ် မတော်တဆမှုကြောင့် သေဆုံးသူ ၁၂၀ ခန့် ရှိခဲ့သော်လည်း ယခု ၂၀၁၆ ခုနှစ် အတွင်းတွင် အောက်တိုဘာလကုန်အထိ ၁၃၄ ဦး သေဆုံးခဲ့ရပြီး ဖြစ်သည်ဟု အမြန်လမ်းမကြီး ရဲအရာရှိ ဦးစိုးဝင်း ပြောပြချက်အရ သိရသည်။
မတော်တဆမှု သိသိသာသာတိုးတက်လာရခြင်း၏ အကြောင်းရင်းတခုမှာ အမြန်လမ်းကို အသုံးပြုသူ အရေအတွက် ပိုမို တိုးပွားလာခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်အတွင်းတွင် အမြန်လမ်းကို အသုံးပြုသည့် ယာဉ်စီးရေ မှာ ၁၆၀၀၀ ခန့် ရှိ သည်ဟု ခန့်မှန်း ထားသည်။ သို့သော်လည်း ၂၀၁၆ ခုနှစ်သို့ရောက်သည့် အခါ ၂၀၀၀၀ မှ ၂၃၀၀၀ ခန့်အထိ မြင့်တက်လာခဲ့သည်။ အဆိုပါယာဉ်များ၏ ၇၀ရာခိုင်နှုန်း ဝန်းကျင် မှာ ကိုယ်ပိုင်ယာဉ်များဖြစ်သည်ဟု ဦးစိုးဝင်းက ခန့်မှန်းခဲ့သည်။
ဇန်နဝါရီလ မှ အောက်တိုဘာလ အတွင်း အမြန်လမ်းပေါ်တွင် မတော်တဆမှု ၆၃၃ ကြိမ်ဖြစ်ပွားခဲ့ရာ ၁၃၄ ဦး သေဆုံး၍ ၁၀၇၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါ မတော်တဆမှုများထဲ တွင် ၂၈၇ ခုမှာ သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းနှင်ခြင်းကြောင့်ဖြစ်ပြီး၊ ၁၃၅ခုမှာ ဘီးများပေါက်ခြင်းကြောင့် ဖြစ်သည်။ ကားမတော် တဆမှု ၉၀ မှာ မော်တော်ဆိုင်ကယ်များ၏ မဆင်မခြင်မောင်းနှင်ခြင်းကြောင့် ဖြစ်သည်ဟုလည်း သိရ သည်။ ယာဉ်မောင်း၏ မဆင်ခြင်မှုကြောင့် ဖြစ်ရသည့် မတော်တဆမှု ၄၇ ခုရှိပြီး၊မောင်းနှင်နေစဉ် ယာဉ်မောင်းများ အိပ်ငိုက်ခြင်းကြောင့် ၃၈ ခု ရှိသည်ဟု ဆိုသည်။ အခြားကျန် အမှုများမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနှင့် လမ်းပေါ် တက်လာသော တိရိစ္ဆာန်များကြောင့် ဖြစ်သည်ဟုလည်း သိရသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူများက ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာရန် ကြပ်မတ်ဆောင်ရွက်လျက် ရှိသော်လည်း (အထူးသဖြင့် သတ်မှတ် မိုင်နှုန်းထက် ကျော်လွန် မောင်းနှင်သူများကို မြန်နှုန်းတိုင်းကိရိယာများဖြင့် တိုင်းတာ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ သော်လည်း) မတော်တဆမှုကြောင့် သေဆုံးရ သည့် အရေအတွက်ကို လျှော့ချနိုင်ခဲ့ ခြင်းမရှိဟုယင်းသတင်းတွင်ဖော်ပြထားသည်။
အမြန်လမ်းပေါ်တွင် ကားဘီးများပွင့်ထွက်ခြင်းကြောင့် မတော်တဆဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ဦးစိုးဝင်းက ယာဉ်မောင်း များအနေဖြင့် ခရီးမထွက်မီမိမိကားကြံ့ခိုင်မှုကို စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း ပြောပါသည်။
“ဒီဟာ (ဘီးပေါက် မတော်တဆမှု) တွေက တာယာအရည်အသွေး မကောင်းတာရယ်၊ တာယာမှာ ပန်းမရှိတာတွေကြောင့် ဖြစ်နိုင်ပါတယ်” ဟု သူက ဆိုသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း၏ အရည်အသွေးနှင့် ပတ်သတ်၍ ယာဉ်မောင်း အများအပြားက ဝေဖန်ကြသည်။ အဆိုပါလမ်းကို ယခင် စစ်အစိုးရလက်ထက်က ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အမြန်လမ်းကို ကွန်ကရစ် ခင်းကာ ယင်းအပေါ်တွင် ကတ္တရာထပ်ပိုးလောင်းထားခြင်း မရှိသည့် အတွက် တာယာသစ်၏ ပန်းများပင် အလွယ်တကူ အကုန်မြန်စေပြီး အပူချိန်မြင့် တက်လာသည့် အခါ ကားဘီးများပေါက်ကြောင်း ဆိုကြပါသည်။ နိုဝင်လာလ ၁ ရက်နေ့ထုတ် Global New Light of Myanmar တွင် ဖော်ပြခဲ့သောသတင်းအရ ပြီးခဲ့သည့် ၉ လ အတွင်း (၂၀၁၆) မြန်မာတနိုင်ငံလုံး တွင် ဖြစ်ပွားခဲ့သော မော်တော်ယာဉ် မတော်တဆမှုများကြောင့် သေဆုံးသူ ၃၄၀၀ ကျော်ရှိ ကြောင်း သိရပါသည်။
၂၀၁၅ ခုနှစ် ပထမ ၉ လတာ ကာလအတွင်းတွင် မြန်မာတနိုင်ငံလုံး၌ ယာဉ်မတော်တဆမှု ၁၁၃၇၅ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၀၆၂ ဦးရှိပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၉၁၉၄ ဦး ရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။ နိုင်ငံပိုင် သတင်းစာ များ ဖော်ပြချက်အရ မြန်မာ တနိုင်ငံလုံးတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် ၅.၉ သန်းကျော် ရှိသည်ဟု သိရသည်။ နိုင်ငံတဝှမ်းတွင် ဘေးကင်းလုံခြုံရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက် တာဝန်ထမ်းဆောင် နေသော ယာဉ်ထိန်း တပ်ဖွဲ့ဝင် စုစုပေါင်း ၂၈၅၃ ဦးရှိသည်။