ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပုန်းတွန်ရပ်ကွက်ရှိ လိုင်စင်ရ ငွေလွှဲလုပ်ငန်း တခုတွင် ငွေကျပ် ၁ သောင်းကျပ်တန် အတု သိန်း ၁၀ဝ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ ဒုရဲအုပ် လွင်မိုးက ဧရာဝတီသို့ ပြောသည်။
နိုဝင်ဘာ ၁ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က တာချီလိတ်မြို့ ပုန်းတွန်ရပ်ကွက်နေ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရွှေမြင့်ထံသို့ မကာဟိုခမ်း ရပ်ကွက်တွင် နေထိုင်သူ ဒေါ်ခင်နီက ထိုင်းဘတ်ငွေ ၈၁၅၂၅၀ ကို မြန်မာငွေ သိန်း ၃၀ဝ ဖြင့် သွားရောက် လဲလှယ်ခဲ့ခြင်းဖြစ်ကြောင်း၊ လဲလှယ်ခဲ့သည့် ငွေ သိန်း ၃၀ဝ တွင် ကျပ် ၁၀ဝ၀ဝ တန် အရွက် ၁၀ဝ အုပ်တအုပ်ကို မသင်္ကာသဖြင့် ဘဏ်တွင် သွားရောက်စစ်ဆေးရာမှ အတုများဖြစ်နေကြောင်း သိရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဒုရဲအုပ် လွင်မိုးက “လိုင်စင်ရထားတဲ့ ငွေလွှဲလုပ်ငန်းတခုပါ။ ငွေလဲတဲ့သူက မသင်္ကာတာနဲ့ ဘဏ်တခုမှာ ဝင်စစ်ခိုင်းတော့ အတုတွေဖြစ်နေတာ တွေ့ရတယ်။ ဘဏ်ကတဆင့် ရဲစခန်းကို အကြောင်းကြားလာတာပါ။ ဒီငွေစက္ကူအတုတွေ ဘယ်လို ဖြစ်လာတယ် ဆိုတာကို CID က အမှုလွှဲပြောင်းရယူပြီး စစ်ဆေးနေပါပြီ။ အရင်ကလည်း ဒီလိုမျိုးတော့ ရှိဖူးပေမယ့် ဒီလောက် ပမာဏတော့ မဟုတ်ဘူး” ဟု ရှင်းပြသည်။
လက်ရှိတွင် ငွေစက္ကူအတုများ လဲလှယ်ပေးခဲ့သူဖြစ်သည့် ငွှေလွှဲလုပ်ငန်းမှ ဒေါ်ရွှေမြင့်ကို တာချီလိတ်မြို့မ ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေပြီး မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေပုဒ်မ၁၀၅၊ ၁၀၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။