ကချင်ပြည်နယ်အတွင်း ရက်ပေါင်း ကြာရှည် စစ်ရေး တင်းမာနေမှုများကို ဖြေရှင်းရန် အစိုးရက တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)တို့၏ နှစ်ဖက် ပဋိပက္ခများ လျှော့ချရေး ဆောင်ရွက်နေသည် ဟု နိုင်ငံတော် သမ္မတ ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဧရာဝတီကို ပြောသည်။
တပ်မတော်နှင့် KIA သည် ကချင်ပြည်နယ်အတွင်း သြဂုတ်လမှ အောက်တိုဘာလအထိ တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားပြီး လက်ရှိတွင်လည်း စစ်ရေး အခြေအနေ တင်းမာနေဆဲ ဖြစ်သည်။
ဦးဇော်ဌေးက“အဲ့ဒါနဲ့ပတ်သက်ပြီး (တပ်မတော်နှင့် KIA စစ်ရေးတင်းမာမှု) ကျနော်တို့ ရန်ကုန်က ငြိမ်းချမ်းရေး ကော် မရှင် က ကြားဝင်ညှိနှိုင်းဖို့ လုပ်နေပြီ။ လုပ်လည်း လုပ်နေတယ်။ ကြိုးပမ်းခဲ့တာတွေလည်း ရှိတယ်၊ ဆက်လက်လည်း ကြိုးပမ်းနေတယ်”ဟု ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ စစ်ရေးတင်းမာမှုများနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် သဘောတူညီ ထားသည့် အချက်များကို KIA က ချိုးဖောက်ပြီး စစ်ရေး အရ အချက်အခြာကျသည့် နေရာများတွင် တပ် အခိုင်အမာ စွဲထား ကြောင်း၊ KIA က တပ်မတော် စစ်ကြောင်း များကို ကြားဖြတ်တိုက်ခိုက်ရာက ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာရခြင်း ဖြစ်သည်ဟု တပ်မတော်က အစိုးရကို ဖြစ်စဉ်များ ရှင်းပြကြောင်းလည်း ဦးဇော်ဌေးက ပြောဆိုသည်။
ဦးဇော်ဌေးက “နှစ်ဦးနှစ်ဖက်ကတော့ ပြောနေတာပေါ့နော်။ ဖြစ်စဉ် ဖြစ်ရပ်တိုင်းမှာ အစိုးရ ဆိုတာကတော့ တပ် မတော်နဲ့ KIA ကြားကနေ ညှိနှိုင်း ဆောင်ရွက်နေတာကြောင့် ၂ ဖက်လုံး ပြောကြားချက်တွေကို ကျနော်တို့က နားထောင် ရပါမယ်”ဟုလည်း ပြောသည်။
တပ်မတော်နှင့် KIA ကြား ပဋိပက္ခများ လျှော့ချနိုင်ရန် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များကလည်း ဆောင်ရွက်ပေး လျက် ရှိကြောင်း သိရသည်။
KIA ကလည်း တိုက်ပွဲများ ၂လကျော်ကြာ ပြင်းထန်နေခြင်းအပေါ် တပ်မတော်က ၎င်းတို့ကို ထိုးစစ် စဆင်ခြင်း ဖြစ် ကြောင်း၊ တိုက်ပွဲများ၏ ဆိုးကျိုးများ အားလုံးကို တပ်မတော်က တာဝန်ခံရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တစောင် ထုတ်ထားသည်။
ကချင်တိုင်းရင်းသား ဒေသခံ ၂သောင်း ဝန်းကျင်ကလည်း အောက်တိုဘာလအတွင်းက တပ်မတော်ကို ထိုးစစ် ရပ်ပေး ရန် တောင်းဆို ဆန္ဒပြမှုများ မြစ်ကြီးနားမြို့တွင် ၂ ကြိမ်ပြုလုပ်ခဲ့သည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူ ကလည်း ယခုကဲ့သို့ တိုက်ပွဲများ ဆက်လက် ပြင်းထန် နေပါက KIA အနေဖြင့် အစိုးရနှင့် လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြတ်တောက် သွားနိုင်ကြောင်း ဧရာဝတီ ကို ပြောဆိုထားသည်။
တိုက်ပွဲကာလအတွင်း တပ်မတော်က လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုခဲ့ပြီး အောက်တိုဘာလ အတွင်းကလည်း မိုးညှင်းမြို့တွင် တင့်ကားများ ဖြတ်သန်းသွားလာသဖြင့် ဒေသခံများက စိုးရိမ်မှုများ ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာလ ၁ ရက်ကလည်း မိုးညှင်းမြို့မှ မြစ်ကြီးနားမြို့သို့ ဖြတ်သန်းသွားသည့် ကွန်တိန်နာ နောက်တွဲပါ တပ် မတော် ၏ စစ်သုံးကားများကို ဒေသခံများနှင့် အရပ်သား ကာကွယ်စောင့်ကြည့်ရေး အဖွဲ့များက မြင်တွေ့ပြီး ထို ကွန်တိန်နာအတွင်း GPS စနစ်ပါ တာဝေးပစ် ဒုံးကျည်များ ပါသည်ဟု သံသယ ရှိကြောင်း၊ ကချင် ပြည်နယ် စစ်ရေး တင်းမာနေချိန်အတွင်း ထိုကဲ့သို့ ကွန်တိန်နာ စစ်သုံးကားများ ဖြတ်သန်းသွားလာမှု အပေါ် စိုးရိမ်ကြောင်း ပြောသည်။
တိုင်းရင်းသားနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက တပ်မတော်က လက်နက်အင်အား ပြလိုခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟုလည်း ပြောဆိုသည်။
ဦးမောင်မောင်စိုးက “ကချင်အဖွဲ့တွေ ကချင်လူထုတွေရဲ့ စည်းလုံးမှုကို သူတို့ နည်းနည်း စိုးရိမ်စိတ်ရှိပုံ ရတယ်။ နောက် UNFC မှာ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့ရော ထိုးပြီး အဖွဲ့ရော KIA က သြဇာသက်ရောက်မှု ရှိတာကြောင့် KIA ကို နည်းနည်း ဖိအားပေးတယ်လို့ သုံးသပ်ပါတယ်”ဟုလည်း ပြောသည်။
အဆိုပါ ကွန်တိန်နာ နောက်တွဲပါ စစ်ကားကိစ္စနှင့် ပတ်သက်၍ ဦးဇော်ဌေးကို မေးမြန်းရာ ၎င်းအနေဖြင့် စစ်ရေး စစ်ရာ ကိစ္စ ဖြစ်သဖြင့် ပြောခွင့် မရှိဟု ဆိုသည်။
တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူများကို ဧရာဝတီ က ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ဦးဇော်ဌေးက ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အစိုးရက ဆောင်ရွက်နေသည်မှာ ပဋိပက္ခ ဖြေရှင်း ရေးနှင့် နိုင်ငံရေး ဆွေးနွေးရေး ဆိုသည့် ကဏ္ဍ ၂ရပ်ရှိကြောင်း၊ အဆိုပါကဏ္ဍ၂ ရပ်ကို တပြိုင်နက်တည်း ဆောင်ရွက် နေ သဖြင့် တဖက်တွင် ပဋိပက္ခဖြစ်နေပါက တဖက်တွင် နိုင်ငံရေးဆွေးနွေးပွဲ ပျက်ပြားမည်ကို ရောထွေး မစိုးရိမ်သင့် ကြောင်း ပြောပြသည်။
“တိုင်းရင်းသားပြည်သူတွေ အကုန်လုံး၊ ထိခိုက်နစ်နာတဲ့ သူတွေ ၊ စစ်ဘေး စစ်ဒဏ်ခံရတဲ့သူတွေ အတွက် အကောင်း ဆုံး ကတော့ ကျနော်တို့ စကားပြောရမယ်။ စကားပြောပြီး ဆွေးနွေးရမယ်”ဟုလည်း ဦးဇော်ဌေး က ပြောသည်။
KIA သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲဖြစ်ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူညီမှု စာချုပ် (NCA) ကို ချုပ်ဆိုထားခြင်း မရှိပါ။
သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံ- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမအကြိမ် အစည်းအဝေးကို KIA က တက်ရောက်ခဲ့ပြီး အစိုးရနှင့် နိုင်ငံရေး ကိစ္စရပ်များ ဆွေးနွေးနိုင်ရန်လည်း ညှိနှိုင်းလျက် ရှိသည်။
သို့သော် ဆွေးနွေးပွဲမှ အပြန်တွင် တိုက်ပွဲများ ပြင်းထန်လာခြင်း ဖြစ်သည်။
KIA အပါအဝင် UNFC မှ NCA မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့သည် နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက် တွင်လည်း အစိုးရနှင့် တွေ့ဆုံပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် ရှိသည်ဟု ဆိုသည်။
NCA ပါ မူဘောင်အရ နိုဝင်ဘာ လကုန်ပိုင်းတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကိုလည်း ကျင်းပ တော့ မည် ဖြစ်ပြီး NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များပါဝင်ခွင့်ရမည် မဟုတ်ကြောင်း သိရသည်။