သတင်း

ပလိပ် သပိတ်မှောက်လုပ်သားများ အလုပ်ခွင်ပြန်ဝင်ရေး ယာယီစာချုပ်သစ် ချုပ်ဆိုမည်

Want create site? Find Free WordPress Themes and plugins.

၅ လကြာ ထိုင်သပိတ်ဆင်နွှဲခဲ့သည့် ပလိပ်မြို့ ပန်ဒါချည်မျှင်နှင့် အချောထည်စက်ရုံမှ သပိတ်မှောက်လုပ်သားများ အလုပ်ခွင် ပြန်လည်ဝင်ရောက်နိုင်ရန် မန္တလေးတိုင်း အစိုးရအဖွဲ့က တာဝန်ယူ၍ လုပ်ငန်းခွင် သဘောတူညီမှု စာချုပ်အသစ်တခု ယာယီချုပ်ဆိုရန် ကြိုးပမ်းနေကြောင်း သိရသည်။

ထိုစာချုပ်နှင့် ပတ်သက်ပြီး မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က “အချိန်က ကန့်သတ်လို့ မကောင်းဘူး။ ဒါပေမယ့် တတ်နိုင်သမျှ အမြန်ဆုံးပြီးအောင် စာချုပ်ချုပ်နိုင်အောင်လုပ်မယ်” ဟု ပြောသည်။

လုပ်ငန်းခွင် သဘောတူညီမှုစာချုပ် (ယာယီ) တွင် အလုပ်ရှင်၊ အလုပ် သမားများဘက်က ထည့်သွင်းလိုသည့် အချက်များကို ၂ ရက်အတွင်း အဆိုပါအဖွဲ့ထံ ပေးပို့ရမည်ဖြစ်ပြီး၊ အဖွဲ့က ညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။

“သူတို့တောင်းဆိုတဲ့အချက် ၂ ချက်၊ ၃ ချက်ပဲ ပြေလည်ဖို့ ကျန်တော့တယ်။ အဲဒီတော့ နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် အစိုးရအဖွဲ့က ကြားကနေ တာဝန်ယူပြီး စာချုပ်ချုပ်ပေးတဲ့ သဘောပါ ” ဟု ဦးဇာနည်အောင်က ဆက်ပြောသည်။

အလုပ်သမားများ၏ တောင်းဆိုချက်မှာ အလုပ်ခွင် အာမခံချက်ရှိရန်၊ အသက် ၆၀ အထိ အလုပ်လုပ်ခွင့်ပေးရန်၊ အလုပ်ချိန်ကို တိကျစွာသတ်မှတ်ပေးရန် စသည့်အချက်တို့ဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင်များက ပြောသည်။

ပန်ဒါစက်ရုံ အလုပ်သမားခေါင်းဆောင် တဦးဖြစ်သည့် မဇာခြည်ဝင်းက “ ကျမတို့မှာ ခေတ်အဆက်ဆက် ကတည်းက ဥပဒေမဲ့ ပြုကျင့်တာတွေ ခံခဲ့ရတယ်။ အခုကျမှ ဥပဒေနဲ့အညီ ဆိုတဲ့စကားနဲ့ ပြောတာမျိုးကို လက်မခံနိုင်ပါဘူး။ ဒါပေမယ့် ကျမတို့က လက်ရှိအစိုးရကို အကြပ်အတည်း မဖြစ်စေချင်ဘူး။ ဒါကြောင့် အခုစာချုပ်မှာ ကျမတို့ရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို တိတိကျကျ ဖြစ်စေချင်ပါတယ်” ဟု ပြောသည်။

အလုပ်ရှင်နှင့် အလုပ်ချိန် ညှိနှိုင်း၍ မရသောကြောင့် ပလိပ်မြို့ရှိ ပန်ဒါ ချည်မျှင်နှင့်အချောကိုင် အထည်စက်ရုံမှ အလုပ်သမားသည် ယခုနှစ် ဇွန်လ ၃ ရက်မှ စတင်ပြီး ထိုင်သပိတ်ပြုလုပ်ခဲ့ရာ ယနေ့အချိန်အထိ ဆန္ဒပြသလျက်ရှိပြီး ထိုကိစ္စ ပြေလည်မှုရရှိစေရန် စေ့စပ်ညှိနှိုင်းရေးအဖွဲ့တဖွဲ့ကို နိုဝင်ဘာ ၂ ရက်က တိုင်းအစိုးရအဖွဲ့က ဖွဲ့စည်းလိုက်သည်။

ထိုအဖွဲ့တွင် တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးတို့က ဦးဆောင်တာဝန်ယူပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ တိုင်းလူမှုဖူလုံရေးရုံး၊ တိုင်းလက်ထောက် ဥပဒေအရာရှိ၊ ခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပလိပ် ချည်မျှင်နှင့် အချောကိုင် အထည်စက်ရုံသည် ယခင်က စက်မှုဝန်ကြီးဌာနပိုင်ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်၍ ပန်ဒါကုမ္ပဏီသို့ နှစ် ၃၀ စာချုပ်ဖြင့် အဋ္ဌားချ လုပ်ကိုင်ခဲ့ကာ လုပ်သားဦးရေ ၇၀၀ ကျော်ဖြင့် လည်ပတ်နေသည့် စက်ရုံတရုံ ဖြစ်သည်။

ပန်ဒါ စက်ရုံတွင် ဆေးဆိုးပန်းရိုက်လုပ်ငန်းကို အဓိက လုပ်ကိုင်သည့် စက်ရုံဖြစ်သောကြောင့် စက်ရုံလုပ်သားများ ဆန္ဒပြ သပိတ်မှောက်သည့်အခါ စက်များလည်ပတ်မှု ရပ်ဆိုင်းပစ်ခြင်း၊ လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းတို့ကြောင့် ကုမ္ပဏီဘက်ကလည်း နစ်နာမှုရှိနေကြာင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading