ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ် မိုင် ၂၀ အရှေ့ကျေးရွာနေ ကလေး ၃ ဦးကို သရဲ ဝင်ပူးနေသည် ဟုဆိုကာ သတ်ဖြတ်ခဲ့သည့် ပယောဂဆရာ ထွန်းနိုင်ကို နိုဝင်ဘာ ၁၅ ရက်တွင် တရားရုံးတင် စစ်ဆေးတော့မည်ဖြစ်ကြောင်း တွံတေးမြို့မ ရဲစခန်းမှ သိရသည်။
တွံ့တေးမြို့မ ရဲစခန်းမှ ရဲအုပ် ဝင်းရီက “ဒီနေ့ကတော့ သူ့ကို ချုပ်မိန့် ရမန် ရက် ၃၀ ယူတာ၊ တရားရုံးတင် စစ်ဆေးတာ မဟုတ်သေးဘူး။ ၁၅ ရက်နေ့ကျရင်တော့ တရားစွဲမယ်။ တရားရုံးတင် စစ်ဆေးမှု စတင်မယ်။ ဥပဒေ အကြံပြုချက်တွေ ရယူပြီးတော့ ဘယ်လို အမှုတွေ ထပ်ပြီး ပါဦးမလဲဆိုတာတော့ မသိရသေးဘူး။ သူက အလောင်း ဖျောက်ဖျက်တာတွေလည်း ရှိတာကိုး” ဟု ဧရာဝတီသို့ပြောသည်။
အမှုဖြစ်သည့်နေ့တွင် သုံးစွဲခဲ့သည့် ပစ္စည်းများကိုလည်း ဓာတုဗေဒဆေးစာ၊ အကြံပြုချက်များ ရယူထားကြောင်း၊ ဤအမှုကို တောင်ပိုင်းခရိုင် တရားရုံးတွင် လာမည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် စတင်ရုံးထုတ် စစ်ဆေးတော့မည် ဖြစ်ကြောင်း သိရသည်။
အသက် ၃၂ နှစ်ရှိ ပယောဂဆရာ ထွန်းနိုင်သည် အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့က တွံတေးမြို့နယ်ရှိ ၃ နှစ်၊ ၂ နှစ်နှင့် ၈ လအရွယ် ကလေး ၃ ဦးကို သရဲဝင်ပူးနေသည်ဟုဆိုကာ ထိုးကြိတ်ရိုက်နှက်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အလောင်းများကို ရေမျှောခြင်း၊ မြေမြှုပ်စေခြင်းများ ဆက်လက် ပြုလုပ်ခဲ့သည်။ အသက် ၄ နှစ်အရွယ် ကလေးတဦးကိုလည်း အပြင်းအထန် နှိပ်စက်မှုများ ပြုလုပ်ခဲ့သဖြင့် မိဘများနှင့် ကျေးရွာရှိ သူနာပြုဆရာမ အပါအဝင် တာဝန်ရှိသူအချို့က တိုင်ကြားခဲ့ကာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်သည်။
ထို့ကြောင့် ထွန်းနိုင်ကို ပုဒ်မ ၃၀၂၊ ၃၂၅၊ ၂၀၁ အရ တွံတေးမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူထားပြီး စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ကလေး ၃ ဦး သေဆုံးမှုက တပ်လှန့်လိုက်တဲ့ ပယောဂ ကုထုံး
ပယောဂ ဆရာကို ဖမ်းမိအောင် ကြိုးပမ်းခဲ့တဲ့ ကျေးလက် ကျန်းမာရေးဆရာမ