မကွေးတိုင်း၊ သရက်ခရိုင်ဆေးရုံတွင် အောက်တိုဘာလ ၃၁ ရက်နေ့က ကလေးမီးဖွားခဲ့သည့် အကျဉ်းသူ မသွယ်သွယ်မိုးကို မီးဖွားပြီးသည့်နောက် လူနာတင် ကုတင်တွင် လက်နှင့် ခြေထောက်များအား လက်ထိပ်နှင့် သံကြိုးခတ် ချုပ်နှောင်ထားခဲ့ရာမှ ယနေ့နံနက် ၉ နာရီခွဲခန့်တွင် အချုပ်အနှောင်များ ဖြုတ်ပေးထားကြောင်း၊ သို့သော် ညဘက်တွင် ပြန်ခတ်ထားမည်ဖြစ်ကြောင်း သရက်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
အကျဉ်းသူ မသွယ်သွယ်မိုးကို လုံခြုံရေး တာဝန် ကျနေသည့် ရဲဒုတပ်ကြပ် နိုင်ဝင်းသက်က “ဒီမနက် ၉ ခွဲလောက်က ဖြုတ်ပေးလိုက်တာပါ။ နေ့ခင်းနေ့လည်တော့ ကျနော်တို့ ဖြုတ်ပေးပြီး အနားကနေ စောင့်ကြည့်နေတယ်။ ညပိုင်းတော့ ကျနော်တို့ ပြန်ခတ်မယ်။ ဆေးရုံတက်တာတော့ ၃ ရက်လောက် ရှိပြီခင်ဗျ၊ ကျနော်တို့က အလှည့်ကျ စောင့်ကြည့်ရတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
မင်းဘူးမြိုတွင် နေထိုင်သူ မသွယ်သွယ်မိုးသည် လမ်းဘေးတွင် တရားမဝင် လောင်စာဆီ ရောင်းချမှုဖြင့် အောက်တိုဘာလ ၂၃ ရက်နေ့က ထောင်ဒဏ် ၆ လ နှင့် ငွေဒဏ် ၅၀၀၀ ကျပ် ပေးဆောင်ရန် မင်းဘူးတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ရာ သရက် အကျဉ်းထောင်တွင် အဆိုပါ ပြစ်ဒဏ်နှင့်ကျခံနေရသည်။
၎င်းတွင် ကိုယ်ဝန်အရင့်အမာ ပါလာသည့်အတွက် အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် သရက်ခရိုင် ပြည်သူ့ဆေးရုံးတွေ မီးဖွားခဲ့ပြီး ၎င်း၏ လက်နှင့် ခြေထောက်ကို လူနာတင် ကုတင်နှင့် တွဲချည်၍ ချုပ်နှောင်ထားသည့် ဓာတ်ပုံများအား Facebook လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့်အတွက် ယနေ့ နံနက် ၉ နာရီခန့်က ချုပ်နှောင်ထားမှုအား ဖြုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သရက်မြို့ဒေသခံ အလွတ်သတင်းထောက် ကိုပေါက်ကလေး (သရက်) က ဧရာဝတီကို ပြောသည်။
“ကျနော်က လက်ထိပ်တွေ ဖြုတ်ပေးဖို့ သွားတောင်းဆိုတော့ ရဲမှူးက ဖြုတ်ပေးထားပြီးပြီ ပြောတယ်။ အဲဒါနဲ့ ကျနော်လည်း ဆေးရုံကို သွားကြည့်တော့ နေ့လည် ၁၂ နာရီလောက် ရောက်တယ်။ ကျနော်ရောက်တော့ ဖြုတ်ပေးထားတာ တွေ့ရတယ်။ ညီမ ဘာပြောချင်လဲ မေးတော့ လက်တွေ၊ ခြေထောက်တွေကို ခတ်ထားတုန်းကတော့ အရမ်း စိတ်ညစ်ခဲ့ရတယ်လို့ပဲ ပြောတယ်။ အခုတော့ အဆင်ပြေပါပြီတဲ့” ဟု ကိုပေါက်ကလေး (သရက်) က ပြောသည်။
မသွယ်သွယ်မိုး ယခုမီးဖွားသည့် ကလေးမှာ ဒုတိယ မြောက်သား ဖြစ်ကြောင်းနှင့် ဆေးရုံးဆင်းမည့်ရက်ကို မသိရှိးသေးကြောင်း၊ ပြစ်ဒဏ်ကျခံရန် ၄ လ ကျော် ကျန်ရှိနေသေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မသွယ်သွယ်မိုးမှာ ကြီးလေးသည့်ပြစ်ဒဏ် ကျခံနေရသူ မဟုတ်သည့်အတွက် အကျဉ်းသား အခွင့်အရေး အပြည့်အဝ ပေးသင့်ကြောင်း၊ အကျဉ်းသားအခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးနှင့် မွေးဖွားလာသည့် ကလေးသူငယ်တို့ အခွင့်အရေးများအား ချိုးဖောက်ခံရခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အကျဉ်းဦးစီးဌာနတို့မှာ ၎င်းတို့၏ လုပ်ပိုင်ခွင့် အာဏာကို အလွန်အကျွံ အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေဟောင်း ဦးမြင့်အေးက ပြောသည်။