သတင်း

KNU ညီလာခံနှင့် ခေါင်းဆောင်ရွေးချယ်ရေး မသေချာသေး

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသား အစည်း အရုံး (KNU) ၏ ခေါင်းဆောင်ပိုင်းကို ရွေးချယ်မည့် ညီလာခံတခု၏ အနာဂတ်က မရေမရာဖြစ်နေသည်။ ထိပ်တန်း ခေါင်း ဆောင် အချို့ကညီလာခံကို ရွှေ့ဆိုင်းလိုခြင်းမှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရန် အာဏာကို ဆက်လက်ထိန်းသိမ်းလိုကြောင်း ဖော်ပြနေသည့် သင်္ကေတတခု ဖြစ်သည်။

နိုဝင်ဘာလအတွင်းတွင် ကျင်းပရန် ရှိနေသော ညီလာခံကို မည်မျှအထိ ရွှေ့ဆိုင်းမည်ကို ဆွေးနွေးရန် အတွက် KNU ခေါင်းဆောင်များနှင့် ၎င်းတို့၏ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ခေါင်းဆောင်များက ယခုပတ် အတွင်း အစည်းအဝေးတခု ကျင်းပနေသည်။ KNU ၏ ညီလာခံကို ၄ နှစ် တကြိမ်ကျင်း ပ ခဲ့ပါသည်။

KNU အဖွဲ့အတွင်းမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦး၏ အဆိုအရ အကယ်၍ ခေါင်းဆောင်သစ်များကို သာ ရွေး ချယ်ခဲ့လျှင် ယခင်အစိုးရ၊ စစ်တပ်တို့နှင့် လက်ရှိခေါင်းဆောင်များ တည်ဆောက်ခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ်သက်ရောက်မှုရှိလာမည်ကို ဥက္ကဌ မူတူးစေးဖိုး ဦးဆောင်သည့် လက်ရှိခေါင်း ဆောင်များက စိုးရိမ်နေကြောင်း သိ ရသည်။

KNU မှ သတင်းရင်းမြစ် အများအပြားနှင့် ဆက်သွယ်မေးမြန်းသည့် အခါ လက်ရှိခေါင်းဆောင်များ နှင့် မြန်မာအစိုးရ တို့ကြားတွင် ဆက်လက်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးဆုံးသည့် အချိန်အထိ ညီလာခံကို ရွှေ့ဆိုင်း ထားရန် KNU ဥက္ကဌက ဆန္ဒရှိနေကြောင်း သူတို့က ပြောကြသည်။

အကယ်၍သာ ခေါင်းဆောင်သစ်များ ရွေးချယ်တင်မြှောက်ခဲ့လျှင် သူတို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နားမလည်ဘဲ အနာ ဂတ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းကို ကိုင်တွယ်ရာတွင် အခက်အခဲဖြစ်လာမည် သို့ မဟုတ် ငြိမ်းချမ်းရေး အစီအစဉ် ချဉ်းကပ်ပုံ ပြောင်းလဲသွားမည်ကို KNU လက်ရှိ ခေါင်းဆောင်များက စိုးရိမ်နေကြသည်ဟု သတင်းရင်းမြစ်များက ပြောကြ သည်။

“စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့တဲ့ KNU ဗဟိုကော်မတီ အစည်းအဝေးမှာ သူ (မူတူးစေးဖိုး) က ညီလာခံကို ရွှေ့ဆိုင်းချင် တယ်လို့ ပြောတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက် မကျခဲ့ဘူး။ အခု အစည်းအဝေးမှာ ကျနော်တို့ အဲဒါကို ဆွေးနွေးသွားပါမယ်” ဟု အမည်မဖော်လိုသူ KNU ခေါင်းဆောင်တဦးက ပြောသည်။

ယခုအပတ် အတွင်းတွင် KNU က ဖားအံခရိုင်တွင်းရှိ ၎င်းတို့၏ ဌာနချုပ်ဖြစ်သော လေးဝါးစခန်းတွင် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပနေသည်။ အစည်းအဝေးသို့ KNU ၏ နိုင်ငံရေး နှင့် စစ်ရေးအဖွဲ့များမှ ကိုယ်စားလှယ်များ အားလုံး နှင့် အရပ်ဘက် အဖွဲ့အစည်းများလည်း တက်ရောက်လျှက်ရှိသည်။

လက်ရှိ KNU ခေါင်းဆောင်ပိုင်းသည် ကရင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကရင်အခွင့်အရေး အဖွဲ့များ၊ နိုင်ငံရပ်ခြား ရောက် ကရင်အသိုင်းအဝိုင်းများ နှင့် ကရင် ပညာတတ်ပုဂ္ဂိုလ်များကဲ့သို့သော ကရင် လူမှုအသိုင်းအဝိုင်းများ၏ ထောက်ခံမှုကို ကြီးမားစွာ မရရှိခဲ့ပါ။ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် လက်ရှိခေါင်းဆောင်များက အားနည်းကြပြီး ထိပ်တန်းခေါင်းဆောင် အချို့သာလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ အကျိုးအမြတ် ရရှိကြသည်ဟု သူတို့က ယူဆထားသည်။

၁၅ ကြိမ်မြောက် ညီလာခံ ကျင်းပပြီးသည့် အချိန်မှစ၍ ခေါင်းဆောင်များကြားတွင် ပွင့်လင်းမြင်သာမှုနှင့် ပူးပေါင်းဆောင် ရွက်မှု အားနည်းသည့် အတွက် KNU လက်ရှိခေါင်းဆောင်များ အတွင်း ကွဲပြားမှုနှင့် သဘောထား မတူညီမှုများ ရှိနေ ခဲ့သည်။ ၁၅ ကြိမ်မြောက် ညီလာခံမှ ရွေးကောက်ပွဲရလဒ်များမှာလည်း အငြင်းပွားဖွယ်ရာ ရှိနေပြီး ရလဒ်ကို မကြေညာမီ မဲစာရွက်များ မီးရှို့ခဲ့သည့်အတွက် မရိုးသားမှုများ ရှိခဲ့သည်ဟု အချို့ကပြောသည်။

အမည်မဖော်လိုသူ KNU ထိပ်တန်းအရာရှိတဦးက “အဲဒီ အချိန်တုန်းက မဲရေတွက်တာနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က အဖွဲ့ဝင်တချို့တောင် မဲတွေကို မီးရှို့လိုု့ဆိုုပြီး မကျေနပ်ကြတဲ့အတွက် သပိတ်မှောက်ပြီး ကော်မရှင်က ထွက်သွားမယ်လုုပ်ခဲ့သေးတယ်။ ပုံမှန်ဆိုရင် ကျနော်တို့က မဲတွေကို မီးမရှို့ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထိုအချိန်က ရွေးချယ်ခြင်း မခံခဲ့ရသည့် KNU ဒုတိယ ဥက္ကဌဟောင်း ဖြစ်သည့် ဒေးဗစ်သာကဘောက ရလဒ်ကို သံသယ ရှိသည့် အတွက် မဲများကို ပြန်လည်ရေတွက်ရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း မဲစာရွက်များ မီးလောင်ကျွမ်းသွား ခဲ့သဖြင့် ပြန်လည်ရေတွက်ရန် မဖြစ်နိုင်တော့ပါ။ ရွေးကောက်ပွဲ တာဝန်ရှိသူတဦး ဖြစ်သည့် စောရောဘတ်ထွေးက မဲများကို မီးရှို့ရန် စေတနာ့ ဝန်ထမ်းတဦး ဖြစ်သည့် မန်းမျိုးမြင့်ကို ခိုင်းစေခဲ့သည်ဟု သိရသည်။

ကရင်အမျိုးသား မီဒီယာ(Karen National Media) ကို ဦးဆောင်နေသည့် မန်းမျိုးမြင့်က သူ၏ Facebook တွင် မဲများကို မီးရှို့ရန် သူ့ကို စေခိုင်းခဲ့ပြီး သူကလည်း လုပ်ဆောင်ခဲ့ကြောင်း ထိုစဉ်က ရေးသားခဲ့သည်ကို တွေ့ရသည်။

KNU အပါအဝင် တိုင်းရင်းသား ကိစ္စများကို အနီးကပ် လေ့လာသုံးသပ်နေသည့် မြန်မာ့အရေး သုတေသီတဦး ဖြစ်သည့် Paul Keenan က အဆိုပါ ညီလာခံတွင် ဒေးဗစ်သာကဘော ရွေးချယ်မခံခဲ့ရဘဲ ရလဒ်ကို သံသယ ရှိသည့်အတွက် ပြန်လည်ရေတွက်ရန် တောင်းဆိုခဲ့သည်ဟု ပြောသည်။

“မဲတွေကို မီးရှို့တဲ့ ကိစ္စမှာ တာဝန်ရှိသူတဦးက မဲတွေ မီးလောင်သွားပြီ ဖြစ်တဲ့အတွက် ပြန်လည်ရေတွက်လို့ မဖြစ်နိုင်ပါ ဘူးလို့ပြောတယ်” ဟု Paul Keenan ဆိုသည်။

မြန်မာနိုင်ငံမှ တိုင်းရင်းသားရေးရာကိစ္စများကို အနီးကပ်လေ့လာနေသည့် ဝက်ဘ်ဆိုက်တခု ဖြစ်သည့် Dictator Watch မှ စာရေးသူ Roland Watson က ရလဒ်မကြေညာမီ မဲစာရွက်များ မီးလောင်ကျွမ်းခဲ့သလို လွတ်လပ်သော စစ်ဆေးမှုလည်း မရှိခဲ့သည့် အတွက် ပြီးခဲ့သည့် KNU ညီလာခံ၏ ရလဒ်က ရိုးသားမှု မရှိကြောင်း ပြောသည်။

“ရလဒ်နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲတာဝန်ရှိသူ စောရောဘတ်ထွေးမှာ တာဝန် ရှိပါတယ်။ (KNU ရဲ့ လုပ်ငန်းစဉ်တွေအရ လိုအပ်တဲ့) လွတ်လပ်တဲ့ စောင့်ကြည့်မှု မပါဘဲ သူက မဲတွေကို ကိုယ်တိုင်ရေတွက်ပါတယ်။ ရလဒ် မကြေညာခင် မီးရှို့ခဲ့ ပါတယ်။ မဲတွေမီးရှို့ခံရလို့ ဆန္ဒပြကြတဲ့အခါ ပြန်လည်ရေတွက်လို့ မဖြစ်နိုင်ဘူးလို့ ပြောတယ်။ ညီလာခံကနေ ချက်ချင်း ထွက်သွားပါတယ်” ဟု Roland Watson က သူ၏ ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။

KNU ဥက္ကဌ မူတူးစေးဖိုုးကိုုလည်း EU က ဥရောပ-မြန်မာရုံး (Euro-Burma Office-EBO) မှ တဆင့် အမေရိကန် ဒေါ်လာ ၂ သန်း ပေးခဲ့သည်ဟုလည်း Roland Watson က စွပ်စွဲခဲ့သည်။ သို့သော်လည်း EU နှင့် EBO တို့က စွပ်စွဲမှုကို ငြင်းဆန် ခဲ့သည်။

အပစ်အခတ် ရပ်စဲရေး အကြို သဘောတူညီချက်တခု တွင်လက်မှတ်ထိုးရန်၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့ ဖြစ်သည့် ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ နုတ်ထွက်ရန် နှင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) တွင် လက်မှတ်ရေးထိုးရန် အတွက် မူတူးစေးဖိုးကို EU က အမေရိကန် ဒေါ်လာ ၂ သန်းပေးခဲ့သည်ဟု Roland Watson က စွပ်စွဲခဲ့သည်။

စွပ်စွဲမှုများက မှန်ကန်ခြင်း မရှိကြောင်း EBO ၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည့် ဦးဟန်ညောင်ေ၀ က ဧရာဝတီသို့ ပြော သည်။

“စွပ်စွဲမှုက မမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့ စုစုပေါင်း ဘတ်ဂျက်က ဒေါ်လာ ၄ သန်းပဲ ရှိပါတယ်။ ကျနော်တို့ အနေနဲ့ ပြည့်စုံတဲ့ အဆိုပြုလွှာတခုနဲ့ ဘတ်ဂျက်အသေးစိတ် ဖော်ပြတာမျိုး မရှိရင် ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့ အစည်းကိုမှ ငွေပေးလို့ မရပါဘူး” ဟု ဦးဟန်ညောင်ေ၀ ကပြောသည်။ EBO ရုံး၏ အသုံးစရိတ်ကို နှစ်စဉ် ပြင်ပ စာရင်း စစ်များဖြင့် စစ်ဆေးသည်ဟုလည်း သူက ထပ်ပြောသည်။

EBO ၏ စုစုပေါင်း ဘတ်ဂျက် ယူရိုငွေ ၃.၆သန်း (အမေရိကန် ဒေါ်လာ ၄ သန်း) ထဲမှ ယူရို ၄၁၀ ၀၀၀ (အမေရိကန်ဒေါ် လာ ၄၅၀၀၀၀) ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲများ နှင့် ဆက်ဆံရေးရုံး ၂၄ ရုံးဖွင့်လှစ်ရန် အသုံးပြုခဲ့သည်ဟု ဦးဟန် ညောင်ဝေက ဆိုသည်။ ကျန်ငွေများကို အရပ်ဘက်အဖွဲ့အစည်းများ စွမ်းဆောင်ရည် တည်ဆောက်ရေး နှင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်၊ ပဋိပက္ခဖြေရှင်းရေးနှင့် အုပ်ချုပ်ရေး စသည့် နိုင်ငံရေး အသိပညာပေးခြင်းများအတွက် အသုံးပြုသည်ဟု လည်းပြောသည်။

၂၀၁၃ ခုနှစ်မှ စ၍ EU ထံမှ မည်သည့် ရံပုံငွေမျှ ရရှိခြင်း မရှိကြောင်းလည်း EBO ကဆိုသည်။ စွပ်စွဲမှုများက တိုင်းရင်းသား ခေါင်းဆောင်များကို ဝယ်ယူနိုင်သည်ဟု လုပ်ကြံ ဝါဒဖြန့်ခြင်းသာ ဖြစ်သည်ဟုလည်း ပြောသည်။ နိုဝင်ဘာလ ၂ ရက် နေ့တွင် ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ EU ကိုယ်စားလှယ် အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူတဦးက စွပ်စွဲမှုများသည် အခြေအမြစ် မရှိကြောင်းပြောသည်။

“စွပ်စွဲမှုက အခြေအမြစ်မရှိသလို လုံး၀ မမှန်ပါဘူး” ဟု အဆိုပါ ပြောရေးဆိုခွင့် ရရှိသူက ပြောသည်။

တိုင်းရင်းသား ခေါင်းဆောင်များကို သြဇာလွှမ်းမိုးနိုင်ရန် EU ၏ ငွေများကို အသုံးပြုသည်ဟု စွပ်စွဲချက်များတွင် သက်သေ အထောက်အထား ပြည့်စုံ ခိုင်လုံခြင်း မရှိဘဲ သွားပုပ်လေလွင့် ပြောခြင်းသာ ဖြစ်သည်ဟုလည်း သူကပြောသည်။

EU အနေဖြင့် ဖွံဖြိုးရေး အကူအညီများပေးရာတွင် ပွင့်လင်းမြင်သာ၍ ယှဉ်ပြိုင်မှု ရှိစွာဖြင့် အဆိုပြုလွှာများ ခေါ်ယူသည့် စနစ်တခု ဖြင့် လုပ်ဆောင်နေကြောင်း နှင့် ၂၀၁၃ ခုနှစ်မှစ၍ EBO က ထိုကဲ့သို့ ကိစ္စများအတွက် တင်ပြတောင်းဆိုထား ခြင်း မရှိကြောင်းလည်း အဆိုပါ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

ဧရာဝတီက Dictator Watch ဝက်ဘ်ဆိုက်မှ စာရေးသူ Roland Watson သို့ ဆက်သွယ်မေးမြန်းသည့် အခါ သူက EBO  က တိုုင်းရင်းသားခေါင်းဆောင်များအပေါ် သြဇာညောင်းအောင် လုုပ်ခဲ့သည့် သမိုင်းကြောင်း အများအပြားရှိကြောင်း ပြောသည်။ ဥရောပက သူတို့ကိုယ်ပိုင် အကျိုးစီးပွား ဖြစ်သည့် ပြင်သစ်နိုင်ငံတကာ ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ ကုမ္ပဏီတခုဖြစ် သော Total ကဲ့သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကြီးများအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပေါ် သြဇာ လွှမ်းမိုးရန် ကြိုးစားခဲ့ကြသည် ဟုဆိုသည်။

“ကျနော့်ရဲ့ သတင်းရင်းမြစ်တွေက KNU ဥက္ကဌ မူတူးစေးဖိုးနဲ့ သူ့အဖွဲ့ဝင်တွေ ငွေအမြောက်အများ ရရှိခဲ့တယ်လို့ ပြောကြ တယ်။ ကျနော် သူတို့ကို ယုံကြည်ပါတယ်။  အဲဒါကို သိနိုုင်တဲ့ အနေအထား သူတို့မှာပဲ ရှိပါတယ်” ဟု Roland Watson  က ဧရာဝတီသို့ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading