အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း)တွင် ပြင်းထန်ဆိုးရွားသည့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများကို အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တသက် သတ်မှတ်ထားကြောင်း သိရသည်။
ကလေးသူငယ် မုဒိမ်းမှု၊ မသန်စွမ်းသူများကို ပြုကျင့်သည့် မုဒိမ်းမှု၊ ဂိုဏ်းဖွဲ့ မုဒိမ်းပြုကျင့် ကျူးလွန်မှု စသည့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများကို ထောင်ဒဏ်တသက် ပြစ်ဒဏ်ပေးရန် ထည့်သွင်းရေးဆွဲခဲ့သည်ဟု ဥပဒေ ရေးဆွဲရေး လုပ်ငန်း ကော်မတီ အတွင်းရေးမှူး နော်သဝါးက ဧရာဝတီကို ပြောသည်။
“Rape case မှာတောင် Class ခွဲထားတယ်။ ဥပမာ သာမန် အမျိုးသမီး တယောက်အပေါ်မှာ ပြုကျင့်တဲ့မုဒိမ်းမှုဆိုရင် အနည်း ဆုံး ၇ နှစ်ကနေ အမြင့်ဆုံးပြစ်ဒဏ်။ ဒါပေမယ့် မိန်းကလေး တယောက်တည်းကို ယောကျ်ားလေး လေးငါး ယောက်က ဝိုင်းပြီးမုဒိမ်းကျင့်တယ်ဆို အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တသက်”ဟုလည်း နော်သဝါးက ရှင်းပြသည်။
နော်သဝါးသည် လူမှုဝန်ထမ်း ဦးစီးဌာန အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲတွင် ညွှန်ကြားရေးမှူး တာဝန် ထမ်း ဆောင် နေသူတဦးလည်း ဖြစ်သည်။
လက်ရှိတွင် ဥပဒေမူကြမ်းသည် အပြီးသတ်အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်သော်လည်း ပြည်ထောင်စု တရား လွှတ်တော် ချုပ်ရုံးသို့ ပို့ဆောင်ထားသည့် အတွက် လွှတ်တော်သို့ တင်မည့်အချိန်ကို အတိအကျ မပြောနိုင်သေး ကြောင်း ဥပဒေရေးဆွဲရေး လုပ်ငန်း ကော်မတီဝင်များ က ပြောသည်။
အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေ မူကြမ်းကို ယခင်အစိုုးရ လက်ထက်ကတည်းက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဧပြီ ၂၅ ရက်တွင် လက်ရှိအစိုးရ၏ မူဝါဒနှင့်အညီ ပြင်ဆင်ရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးရုံး သို့ ပြန်လည် ပေးပို့ခဲ့သည်။
ထို့ကြောင့် လက်ရှိ အစိုးရ၏ မူဝါဒ နှင့် အညီ ပြင်ဆင်ပြီး ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးသို့ ၂၀၁၆ ခုနှစ် သြဂုတ် ၉ ရက်တွင် ပေးပို့ထားသည်ဟုလည်း နော်သဝါးက ရှင်းပြသည်။
ဥပဒေမူကြမ်းကို နိုင်ငံတကာစံနှုန်းနှင့်အညီ ရေးဆွဲထားရုံသာမက ဘက်ပေါင်းစုံတွင် ပါဝင်သည့် အမျိုးသမီးများ၏ ပြောဆိုချက်များဖြင့် ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေများတွင် အမျိုးသမီးများကို အကာအကွယ် ပေး ထားသည့် ဥပဒေပုဒ်မများ ပါဝင်သော်လည်း အမျိုးသမီးများအနေဖြင့် သိရှိမှုနည်းသည့်အတွက် ယခုလို သီးခြား ရေးဆွဲရခြင်း ဖြစ်ကြောင်း ဥပဒေရေးဆွဲရေး လုပ်ငန်း ကော်မတီတွင် ပါဝင်သူများက ပြောသည်။
ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်မှ ဒါရိုက်တာ၊ ဥပဒေရေးဆွဲရေး ကော်မတီဝင်တဦး ဖြစ်သူ ဒေါ်မေစပယ်ဖြူ က “အမျိုးသမီး ဖြစ်ခြင်းကြောင့် ခွဲခြား ဆက်ဆံလိုတဲ့ သဘောနဲ့ အကြမ်းဖက်တာ ဖြစ်တဲ့အတွက် ဒါကို သီးခြား ကိုင် တွယ် ဖြေရှင်းဖို့လိုတယ်။ သာမန်ပြစ်မှုဆိုင်ရာ ဥပဒေတွေထဲမှာ တခြားသော ပြဋ္ဌာန်းချက်တွေနဲ့ ရောနေတာမျိုး မဟုတ်ဘဲ ဒီလိုအမျိုးသမီးတွေ အပေါ် အကြမ်းဖက်တာဟာ လက်ခံလို့မရတဲ့ ပြစ်မှုဖြစ်တယ် ဆိုတာကို ပိုပြီး ပေါ်လွင် ထင်ရှားစေချင်တာ”ဟု ပြောသည်။
အမျိုးသမီး နှင့် ကျား၊မ ရေးရာ တန်းတူညီမျှရေးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းပေါင်း ၁၂၉ ဖွဲ့ပါသော GEN မှ ကိုယ်စားလှယ် ၃ ဦးသည် ဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်တွင် တောက်လျှောက် ပါဝင်ခဲ့ပြီး မည်သို့သော ပြဋ္ဌာန်းချက် များ ပါဝင် ရေးဆွဲသင့်သည်များကို ကွန်ရက် အဖွဲ့ဝင်များဖြင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ဥပဒေမူကြမ်းတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အခန်း(၁)ခန်း၊ ကာယိနြေ္ဒ နှောင့်ယှက်ခြင်းနှင့် ပတ်သက်၍ နောက် ယောင်ခံ နှောင့်ယှက်ခြင်း၊ လုပ်ငန်းခွင်နှင့် အများပြည်သူဆိုင်ရာ နေရာများတွင် နှောင့်ယှက်ခြင်းများ ပါဝင်သည့် အခန်း များ အပါအဝင် စုစုပေါင်း အခန်း(၁၉)ခန်း၊ ပုဒ်မ (၉၃) ခု ပါရှိသည်ဟု နော်သဝါးက ပြောသည်။
နော်သဝါးက “ဒီဥပဒေကို အများပြည်သူသိအောင် အခုကတည်းက မိတ်ဆက် အသိပညာပေးနေတယ်။ အမျိုးသမီး တွေ အနေနဲ့ ဒီလိုဖြစ်ရင် တိုင်လို့ရတယ်။ သူတို့မှာ ဒီလိုအခွင့်အရေးတွေ ရှိတယ် ဆိုတာကို ပိုပြီး သိလာမယ်”ဟု လည်း ပြောပြသည်။
ဆက်လက်၍ ၎င်းက ဥပဒေမူကြမ်းတွင် အမျိုးသမီးတဦးထံသို့ ညစ်ညမ်းမက်ဆေ့များ၊ ရုပ်ပုံများ ပေးပို့ခြင်းဖြင့် ပြစ်မှု မြောက်သည်ကိုပါ အလေးပေး ထည့်သွင်း ဖော်ပြထားခြင်းဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို အကာအကွယ် ပေးထားသည်ဟုလည်း ပြောဆိုသည်။
အမျိုးသမီးများအား ညစ်ညမ်းသည့် စကားဖြင့် ဆဲဆိုခြင်း (ပုဒ်မ ၂၉၄)၊ ကာယိနြေ္ဒ ထိခိုက်စေရန် ပြုလုပ်ခြင်း(ပုဒ်မ ၅၀၉)၊ အလိုမတူဘဲ ကာမစပ်ယှက်ခြင်း(ပုဒ်မ ၃၇၆) ဟူသည့် ပြစ်မှုပြစ်ဒဏ်များ ဥပဒေတွင် ပြဋ္ဌာန်းထားသော်လည်း လက်တွေ့ တွင် ထိရောက်မှုမရှိကြောင်းကို အမျိုးသမီး အဖွဲ့အစည်းများက အစဉ်တစိုက် ဝေဖန် ထောက်ပြလျက် ရှိကြသည်။