ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ရတနာရောင်ခြည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ မီးလောင်မှုသည် ၎င်းတို့အဖွဲ့နှင့် ပတ်သက်ခြင်း မရှိကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ပြောဆိုသည်။
ရတနာရောင်ခြည် ကျောက်စိမ်း ကုမ္ပဏီ နိုဝင်ဘာလ ၂ ရက်နေ့ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့တခုခု၏ လက်ချက်ဟု စွပ်စွဲပြောဆိုချက်များ ရှိနေသည့်အပေါ် ဖားကန့်မြို့နယ် အခြေစိုက် KIA တပ်ရင်း (၆) က တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
KIA တပ်ရင်း (၆) ဒုတိယ ဗိုလ်မှူးကြီး တန်ဆန်းက “ကုမ္ပဏီမီးလောင်မှုက ကျနော်တို့ KIA က လုံးဝပါဝင် ပတ်သက်မှု မရှိပါဘူး။ တပ်မတော်ကလည်း ဖြစ်နိုင်တယ်။ တခြား လက်နက်ကိုင်တွေလည်း ဖြစ်နိုင်တယ်။ ကုမ္ပဏီ အချင်းချင်းလည်း ဖြစ်နိုင်ပါတယ်။ ရေမဆေးသမားလည်း ဖြစ်နိုင်ပါတယ်” ဟု ဗိုလ်မှူးကြီး တန်ဆန်းက ဆိုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နေဆဲ အခြေအနေနှင့် နိုင်ငံရေး အခင်းအကျင်းအရ ထိလွယ်ရှလွယ်သည့် လက်ရှိ အချိန်တွင် KIA အနေဖြင့် ပြည်သူ လူထုများ အထင်အမြင်မှားစေမည့် ကိစ္စရပ်များကို ပြုလုပ်မည် မဟုတ်ကြောင်း၊ KIA လက်ချက်ဟု ထင်မှားအောင် လူတစု ကြံရွယ်ပြုလုပ်နေခြင်းသာ ဖြစ်လိမ့်မည်ဟု KIA က ဆိုသည်။
ဖားကန်မြို့နယ်သည် ပြည်သူစစ်များ၊ သံယံဇာတ လာရောက်တူးဖော်သည့် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့များ၊ မြန်မာ့ တပ်မတော်တို့ လှုပ်ရှားနေသည့် နေရာတခု ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ရတနာရောင်ခြည် ကုမ္ပဏီ မီးလောင်မှုသည် KIA အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ကုမ္ပဏီဘက်က ပြောဆိုထားကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ ဒုရဲမှူး ထွန်းလွင်က ဧရာဝတီသို့ ပြောသည်။
ဒုရဲမှူး ထွန်းလွင်က “ဖားကန့်မှာကတော့ လက်နက်ကိုင်ဆို KIA ပဲ ရှိပါတယ်။ KIA အဖွဲ့ဝင် ၂၀ ကျော်က လက်နက်ကိုယ်စီ ကိုင်ဆောင်ပြီး ဝင်လာတယ်လို့ ကုမ္ပဏီ ဘက်က ပြောထားပါတယ်” ဟု ဆိုသည်။
အခင်းဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့ ည ၇ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် လက်နက်ကိုင် ၂၀ ခန့် ဝင်ရောက်လာပြီး ကုမ္ပဏီ ဝန်ထမ်းများကို ဝမ်းလျားမှောက်ခိုင်းကြောင်း၊ တာယာဂိုဒေါင်များ၊ ကုမ္ပဏီ ပိုင်သည့် ယန္တရားများကို မိုင်းခွဲပြီးမီးရှို့သွားပြီး ဝန်ထမ်း တဦးကိုလည်း ရိုက်နှက်သွားကြောင်း၊ ကုမ္ပဏီအတွင်းရှိ ပရိဘောဂများကိုပါ ရိုက်ခွဲခဲ့ကြောင်း ၎င်းက ဆိုသည်။
ကုမ္ပဏီ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အမေရိကန် ဒေါ်လာ ၅ သန်းကျော် ရှိသည်ဟုလည်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထိုဖြစ်စဉ် နှင့်ပတ်သက်ပြီး ဖားကန့် မြို့မရဲစခန်းတွင် ပေါက်ကွဲမှု ၃/၅/၆ နှင့် မီးရှို့ဖျက်ဆီးမှု ပုဒ်မ ၃၉၅၊ ၄၃၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း ဒုရဲမှူးထွန်းလွင်က ပြောသည်။
ရတနာရောင်ခြည် ကုမ္ပဏီ မီးလောင်မှု ကိုယ်တွေ့ တဦးဖြစ်သည့် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးက ဦးနော်လွန်းက “ပေါက်ကွဲမှု ဖြစ်နေတဲ့အချိန်မှာ ကျနော် အဲဒီနားမှာ ရှိတယ်။ ပေါက်ကွဲသံ ကြားပြီးတော့ မီးထလောင်လာတယ်။ ပေါက်ကွဲသံက ၇ ချက် ကြားရတယ်။ ဘယ်အဖွဲ့အစည်းလည်းတော့ မသိဘူး။ ညဆိုတော့ ကျနော် မမြင်ရဘူး” ဟု ဧရာဝတီသို့ ပြောသည်။