အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း လူသားချင်းစာနာမှု အကူအညီ ပေးခြင်းကိုု မြန်မာအစိုးရက ပြန်လည်ခွင့်ပြုခဲ့ခြင်းသည် “ကြိုဆိုရမည့် ခြေလှမ်း”ဟု မောင်တောဒေသသို့ ၂ ရက်ကြာ သွားရောက်လေ့လာခဲ့သော ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် သံအမတ်ကြီး ၉ ဦး ပါဝင်သည့်အဖွဲ့က ပြောဆိုလိုက်ပြီး “လုပ်စရာ အမြောက်အမြား ကျန်နေသေး” ကြောင်းလည်း ပြောကြားလိုက်သည်။
မောင်တောဒေသသို့ ၂ ရက်ကြာ သွားရောက်လေ့လာခဲ့သော ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် သံအမတ်ကြီး ၉ ဦး ပါဝင်သည့်အဖွဲ့ ယနေ့နိုဝင်ဘာ ၄ ရက်နေ့တွင် ကန်တော်ကြီးပဲလေ့ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် ပြည်တွင်းအခြေစိုက် မီဒီယာများသို့ ယင်းကဲ့သို့ ပြောဆိုခဲ့သည်။
သံတမန်အဖွဲ့အနေဖြင့် ၂ ရက်ကြာ မောင်တောဒေသ လေ့လာရေးခရီးစဉ်တွင် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့ပြီး သွားရောက်လိုသည့် ကျေးရွာများသို့ သွားရောက်ခွင့်ရခဲ့ကြောင်း၊ ရွာအများအပြားသို့ သွားရောက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များသည် အရပ်သားများအား သတ်ဖြတ်ညှင်းပန်းနေကြသည်ဟူသော တချို့ စွပ်စွဲချက်များက ပြောသလောက် မမြင်ခဲ့ရဟုလည်း ဆိုသည်။
သို့ရာတွင် “လူတွေ ထွက်ပြေးသွားပုံရတဲ့ ရွာ ၄ ရွာတော့ ရှိတယ်” ဟု အမေရိကန် သံအမတ် မစ္စတာ မာစီရယ်လ်က ပြောပြီး “လတ်တလော ဘာစားစရာမှ မရှိတဲ့ လူအုပ် ၂ အုပ်နဲ့ ကျနော်တို့ စကားပြောခဲ့ရတယ်။ အခု အစိုးရက သူတို့အတွက် လူသားချင်း စာနာတဲ့ အထောက်အပံ့တွေ ပြန်ပေးတော့မယ်ဆိုတော့ ကောင်းတဲ့ ခြေလှမ်းပါပဲ” ဟုလည်း ဆိုသည်။
လေ့လာရေး သွားရောက်မှုနှင့်ပတ်သက်၍ ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်ပြီး မြင်တွေ့တဲ့အတိုင်း တွေဆုံမေးမြန်းခဲ့သော်လည်း ယင်းအချက်ကို အခြေခံကာ ဖြစ်စဉ်တခုလုံးအပေါ် ကောက်ချက်ချလို့ မရကြောင်း အမေရိကန်သံအမတ်ကြီးက ပြောခဲ့သည်။
အစိုးရအနေဖြင့် အောက်တိုဘာ ၉ ရက် တိုက်ခိုက်ခံရမှုနှင့် တန်ပြန်စစ်ဆင်ရေးတခုလုံးအပေါ် ပွင့်လင်းမြင်သာမှုရှိစွာ ဆက်လက် စုံစမ်းစစ်ဆေးရန်လည်း သံတမန်အဖွဲ့က တိုက်တွန်းကြောင်း ပြောကြားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အောက်တိုဘာလ ၉ ရက်နေ့ နယ်ခြားစောင့်ရဲ ကင်းစခန်းများ တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက တိုက်ခိုက်မှုတွင် ပါဝင်နေသည်ဟု သင်္ကာမကင်းသူများကို လိုက်လံရှာဖွေ ဖမ်းဆီးရာတွင် လူသတ်မှုနှင့် မုဒိန်းမှုများ ကျူးလွန်ကြကြောင်း စွပ်စွဲချက်များ ပေါ်ထွက်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဖိအားပေးနေခဲ့ကြသည်။
ယင်းစွပ်စွဲချက်ကို မြန်မာအစိုးရက ပယ်ချခဲ့ပြီး အမေရိကန်၊ တရုတ် ၊ဗြိတိန်၊ တူရကီနှင့် ဥရောပသမဂ္ဂမှ အဆင့်မြင့်သံရာရှိများကို ဗုဒ္ဓဟူးနေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်ခွင့်ပေးသည်။ သို့သော် လုံခြုံရေးတပ်ဖွဲ့ဝင်များက မုဒိန်းမှု ကျူးလွန်သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သော ဦးရှင်ကျား ရွာသို့ သံတမန်များ မရောက်ခဲ့ပါ။
ဦးရှင်ကျား ကျေးရွာသို့ အောက်တိုဘာလ ၁၉ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့စဉ်က ဒေသခံအမျိုးသမီး ၈ ဦးကို မုဒိန်းကျင့်သည်ဟု နယ်မြေခံ မွတ်ဆလင်များကို စောင့်ကြည့်နေသော Arakan Project က သတင်းထုတ်ပြန်ခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာ ၂၉ ရက်တွင် ဧရာဝတီက ဆက်သွယ်မေးမြန်းရာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရပ်ရွာအတွင်းရှိ တာဝန်ရှိသူများနှင့်အတူ သတင်းအရ တအိမ်တက်တအိမ်ဆင်း ရှာဖွေခဲ့ခြင်းသာ ဖြစ်ကြောင်းနှင့် အိမ်ခြေ ၈၀၀ ကျော်ရှိသည့် ရွာကြီးအတွင်း ထိုသို့ ကျူးလွန်သည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း၊ အကယ်၍ ထိုသို့ကျူးလွန်ခဲ့လျှင်လည်း စုံစမ်းစစ်ဆေးပြီး အရေးယူမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ် မောင်တော တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍လည်း စုံစမ်းစစ်ဆေးရေး အဖွဲ့တခုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုတွင်လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်ဆိုင်ရာ နိုင်ငံ ခေါင်းဆောင်များကို တယ်လီဖုန်းဖြင့် ဆက်သွယ်ဆောင်ရွက်နေကြောင်း ဦးဇော်ဌေးက ပြောသည်။
ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုက်ခိုက်မှုဖြစ်စဉ်တရပ်လုံးအပေါ် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဖြစ်ပွားရသည့် အကြောင်းရင်းမြစ်ကို ရှာဖွေမည်ဟု ဆိုသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ သတင်းစာရှင်းလင်းရာတွင် ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးစေရေး အထူးကြိုးပမ်းနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်စေပြီး မြန်မာအစိုးရအနေဖြင့် “လျှို့ဝှက်စရာ ဘာမှမရှိ”ဟု ပြောဆိုသည်။
ယနေ့ သတင်းစာရှင်းလင်းပွဲတွင် တူရကီသံအမတ်ကြီး Mr.Haydar Kerem က “ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ကိစ္စရပ်တွေရဲ့အဖြေကို အပြင်မှာ ရှာလို့ မရပါဘူး။ အဖြေဟာ ရခိုင်ပြည်နယ်နဲ့ နေပြည်တော်မှာပဲ ရှိပါတယ်၊ လက်ရှိပြဿနာတွေကို ဖြေရှင်းရာမှာ လူသားချင်းစာနာမှု အထောက်အကူပေးခြင်းကနေ စပြီး ဖြေရှင်းချင်ပါတယ်”ဟု ပြောသည်။
ရခိုင်ပြည် မြောက်ပိုင်းရှိ အာဟာရချို့တဲ့နေသော ကလေးသူငယ် ၃၀၀၀ အပါအဝင် လူပေါင်း ၁၅၀၀၀၀ ကျော်အတွက် လူသားခြင်းစာနာမှု အကူအညီ အပြည့်အဝ ပြန်လည်ပေးအပ်ခွင့်ကိုု ကုလသမဂ္ဂက တောင်းဆိုထားသည်။
ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် မစ္စရီနာတာ ဒက်စ်ဆယ်လီယန်ကလည်း လုံခြုံရေးအရ အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ထောက်ခံကြောင်း ပြောဆိုသည်။
သတင်းစာရှင်းလင်းပွဲတွင် သံတမန်များအနေဖြင့် ၎င်းတို့ လေ့လာရေးသွားရောက်စဉ် ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းက မောင်တောမြို့အနီး ရဲစခန်းတခု ထပ်မံအကြမ်းဖက်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်ကိုလည်း သိရပါကြောင်းလည်း ပြောဆိုသည်။
ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီးယားက “အချုပ်အခြာ အာဏာပိုင်နိုင်ငံတခုမှာ လုံခြုံရေးတပ်သားတွေ ၁၅ ယောက်လောက် အသတ်ခံရတာ အင်မတန်ကြီးကျယ်တဲ့အမှု ဖြစ်ပါတယ်။ ဒါကို မေ့လို့မဖြစ်ပါဘူး”ဟု ပြောသည်။