အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ဗဟို အောင်နိုင်ရေး အဖွဲ့ဝင် ဦးမျိုးရန်နောင်သိမ်း၏ အမှုကို ဥပေဒ ကြောင်းအရ ခုခံကာကွယ်သွားရန် ပြင်ဆင်ထားကြောင်း NLD ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ကပြောသည်။
ဦးဉာဏ်ဝင်း က “သူ့အတွက် ခုခံကာကွယ်ပေးဖို့ အဆင်သင့် စီစဉ်ထားပါတယ်။ တခြားတော့ ဘာမှ မပြင်ဆင်ဘူး။ တကယ့် အဖြစ်အပျက်တွေကို အသေးစိတ် ကျနော်တို့ မသိဘူး။ အသေးစိတ် သိမှပဲ ဘာလုပ်မယ်၊ ဘာလုပ်မယ်လို့ ပြောဖို့ သင့်တော်ပါ့မယ်”ဟု ဧရာဝတီ ကို ပြောပြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဝေဖန်သည့် ရေးသားချက်များကို ဆိုရှယ် မီဒီယာ တွင် တင်သည်ဟု ဆိုကာ ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့က လှိုင်မြို့နယ် ရဲစခန်း၌် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး လင်းထွန်း က တရားလိုပြုလုပ်ပြီး အမှုဖွင့် တိုင်ကြားခဲ့ကြောင်း လှိုင်မြို့နယ် ရဲစခန်းက ပြောသည်။
လှိုင်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက “ကျနော်တို့ ရဲစခန်းမှာ အောက်တိုဘာ ၃၁ ရက်နေ့က အမှုလာဖွင့်ထားတာ ပါ။ တရားလိုပြုလုပ်ပြီး ဖွင့်တဲ့သူက ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယ ဗိုလ်မှူးကြီး လင်းထွန်းပါ။ အကြောင်းအရာက တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ဝေဖန်တဲ့ ပို့စ်ကို တင်တဲ့အတွက်လို့ သိရပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဦးမျိုးရန်နောင်သိမ်းကို နိုဝင်ဘာလ ၃ ရက် နေ့လယ် ၂ နာရီခန့်က ယုဇနဟိုတယ် ကော်ဖီဆိုင်တွင် မိတ်ဆွေနှစ်ဦးနှင့် ထိုင်နေစဉ် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိတဦး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးခေါ်ဆောင် သွားပြီး ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။
ပုဒ်မ ၆၆(ဃ) သည် မည်သူမဆို ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့် တောင်း ယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်လျှင် ထိုသူကို ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။
နိုင်ငံသား တဦး၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်သည့် ဥပဒေများကို ဖျက်သိမ်းရန် လိုအပ်သည်ဟု ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲခံရသူ ဦးမျိုးရန်နောင်သိမ်းက ယနေ့ လှိုင်မြို့နယ် တရားရုံး၌ ယမန်ယူရန် ရုံးထုတ်လာစဉ် တွင် သတင်း မီဒီယာများကို ပြောဆိုသွားသည်။
ဦးမျိုးရန်နောင်သိမ်း က “ပြည်သူတယောက်ရဲ့ ထုတ်ဖော်ခွင့်ကို ခြိမ်းခြောက်ခံနေရပြီ ဆိုကတည်းက ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့ မညီတော့ဘူး။ လွတ်လပ်စွာ ပြောဆိုခွင့်ကို ရှိရမယ်။ တရားဥပဒေတခုက အခြေခံ ဥပဒေနဲ့ ဆန့်ကျင်နေတယ်ဆို ဒီဥပဒေကို ဖျက်သိမ်းဖို့ လိုအပ်တယ်”ဟု သတင်းထောက်များကို ပြောသည်။
ဦးမျိုးရန်နောင်သိမ်း၏ အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဥပဒေလမ်းကြောင်းမှတဆင့် ကြိုးစားဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း NLD ပါတီမှ တာဝန်ရှိသူများက ဦးမျိုးရန်နောင်သိမ်း ၏ မိသားစုဝင်များကိုလည်း ပြောဆိုကြောင်း ဦးမျိုးရန်နောင်သိမ်း ၏ ညီဖြစ်သူ ဦးမျိုးထိုက်တန်သိမ်း ကလည်းပြောသည်။
“ဒီနေ့ ဘဘ ဦးတင်ဦးနဲ့ ဘဘ ဦးဉာဏ်ဝင်းတို့ နှစ်ဦးနဲ့ ကျနော်တွေ့ခဲ့ပါတယ်။ သူတို့ဘက်က ဥပေဒလမ်းကြောင်းနဲ့ အကောင်းဆုံးဖြစ်အောင် လိုက်ပြီး ရင်ဆိုင်ပေးမယ်လို့ ပြောခဲ့ပါတယ်။ တခြား အကြောင်းအရာတွေကိုတော့ ဝေဖန် ပြောကြားတာမျိုး မရှိပါဘူး”ဟု ဦးမျိုးထိုက်တန်သိမ်းက ဧရာဝတီသို့ ပြောသည်။
ဦးမျိုးရန်နောင်သိမ်းသည် NLD ဗဟို အောင်နိုင်ရေးအဖွဲ့၏ အဖွဲ့ဝင် တဦး ဖြစ်သလို NLD အဖွဲ့ချုပ်ဗဟို သုတေသန လမ်းညွှန်အဖွဲ့၏ အတွင်းရေးမှူး တာဝန်ကိုလည်း လက်ရှိ ထမ်းဆောင်နေသူ တဦး ဖြစ်သည်။ ထို့အပြင် ဗေဒါ အင်စတီကျုကို တည်ထောင်ခဲ့သူတဦးလည်း ဖြစ်သည်။
ဦးမျိုးရန်နောင်သိမ်းကို နိုဝင်ဘာလ ၉ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။