လူတိုင်း ကျန်းမာချင်ကြတယ်၊ ဒါကြောင့် ကျန်းမာရေး ဆိုင်ရာ အသိပညာဗဟုသုတတွေ ရှာဖွေမှတ်သား လိုက်နာကြတယ်။ အထူးသဖြင့် ပညာရှင်တွေ ဆရာဝန်တွေ သုတေသီတွေရဲ့ တွေ့ရှိချက် လမ်းညွှန်ချက်တွေကို လိုက်နာကြပါတယ်။ သို့ပေမယ့် နည်းမှန် လမ်းမှန် မဟုတ်ဘဲ အလွဲလွဲအချော်ချော် လိုက်နာနေမိရင်တော့ ဆိုးကျိုးတွေ တသီကြီးနဲ့ ကြုံရနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေး အလွဲအချော်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
အစာစားပြီးတိုင်း ချက်ချင်း သွား မတိုက်ပါနဲ့
တကယ်လို့ သင်ဟာ ဆရာဝန်တွေရဲ့ အကြံပြုချက်အတိုင်း ခံတွင်း သန့်ရှင်းဖို့ အစာ စားပြီးပြီးချင်း သွားတိုက်တယ် ဆိုပါတော့၊ သေချာပါတယ်၊ သင်ဟာ မှားယွင်းစွာနားလည် လုပ်နေမိပြီ ဆိုတာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အစာချေပေးတဲ့ အက်ဆစ်တွေကို သွားတွေရဲ့ အပေါ်ယံကြွေလွှာအောက်ထိ ရောက်တွန်းပို့ပေးသလို ဖြစ်ပြီး သွားရဲ့ ခိုင်မာမှုကို ထိခိုက်စေနိုင်တဲ့ အပြင် သွားဖုံးကို အက်ဆစ်နဲ့ ပွတ်တိုက်သလို ဖြစ်ကာ ထိရှစေနိုင်ပါတယ်။ ဒါကြောင့် အစာစားပြီးပြီးချင်း ချက်ချင်း သွားတိုက်တာမျိုး မလုပ်ဘဲ အနည်းဆုံး နာရီဝက်လောက်ရှိမှသာ သွားတိုက်သင့်ပါတယ်။
အိပ်ခါနီးမှာ ဖုန်းမပွတ်ပါနဲ့
လူတချို့ဟာ အိပ်ခါနီးမှာ အပြီးသတ် စစ်ဆေးမှုအနေနဲ့ ဖုန်းကို ဖွင့်ပြီး ကြည့်ကြပါတယ်။ လိုအပ်ရင် မက်ဆေ့ဂျ် ပို့တာလည်း ရှိပါတယ်။ အဲဒီလို ပို့ရာမှာ အလင်းရောင်မရှိဘဲ ဝန်းကျင်က မှောင်နေတယ် ဆိုရင်တော့ အဲဒီအလုပ်တွေ မလုပ်သင့်ပါဘူး။ သင့်ဖုန်းမျက်နှာပြင်က ထွက်လာတဲ့ အပြာရောင် အလင်းတန်းက သင့်ခန္ဓာကိုယ်တွင်း ပုံမှန် လည်ပတ်မှုကို လေးဖင့်နှေးကွေးစေပြီး မနက်ခင်း အိပ်ရာနောက်ကျစေပါတယ်။
ပြီးတော့ သင့်ရဲ့ မျက်စေ့ကိုလည်း စူးရှတဲ့ အပြာရောင် အလင်းရောင်က အနည်းနဲ့အများ ဆိုသလို ထိခိုက်စေနိုင်ပြန်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီး ၁ နာရီလောက် အလိုကတည်းက ဖုန်းပွတ်တာတွေ၊ မက်ဆေ့ပို့တာတွေ ရပ်လိုက်ဖို့ အကြံပြုလိုက်ပါတယ်။
သင် ရေသောက်တတ်ပါသလား
သင် ရေသောက်တတ်ပါသလား လို့ မေးရင် သောက်တတ်တာပေါ့လို့ လူတိုင်းက မဆိုင်းမတွ ဖြေကြမှာပါ။ အခု မေးတာက သင် ရေကို စနစ်တကျနဲ့ လုံလုံလောက်လောက် သောက်တတ်ပါရဲ့လား ဆိုတာပါ။ လူတော်တော်များဟာ ရေကို ဆာတဲ့အခါမှာသာ သောက်ဖို့ ဖြစ်တယ်လို့ ဆိုပြီး ဘာမှ အရေးမကြီး သလို ယူဆနေ ကြပါတယ်။
တကယ်တော့ ရေကို လုံလုံလောက် သောက်ခြင်းဟာ သင့်ခန္ဓာကိုယ် အစိတ်ပိုင်းတွေကို ကျန်းမာစေတယ်၊ ပုံမှန်လုပ်ဆောင်နိုင်စွမ်းကို အားဖြည့်ပေးတယ်၊ သန့်ရှင်းစေတယ်၊ ဆာလောင်တာကို ထိန်းပေးတယ်၊ အစာကြေညက် စေတယ် စသဖြင့် ရေရဲ့ ကောင်းကျိုးတွေက အလွန်များပြားပါတယ်။ ဒါကြောင့် ရေကို ဆာမှသာ သောက်တာမျိုး မဟုတ်ဘဲ ပုံမှန်သောက်သုံးဖို့၊ လုံလုံလောက်လောက် သောက်သုံးဖို့ သတိပေးလိုက်ပါတယ်။
ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ် ထိုင်ပါ
ကိုယ်နေဟန်ထား အဆင်မပြေတာကြောင့် သင့်ရဲ့ လက်ပြင်၊ နောက်ကျောနဲ့ လည်ပင်းတွေမှာ နာကျင် ကိုက်ခဲ ပြဿနာ ဖြစ်တတ်ပါတယ်။ ခန္ဓကိုယ်ကို ကွေးကိုင်းပြီး ပြုမူ နေထိုင်တာကြောင့် ခေါင်းကို ခေါင်းခဲ ဖြစ်စေတဲ့ အပြင် အစာမကြေလည်း ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ် ထိုင်ပါ လို့ သတိပေးလိုက်ပါရစေ။
ကိုယ်ကို သွယ်လျပါစေ (အ၀ မလွန်စေနဲ့)
ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ရဲ့ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပြီး သင့်ကိုယ်ကို သွယ်လျစေနိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း သက်သက်နဲ့ ခန္ဓာကိုယ်က သွယ်လျ ကိုယ်အလေးချိန် လျော့သွားမှာတော့ မဟုတ်ဘူး။ သင့်ခန္ဓာကိုယ်ကို အဝစေတဲ့ ကယ်လိုရီကိုလည်း လျှော့ချရမှာ ဖြစ်တယ်။
လူအများစုက လေ့ကျင့်ခန်းတော့ ပြင်းပြင်းထန်ထန် လုပ်ပါရဲ့၊ အစားကိုတော့ မရှောင်၊ လျှော့လည်း မလျှော့တော့ သွယ်လျဖို့ နေနေသာသာ ကိုယ်အလေးချိန်လည်းမကျ၊ ပိုတိုးလို့သာ ဝနေကြတော့တာပေါ့။ ဒါကြောင့် လေ့ကျင့်ခန်းလည်းလုပ် အာဟာရဖြစ်စေတဲ့ အစားအသောက်ကလွဲပြီး ကယ်လိုရီများတဲ့ အစားအသောက်ကိုရှောင်ဖို့ လျှော့ဖို့ သတိပေးလိုက်ပါတယ်။
ဝန်းကျင်အသိုင်းအဝိုင်းမှာ ဝင်ဆံ့ပါ
တကိုယ်ရည် နေထိုင်ခြင်းက အမှုကိစ္စ နည်းပါးအေးချမ်းတယ်လို့ ဆိုပေမယ့် မိတ်ကောင်း ဆွေကောင်းတွေနဲ့ ဆက်သွယ် နေထိုင်ရတာက သင့်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံရပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ လောကရေး၊ ဓမ္မရေးသာမက သင့်အတွက် လိုအပ်တဲ့ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတတွေလည်း ရနိုင်တယ် မဟုတ်လား။
ညွှန်း – onlymyhealth.com