အများအကျိုးကို စဉ်းစားတွေးခေါ် ပေးနိုင်သော ကလေးများ ဖြစ်လာစေရန် “ကလေးစာပေ” ဖွံ့ဖြိုးတိုးတက်ရေး စာပေ ထုတ်ဝေသူများ အပါအဝင် အားလုံးက ဝိုင်းဝန်းပေးကြရန် သမ္မတ ဦးထင်ကျော်က တိုက်တွန်းလိုက်သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ကလေးစာပေပွဲတော် အခမ်းအနား တက်ရောက်လာသည့် စာရေးဆရာ၊ ကဗျာဆရာကြီး မင်းသုဝဏ်၏သား သမ္မတ ဦးထင်ကျော်က မီဒီယာတွေနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“စာအုပ်တွေကို ကလေးတွေ လက်လှမ်းမှီဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ထုတ်ဝေတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့က။ စာအုပ်တွေ အင်မတန် ကောင်းတယ်။ ဘာသာပြန်တဲ့ စာအုပ်တွေ သို့သော်လည်း ကလေးတွေ လက်လှမ်း မီဖို့ လိုပါတယ်” ဟု ဦးထင်ကျော်က ပြောသည်။
ယခု ပြပွဲတွင် ပြသရောင်းချထားသည့် စာအုပ်တွေများကို မိဘ ၁၀ဝ တွင် မိဘ ၁၀ ဦးလောက်ကသာ စီးပွားရေး အခြေအနေအရ ဝယ်ပေးနိုင်သည့် စာအုပ်မျိုးများ ဖြစ်နေသဖြင့် ကလေးများမှာ ကျောင်းစာကြည့်တိုက်များကိုသာ အားကိုးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ထုတ်ဝေသူများက ကလေးစာပေများကို ကျောင်းစာကြည့်တိုက်များသို့ အလှည့်ကျ ငှားရမ်းပေးရန် တောင်းဆိုခဲ့ကြောင်း ဦးထင်ကျော်က ပြောသည်။
“ဒီက ထုတ်ဝေသူကိုလည်း ပြောပါတယ်။ ကလေးတွေ လက်လှမ်းမီအောင် တချို့ထုတ်ဝေတဲ့ စာအုပ်တွေကို လစဉ်ထုတ်တဲ့ ပုဂ္ဂိုလ်ဆိုရင်လည်း တလကို ကျောင်း ၅ ကျောင်းရွေး။ အဲဒီ ကျောင်းစာကြည့်တိုက်ကိုပို့။ တလကို ကျောင်းစာကြည့်တိုက်တွေမှာ တလကို လေး၊ငါးအုပ်လောက်၊ တလ ဒီ ကျောင်း၊ နောက်လ ဒီကျောင်းကိုပို့၊ အလှည့်ကျနဲ့ အဲဒီလို တတ်နိုင်သမျှ လုပ်ပေးကြပါလို့ ကိုယ့်ရဲ့အတိုင်းအဆနဲ့ပေါ့နော်။ ကလေးတွေကို ဝိုင်းဝန်း ပံ့ပိုးကြပါ” ဟု ဦးထင်ကျော်က ပြောသည်။
ယနေ့ ကလေး စာပေပွဲတော်သို့ တက်ရောက်လာသူ နေပြည်တော်မှ မိဘတဦးကလည်း ယခုကဲ့သို့ ပွဲမျိုးကို မကြာခဏ စီစဉ်ပေးသင့်ပြီး တန်ဖိုး သက်သာသည့် ကလေးစာအုပ်မျိုးစုံကို ရောင်းချပေးစေလိုကြောင်း၊ ကလေးအားလုံး ပါဝင်နိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာ ခေါင်းဆောင်များက ဦးဆောင်၍ လိုက်ပို့ပေးသည့် အစီအစဉ်မျိုး လုပ်ဆောင်ပေးစေလိုကြောင်း ဧရာဝတီသို့ ပြောသည်။
သမ္မတ ဦးထင်ကျော်ကလည်း ကလေးစာပေများကို ဖတ်ရှု့လေ့လာခြင်းဖြင့် လိမ္မာယဉ်ကျေးသော ကလေးငယ်များ ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း၊ အများအကျိုးကို လိုလားသူ၊ အားနွဲ့သူကို ကူညီပေးလိုသော ကလေးငယ်များ ဖြစ်လာစေရန် ကလေးစာပေများ ရှိရန် လိုအပ်သဖြင့် ကလေးစာပေ ဖွံ့ဖြိုးရန် လိုအပ်ကြောင်း ပြောသည်။
ဦးထင်ကျော်က “အဲဒီတော့ မိဘတွေကလည်း ကလေးတွေကို တတ်နိုင်တဲ့အချိန်မှာလည်း စာဖတ်ချင်တဲ့ စိတ်ဖြစ်လာအောင် လုပ်ပေးကြပါ။ ကျနော်တို့ ငယ်စဉ်ကလည်း ဒီလိုပဲ ပုံပြောပြခဲ့တဲ့သူတွေ ရှိတယ်။ အဖေက ပြောပြတယ်။ အဲဒီလိုနဲ့ ကြီးလာတာ။ သူတို့လည်း ဒီလိုကြားလာမှ စိတ်ဝင်စားလာမယ်။ မဖြစ်မနေ စာဖတ်ချင်လာမယ်။ အဲဒီလိုပြောပြရမယ်” ဟု ဆိုသည်။
ထို့အပြင် ယနေ့ခတ်တွင် အန္တရာယ် ပေးလာသည့် မူးယစ်ဆေးဝါး ကိစ္စကိုလည်း မိဘများ အနေဖြင့် သတိထားသင့်ကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း ရေးသားထားသည့် စာပေမျိုးကို မိဘများက ကလေးငယ်များကို လေ့လာခိုင်းသင့်ကြောင်းလည်း သမ္မတက ပြောသည်။
“သားသမီးကိုချစ်တဲ့၊ နှစ်ရာမရောက် တကယ်ချစ်တဲ့ အရာရောက်အောင် လမ်းမှန်ကို ပြဖို့ ကလေးတွေ အပေါင်းအသင်း မမှားအောင် ကလေးတွေ မုန့်ဖိုး သုံးတာဆွဲတာက စပြီးတော့ ဘယ်လို သုံးလည်း ဘာတွေသုံးနေလဲဆိုတာ ကြည့်သင့်တယ်။ တားဆီးသင့်တယ်” ဟု ဦးထင်ကျော်က ပြောသည်။
ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကိုသာ စားစေချင်ပြီး ထိုမှသာ ရောင်းချသူများကလည်း ဆင်ခြင်လာမည် ဖြစ်ကြောင်း၊ ၄င်းတို့ ရောင်းချတိုင်း ဝယ်စားနေမည်ဆိုပါက အမှုမဲ့ အမှတ်မဲ့သာ ဖြစ်နေဦးမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိဘများက ဝိုင်းထိန်းပေးရန် လိုအပ်ကြောင်း ၄င်းက ပြောသည်။
“ပြန်ကြားရေး ဝန်ကြီးဌာနက ကလေးတွေကို ဒီလို လုပ်ပေးနိုင်တာလည်း အင်မတန် အကျိုးကျေးဇူး ကြီးပါတယ်။ ပထမအကြိမ် လုပ်တုန်းက ဇန်နဝါရီလက ရန်ကုန်မှာ လုပ်တာ ရောက်ဖြစ်ပါတယ်။ ဒီလောက် မကြည့်ဖြစ်ဘူး။ ဒီနေ့တော့ ပိုကြည့်ဖြစ်ပါတယ်။ ဒီလို ဟာမျိုး များများ ဖြစ်လာရင် ပိုကောင်းပါတယ်”ဟု ဦးထင်ကျော်က ပြောဆိုခဲ့သည်။