မောင်တောဒေသ၌ အောက်တိုဘာလ အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ပိတ်ထားခဲ့ရသည့် အခြေခံပညာ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း လုံခြုံရေး စိတ်မချရသည့် ဒေသများရှိ ကျောင်းအများစုမှာ ပိတ်ထားရဆဲ ဖြစ်သည်။
မောင်တောခရိုင်၌ အခြေခံပညာ ထက်တန်း ၉ ကျောင်း၊ အလယ်တန်း ၁၈ ကျောင်းနှင့် မူလတန်း ၃၇၅ ကျောင်း၊ စုစုပေါင်း ၄၀၂ ကျောင်း ရှိသည့်အနက် လက်ရှိတွင် ၅၅ ကျောင်းသာ ပုံမှန် ပြန်လည် ဖွင့်လှစ်နိုင်သေးသည်။
မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင် က “မြို့နဲ့ဝေးလံတဲ့ ကျောင်းတချို့ကို လုံခြုံရေး စိတ်မချရတဲ့အတွက် ခေတ္တ ပိတ်ထားပါသေးတယ်၊ ဒီလထဲမှာတော့ အားလုံးနီးပါး ပြန်ဖွင့်နိုင်ဖို့ ကြိုးပမ်းနေပါတယ်၊ လုံခြုံရေးတွေလည်းထားပေးမှာပါ” ဟု ဧရာဝတီကို ပြောသည်။
ကျောင်းဖွင့်ချိန် နောက်ကျခြင်းကြောင့် စာသင်ချိန် နည်းပါးသွားသည့် ကျောင်းသားများအတွက် ကျောင်းပုံမှန် ပြန်ဖွင့်ပါက အချိန်ပိုများ ခေါ်ယူ သင်ကြားပေးမည်ဟု မြို့နယ် ပညာရေးမှူးက ပြောသည်။
ထို့အတူ ပညာရေးဝန်ထမ်း အများစုမှာလည်း အကြမ်းဖက်မှု ဖြစ်စဉ်အပြီး မိမိတို့နေရပ်ဒေသ အသီးသီးသို့ ပြန်သွားခဲ့ရပြီး၊ မောင်တောဒေသသို့ ပြန်လာရန် စိုးရိမ် ထိန့်လန့်နေကြဆဲ ဖြစ်ကြောင်းသိရသည်။
ဆရာ၊ ဆရာမ အားလုံးသည် မောင်တောဒေသသို့ အောက်တိုဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ရောက်ရမည်ဟု လမ်းညွှန်ထားသော်လည်း အများစုသည် ပြန်လည် မရောက်ရှိသေးပေ။ ဆရာ၊ ဆရာမ များအတွက် လုံခြုံရေး စိတ်ချရမှု မရှိသေးဘဲ မောင်တောသို့ ပြန်လာ၍ တာဝန်ထမ်းဆောင်ရန် ဖိအားပေးမှုများ ရှိသည်ဟုလည်း ဝေဖန်မှုများ ရှိနေသည်။
မြို့နယ် ပညာရေးမှူးက ပြောရာတွင် လုံခြုံရေး စိတ်မချရသည့် ကျေးရွာများ၌ တာဝန်ထမ်းဆောင်ရန် ဖိအားပေးမှု မရှိ ကြောင်း၊ ၎င်းတို့၏ လုံခြုံရေးအတွက် ကျေးရွာတခုလျှင် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး ဝန်းကျင်လုံခြုံရေး ယူပေးရန် သက်ဆိုင် ရာ အာဏာပိုင်များက စီစဉ်နေကြောင်း ဆိုသည်။
မောင်တောသို့ ရောက်ရှိနေသည့် ပညာရေး ဝန်ထမ်းများမှာလည်း မိမိတို့ မူလက သင်ကြားခဲ့သည့် စာသင်ကျောင်းများသို့ မရောက်နိုင်သေးဘဲ မောင်တောမြို့ပေါ်၌သာ ရှိနေကြသည်။
မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများ၌ တာဝန်ကျသည့် ပညာရေး ဝန်ထမ်းအများစုသည် အမျိုးသမီး ဆရာမများ ဖြစ်ခြင်းကြောင့် လုံခြုံရေးအတွက် ပိုမိုစိုးရိမ်နေကြသည်။
လုံခြုံရေး စိုးရိမ်ရသည့် ကျေးရွာများသည် မြို့နှင့်ဝေးလံသည့် ဒေသများဖြစ်သည့်အပြင် အိမ်ခြေထောင်ချီရှိသည့် ဘင်္ဂါလီ ကျေးရွာများနှင့် နီးစပ်နေခြင်းကြောင့် ပြဿနာ တစုံတရာ ပေါ်ပေါက်ပါက အသက် အန္တရာယ်စိုးရိမ်ဖွယ် ကောင်းသည်ဟု ဆိုကာ ဆရာမများက ထိုဒေသများသို့ မသွားလိုကြဟု မြို့ခံ ပညာရေး ဝန်ထမ်းတချို့က ပြောသည်။
မောင်တောမြို့နယ်၌ တိုင်းရင်းသားကျေးရွာ နည်းပါးပြီး၊ ဘင်္ဂါလီ ကျေးရွာကြီးများကို ဖြတ်သွားရသည့်အတွက် လုံခြုံမှုမရှိ ကြောင်း၊ ထို့ကြောင့် နုတ်ထွက်သွားသည့် ဆရာ၊ ဆရာမ များလည်း ယခင်က ရှိခဲ့ဖူးကြောင်း၊ လက်ရှိတွင်လည်း ထိုဒေသ၌ တာဝန် မထမ်းဆောင်လို၍ နုတ်ထွက်လိုသည့် ဝန်ထမ်းတချို့ ရှိသည့်တိုင် နုတ်ထွက်ရန် ခက်ခဲကြောင်း သိရသည်။
မောင်တောနယ်စပ်၌ တာဝန်ထမ်းဆောင်သည့် ပညာရေး ဝန်ထမ်းများအား တခြားဒေသများမှ ပညာရေး ဝန်ထမ်းများ ထက် အခွင့်အရေးတချို့ ပိုပေးထားပြီး၊ ယခင်က လစာ ၂ ဆထိ တိုးပေးခဲ့ဖူးသည်။ လက်ရှိတွင် လစာ ၂ ဆ တိုးပေးခြင်း မရှိတော့သော်လည်း တခြားထောက်ပံ့မှု တချို့ပေးထားသည်။ လစာအပြင် အပိုကြေးအဖြစ် ထောက်ပံ့မှု လစဉ်ရှိသည်။
မောင်တောဒေသ၌ တာဝန် ထမ်းဆောင်နေရသည့် ပညာရေးဝန်ထမ်းများသည် ထိုဒေသခံ များမဟုတ်ဘဲ ရခိုင်ပြည်နယ်၏ တခြားသော မြို့နယ်များမှ ဖြစ်သည်။
အောက်တိုဘာလ ၉ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် ရဲဝန်ထမ်း ၉ ဦး နှင့် တပ်မတော်သား ၅ ဦး သေဆုံးခဲ့ ရပြီးနောက်၊ ပညာရေး ဝန်ထမ်း အမျိုးသမီးများနေရာ၌ အမျိုးသားများကို အစားထိုး ပြောင်းလဲပေးရန် ဒေသခံများက တောင်းဆိုလာကြသည်။
မောင်တော ဒေသခံ ဦးခင်မောင်သန်းက “ဆရာ၊ ဆရာမ အများစုဟာ အဝေးက လာကြတာဆိုတော့ မိဘတွေ ကလည်း စိတ်မချဘူးပေါ့၊ ဒါကြောင့် နောက်ထပ် ဝန်ထမ်းခန့်အပ်ရင်တော့ မောင်တောဒေသခံ အမျိုးသားတွေကိုပဲ ဦးစားပေးခန့် အပ်ဖို့ အဆိုပြု ပြောဆိုနေကြတာတွေ ရှိပါတယ်” ဟု ဆိုသည်။
ထို့အတူ မောင်တောဒေသအတွက် ပညာရေးဝန်ထမ်းများ ခန့်အပ်ရာတွင် အသက် ကန့်သတ်မှုအား လျော့ပေါ့ပေးရန်နှင့် ဘွဲ့ရထားသည့် အမျိုးသားများအတွက် ၃၅ နှစ် အထိ လက်ခံပေးရန်လည်း ပြည်ထောင်စု အစိုးရထံ တင်ပြတောင်းဆို ထားကြသည်။
မောင်တောမြို့နယ်၌ တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများကို ခန့်အပ်ရာတွင် လာမည့် ပညာသင်နှစ်များမှစ၍ မောင်တောဒေသခံများကို ဦးစားပေး ခန့်အပ်သွားမည်ဟု မောင်တော အကြမ်းဖက်မှုနှင့် ဆက်စပ်၍ ရခိုင်ပြည်နယ် လွှတ်တော်က ဖွဲ့စည်းထားသည့် စုံစမ်းရေး ကော်မရှင် ကလည်း ပြောဆိုထားသည်။
အောက်တိုဘာလ ၉ ရက် အကြမ်းဖက်မှုကြောင့် ပိတ်ထားသည့် စာသင်ကျောင်းအနက် မောင်တော မြို့ပေါ်ရှိ စာသင် ကျောင်းများအား အောက်တိုဘာလ ၂၄ ရက်နေ့က စတင် ဖွင့်လှစ်နေပြီသော်လည်း မိဘအများစုသည် ၎င်းတို့၏ ကလေးများအား ကျောင်းသို့ ပို့ဆောင်ခြင်း မရှိကြသေးပေ။
မောင်တော မြို့ပေါ်၌ သာမက ဒေသတွင်း၌ပါ တည်ငြိမ်မှု ရှိနေပြီဖြစ်ကြောင်း၊ လုံခြုံရေး အစီအမံများကိုလည်း နယ်စပ် ဒေသ ကွဲကပ်ရေး ဌာနချုပ်က ဦးဆောင်၍ အဆင့်ဆင့် ဆောင်ရွက်နေကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ဧရာဝတီကို ပြောသည်။
ဦးလှမြင့် က “စာသင်ကျောင်းတွေရဲ့ လုံခြုံရေးကိုပါ နယ်မြေအလိုက် အစီအစဉ်တကျ ဆောင်ရွက်နေပါတယ်၊ နယ်မြေ အေးချမ်းမှု အပေါ်မူတည်ပြီးတော့ ကျောင်းတွေ တခုပြီး တခု ပြန်ဖွင့်နိုင်အောင်လည်းပဲ ပညာရေးဌာနက လုပ်ဆောင်နေပါ တယ်၊ လုံခြုံရေးအရ အသေးစိတ်တော့ ပြောလို့မရပါဘူး” ဟု ဆိုသည်။
ထို့အတူ အကြမ်းဖက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေကြသည့် ဒေသခံ တိုင်းရင်းသားများသည်လည်း ယခုအခါ မိမိတို့ ကျေးရွာ၊ နေအိမ်များ၌ ပြန်လည်နေထိုင်ကြပြီး၊ စပါး ရိတ်သိမ်းနေကြပြီ ဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသား ကျေးရွာများ၌လည်း လုံခြုံရေး အစီအမံများ ဆောင်ရွက်ပေးထားကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး က ပြောသည်။
မောင်တောဒေ၌ တည်ငြိမ်အေးချမ်းနေပြီဟု နိုင်ငံတော် အစိုးရ နှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ပြောဆိုနေသော်လည်း၊ နယ်မြေရှင်းလင်းရေး လုပ်နေသည့် တပ်ဖွဲ့ဝင်များအား မကြာခဏ တိုက်ခိုက်ခံနေရသည်။
မောင်တောမြို့နယ်ရှိ နူရူလာ ရဲကင်းစခန်းကိုလည်း နိုဝင်ဘာလ ၃ ရက်နေ့ ညနေက ဘင်္ဂါလီ ၅ ဦးက ဆိုင်ကယ် နှစ်စီးဖြင့် လာရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် တဦးကျဆုံးပြီး၊ တဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိ၍ အရေးပေါ် ကုသမှု ခံယူနေရသည်။
လုံခြုံရေး စခန်းများအား မကြာခဏ တိုက်ခိုက်ခံနေရခြင်းကပင် မောင်တောဒေသ၌ တာဝန်ထမ်းဆောင်မည့် ပညာရေး ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ အတွက် စိုးရိမ်မှုကို ပိုမို မြင့်မားနေစေသည်။