နိုဝင်ဘာ ၈ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကပ်လာတာနဲ့အမျှ တနင်္ဂနွေနေ့က နောက်ဆုံး ပေါ်ထွက်လာနေတဲ့ တနိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲအကြို လူထုသဘောထားစစ်တမ်း ၃ ခုအဆိုအရ ဒီမိုကရက်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်က ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို နှာတဖျား အသာရနေခဲ့ကြောင်း သိရပါတယ်။
သောကြာနဲ့ စနေနေ့တွေမှာ ကောက်ယူခဲ့တဲ့ POLITICO/Morning Consult စစ်တမ်းအရ ဟီလာရီက ၄၅ – ၄၂ ရာခိုင်နှုန်း၊ ကြာသပတေးက စနေနေ့ တလျှောက်လုံး ကောက်ခဲ့တဲ့ NBC News/Wall Street Journal စစ်တမ်းအရ ၄၄ – ၄၀ ရာခိုင်နှုန်း၊ ကြာသပတေးနဲ့ သောကြာမှာ ကောက်တဲ့ ABC News/Washington Post စစ်တမ်းမှာ ၄၈ – ၄၃ ရာခိုင်နှုန်းနဲ့ အသာစီးရနေကြောင်း သိရပါတယ်။
နိုင်ငံရေး သုံးသပ်ဝေဖန်သူ အများစုကလည်း သမ္မတ ရွေးကောက်ခံရဖို့ လိုတဲ့ ဆန္ဒမဲ ၂၇၀ ရဖို့ ဟီလာရီရဲ့ အလားအလာက ပိုပြီး သိသိသာသာ ရှင်းရှင်းလင်းလင်း ဖြစ်တယ်လို့ ဆိုနေကြပါတယ်။ သတင်းစာတွေရဲ့ ခန့်မှန်း ဟောကိန်းတွေအရလည်း ဟီလာရီ နိုင်ဖို့ များနေပါတယ်။ Washington Post ရဲ့ ဟောကိန်းမှာ ဟီလာရီ နိုင်မယ့် ထောက်ခံဆန္ဒမဲ ၂၉၀ ရှိပြီး ဒေါ်နယ်ထရမ့် နိုင်မယ့် ထောက်ခံမဲ ၂၀၉ သာ ရှိပါတယ်။ Los Angeles Times သတင်းစာ ဟောကိန်းဆို ဟီလာရီ နိုင်မယ့် ထောက်ခံဆန္ဒမဲ ၃၅၂ နေရာထိ ခန့်မှန်းဟောကိန်းထုတ်လိုက်ပါတယ်။
ဒါက ဒေါ်နယ်ထရမ့်က လုံးလုံး နိုင်ချေ မရှိဘူးလို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။ အမေရိကန် ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်ကို တသမတ်တည်း ထောက်ခံလာတဲ့ ပြည်နယ်တွေ ရှိသလို ရီပတ်ဘလီကန်တွေကိုချည်း ထောက်ခံတဲ့ ပြည်နယ်တွေလည်း ရှိတယ်။ ဒီမိုကရက်ဘက်လည်း ယိမ်းတတ်သလို ရီပတ်ဘလီကန်ဘက်လည်း ယိမ်းတတ်တဲ့ ကြားနေပြည်နယ်တွေလည်း ရှိတယ်။ ဒါကြောင့် ဒီကြားနေပြည်နယ်တွေရဲ့ အဆုံးအဖြတ်က အရေးပါပါတယ်။ ကြားနေပြည်နယ် အားလုံးမှာ ဒေါ်နယ်ထရမ့်နိုင်မှ လိုအပ်တဲ့မဲ ၂၇၀ ရနိုင်မှာ ဖြစ်တဲ့အတွက် မလွယ်ဘူးလို့တော့ ပြောနိုင်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့အပတ်မှာ ရီပတ်ဘလီကန်ယိမ်း ပြည်နယ်တွေသာမက ဒီမိုကရက်ယိမ်း ကြားနေပြည်နယ်တွေဆီ ကူးလူးပြီး မဲဆွယ်စည်းရုံးခဲ့တယ်။
နောက်ဆုံးရသတင်းတွေအရ ကြားနေပြည်နယ်မှာ ရှိကြတဲ့ ဟစ်စပန်းနစ်လို့ ခေါ်တဲ့ စပိန်စကားပြော လူနည်းစုမဲဆန္ဒရှင်တွေဟာ အလုံးအရင်းလိုက် ထွက်လာပြီး ဟီလာရီကို ထောက်ခံကြိုတင်မဲတွေ ထွက်ပေးခဲ့ကြလို့ ကြိုတင်မဲမှာ ဟီလာရီ မဲအသာရနေကြောင်း သိရပါတယ်။ ဒီလူနည်းစုတွေဟာ တောင်အမေရိကနိုင်ငံတွေက ရွှေ့ပြောင်းဝင်ရောက်အခြေချလာသူတွေ ဖြစ်တာကြောင့် ဒေါ်နယ်ထရမ့်ရဲ့ ရွှေ့ပြောင်းအခြေချသူတွေအပေါ် နှိမ်ချပြီး ခွဲခြားဆက်ဆံတဲ့ မူဝါဒကို မကြိုက်သူတွေ ဖြစ်ကြတယ်။ ဥပမာ နီဗားဒါးပြည်နယ် ကလာ့တ်ကောင်တီမှာ ထွက်ပြီး ကြိုတင်မဲပေးတဲ့ ဟစ်စပန်းနစ်တွေဟာ ၂၀၁၂ မှာ အိုဘားမားကို မဲထွက်ပေးသူထက် ပိုများတယ်လို့ ဆိုတယ်။
အကျိတ်အနယ်ဖြစ်နေတဲ့ ဖလော်ရီဒါပြည်နယ်မှာလည်း ကြိုတင်မဲပေးတဲ့ ဟစ်စပန်းနစ်တွေ များတဲ့အပြင် ရီပတ်ဘလီကန် ယိမ်းတဲ့ အရီဇိုးနားနဲ့ တက္ကဆက်လို ပြည်နယ်တွေမှာတောင် ကြိုတင်မဲပေးတဲ့ ဟစ်စပန်းနစ်တွေ များတယ်လို့ သိရပါတယ်။ ဟစ်စပန်းနစ် မဲကို “အိပ်ပျော်နေတဲ့ အကောင်ကြီး”လို့ တင်စားခေါ်ကြပြီး ဟီလာရီ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ဒေါ်နယ်ထရမ့်ရဲ့ ပေါ်လစီနဲ့ မက္ကဆီကန်တွေအပေါ် နှိမ်ချခွဲခြားတဲ့ သဘောထားတွေကို ထောက်ပြပြီး လှုပ်နှိုးနေပါတယ်။
ကြိုတင်မဲ သန်း ၄၀ လောက် ပေးပြီးပြီလို့ U.S. Elections Project က Michael McDonald ရဲ့အဆိုအရ သိရပါတယ်။ ဒီထဲမှာ ဖလော်ရီဒါမှ ၅ ဒသမ ၅ သန်း၊ မြောက် ကယ်ရိုလိုင်းနားမှာ ၂ ဒသမ ၉ သန်း၊ ကိုလိုရာဒိုမှာ ၁ ဒသမ ၆ သန်းနဲ့ နီဗားဒါးမှာ ၇ သိန်းခွဲတို့ ပါဝင်ပါတယ်။ ဟီလာရီ အနိုင်ရရေး ဒီမိုကရက်ပါတီရဲ့ ထိပ်သီးတွေဖြစ်တဲ့ ဘီလ်ကလင်တန်၊ အိုဘားမား၊ ဘားနီဆန်းဒါးစ်၊ ဂျိုးဘိုင်ဒင်တို့အပြင် နာမည်ကြီးအဆိုတော် ဂျေဇီ၊ ဘရုစပရင်းစတင်း၊ ဘွန်ဂျိုဗီတို့နဲ့ အကျိတ်အနယ် ပြိုင်နေရတဲ့ ပြည်နယ်တွေမှာ အင်တိုက်အားတိုက် မဲဆွယ်နေပါတယ်။
အတိုချုံးပြောရရင် ၂ ဘက်မဲဆွယ်မှုဟာ အသားအရောင်တွေကို ပစ်မှတ်ထားနေကြပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ပစ်မှတ်က အလုပ်သမားလူတန်းစား လူဖြူမဲတွေ ရဖို့ပါ။ ဒီဗျူဟာ အလုပ်ဖြစ်တယ်လို့လည်း ဆိုရမယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်ဘက် ယိမ်းခဲ့တဲ့ မီချီဂန်လို ဝစ်စကွန်ဆင်လို ပြည်နယ်တွေမှာ ဒေါ်နယ်ထရမ့်ပေါ် လူထုသဘောထားစစ်တမ်းအရ ထောက်ခံမှုနှုန်း တက်ခဲ့တယ်။ ဒါကြောင့် အစဉ်အလာအရ ကြိုတင်မဲတွေမှာ ဒီမိုကရက် အသာရနေပေမယ့် ရွေးကောက်ပွဲနေ့မှာ မဲပေးကြမယ့် ကြားနေပြည်နယ်သား လူဖြူအများစုဟာ ဒေါ်နယ်ထရမ့်ပေါ် မဲထည့်နိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်က ရီပတ်ဘလီကန်တွေဘက်မှာ ရှိနေပါသေးတယ်။