သတင်း

မူးယစ်ဆေးဝါး မူဝါဒအသစ် ပြန်လည် ရေးဆွဲ

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က ရေးဆွဲထားသည့် မူးယစ်ဆေးဝါး မူဝါဒ(Drug Policy)သည် ယနေ့ခေတ် ကာလ အခြေအနေများနှင့် ကိုက်ညီမှု မရှိတော့သဖြင့် လူ့အခွင့်အရေးနှင့် ကျန်းမာရေး ရှုှုထောင့်များက ချဉ်းကပ် စဉ်းစား သည့် မူးယစ်ဆေးဝါး မူဝါဒအသစ် တခုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရေးဆွဲနေကြောင်း သိရသည်။

ယခု ထွက်ပေါ်လာမည့် မူဝါဒအသစ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများကို ထိရောက်သည့် အရေးယူ မှုများနှင့် ပြစ်ဒဏ်များ ဆက်လက်ချမှတ်မည် ဖြစ်သော်လည်း မူးယစ်ဆေးဝါး သုံးစွဲသူများကိုမူ ပြန်လည် ကုစားခွင့်ရှိ သည့် အခွင့်အလမ်းများနှင့် ပြစ်မှုနှင့် ညီမျှသည့် ပြစ်ဒဏ်များသာပေးရန် စဉ်စားနေကြောင်း မူးယစ်ဆေးဝါး တာဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ စီမံကိန်းဌာန၊ ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းက ပြောသည်။

“မူဝါဒ အသစ်ကို ဖွံ့ဖြိုးရေးနဲ့ ကျန်းမာရေး ရှုထောင့်ကနေ သွားမယ်။ ပြစ်ဒဏ်တွေကတော့ မူးယစ်ဆေးဝါး သယ် ဆောင် ရောင်းဝယ် သူကို ထိထိ ရောက်ရောက် အရေးယူမယ်။ ဒါပေမယ့် မူးယစ်ဆေးဝါး သုံးစွဲသူတွေ အပိုင်းမှာတော့ အပြစ်ပေးမှုတွေကို အချိုးညီတဲ့ အပြစ်မျိုးပဲ ကျဖို့။ အဲဒါမျိုးတွေ ထည့်သွင်းလိုက်ရင် လူသား ပိုဆန်သွားမှာပါ”ဟု ရဲမှူးကြီး ဇော်လင်းထွန်းက ပြောဆိုသည်။

ယနေ့ နေပြည်တော်ရှိ Royal ACE ဟိုတယ်တွင် ၈ ကြိမ်မြောက် အာရှဒေသ မူးယစ်ဆေးဝါး မူဝါဒဆိုင်ရာ အလွတ် သဘော ဆွေးနွေးပွဲတခုကို အာရှဒေသတွင်း နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တာဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်း ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကလည်း မူယစ်ဆေးဝါး မူဝါဒအသစ် ပြန်လည် ရေးဆွဲနေ ခြင်းကို တင်ပြခဲ့သည်ဟု သိရသည်။

“ပြီးခဲ့တဲ့ ကာလတခုလုံးက တားဆီးနှိမ်နင်းရေးကို လုပ်ခဲ့ကြတယ်။ ဖမ်းတယ်။ ကျနော်တို့ ဘယ်လိုပဲ ဖမ်းဖမ်း ဒီ ပြဿနာ က ပျောက်သွားတယ်ဆိုတာ မရှိဘူး။ အဲဒီအတွက်ကြောင့် မိုလို့ ဒီမူဝါဒတွေကတော့ အရင်အတိုင်း သွားလို့ မရတော့ဘူး။ မူဝါဒ အသစ်ကို စဉ်းစားရတော့မယ်ဆိုပြီး လုပ်နေတာ”ဟု မူူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး မြင့်သိန်းကလည်း ပြောသည်။

၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည့် မူးယစ်ဆေးဝါး ညီလာခံ တွင် မူးယစ်ဆေးဝါး မူဝါဒများနှင့်ပတ်သက်၍ နိုင်ငံအသီးသီးမှ ပြန်လည် သုံးသပ်ခဲ့ကြောင်း၊ မြန်မာ နိုင်ငံတွင်လည်း မူးယစ်ဆေးဝါး မူဝါဒများ ချမှတ်ခဲ့သည်မှာ နှစ် ၂၀ ကျော် ရှိနေပြီဖြစ်ကြောင်း ရဲမှူးကြီး မြင့်သိန်းက ပြောဆိုသည်။

“တချို့လည်း အောင်မြင်သင့်သလောက် အောင်မြင်ခဲ့တယ်။ သို့သော်လည်းပဲ ပြဿနာသစ်တွေက ပေါ်နေတယ်”ဟု လည်း ၎င်းက ဆိုသည်။

ထို့ကြောင့် တဖက်တွင် မူးယစ်ဆေးဝါး မူဝါဒကို ပြန်လည် ရေးဆွဲနေသည့် နည်းတူ တဖက်တွင်လည်း ၁၉၉၃ ခုနှစ်က ရေးဆွဲ ပြဌာန်းခဲ့သည့် မူးယစ်ဥပဒေကို ပြင်ဆင်ရန် လုပ်ဆောင်ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ပတ်သက်ပြီး ချ မှတ် ထားသည့် ပြစ်ဒဏ်များ မျှတမှု ရှိမရှိကိုလည်း သုံးသပ်နေကြောင်း ရဲမှူးကြီး မြင့်သိန်းက ပြောသည်။

“မူဝါဒ အသစ်မှာတော့ ကျန်းမာရေး ရှုှုထောင့်၊ လူ့အခွင့်အရေး ရှုထောင့်ကနေ ကြည့်ရမယ်။ တချို့ဆိုရင် မူးယစ်ဆေး ဝါး ၄၊ ၅ ပြား လောက်နဲ့ ထောင် ၁၀ နှစ်လောက် ကျသွားတာတွေ ရှိတယ်။ တချို့ အမျိုးသမီးတွေ မူးယစ်ဆေးဝါး သယ် ရင်းနဲ့ ထောင်ကျတယ်။ ထောင်တွေမှာလည်း ဝန်ထုတ်ဝန်ပိုးတွေ ဖြစ်တယ်။ အဲဒါကြောင့် ဒါတွေကို Review လုပ်နေတာ”ဟု ၎င်းက ပြောဆိုသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်ကာ မူဝါဒအသစ်တခု ပေါ်ပေါက်လာရန် အစိုးရဌာနများအတွင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး အစည်းအဝေး၊ လွှတ်တော် ကိုယ်စားလှယ်များနှင့့် အစည်းအဝေး ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ မူဝါဒ အသစ်ပေါ်ပေါက်ရန် လုပ်ငန်းစီမံချက် ရေးဆွဲ၍ မူဝါဒ အကြမ်းတခု ပေါ်ပေါက်လာရန် လုပ်ဆောင်နေကြောင်း ရဲမှူးကြီး ဇော်လင်းထွန်း က ပြောသည်။

“ပြီးရင် လိုအပ်တာတွေ ထပ်ပြင်ပြီးရင်တော့ မူးယစ်ဆေးဝါး မူဝါဒ အစည်းအဝေး လုပ်မယ်။ အဲဒီအခါကျရင်တော့ အစိုးရတင် မဟုတ်တော့ဘူး။ လွှတ်တော် ပါလာမယ်။ အဲဒါတွေ ပြီးရင်တော့ အသေးစိတ် ဖိုင်နယ်ကို ၂၀၁၇ ဖေဖော် ဝါရီ လောက်မှာ ပြီးမယ်လို့ မှန်းတယ်။ အဲဒီမှာ အမျိုးသားအဆင့် အတည်ပြုပြီးရင် မတ်လလောက်မှာတော့ လုပ်ထုံး လုပ်နည်းအရ သမ္မတရုံးကို တင်ပြမယ်။ ဧပြီလလောက်မှာတော့ ထုတ်ပြန်မယ်”ဟု ရဲမှူးကြီး ဇော်လင်းထွန်းက ပြော သည်။

ရဲမှူးကြီး ဇော်လင်းထွန်းက ဆက်၍ “မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေက လူငယ်ထုကြားမှာရော စီးပွား ရေး၊ လူမှုရေး အရရော အများကြီး ထိခိုက်နေတယ်။ ဒီအန္တရာယ်တွေကို တုံ့ပြန်နိုင်ဖို့အတွက် လက်ရှိ အခြေအနေနဲ့ ကိုက်ညီတဲ့ မူဝါဒတခု ပေါ်ထွက်ဖို့ပါပဲ”ဟုလည်း ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading