ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်၌ အောက်တိုဘာလအတွင်းက ဖမ်းမိခဲ့သည့် အထောက် အထား မဲ့ ရောက်ရှိလာသော ဘင်္ဂါလီ(ရခိုင်ပြည်နယ်မှ မွတ်စလင်) ၁၇ ဦးအနက် အသက်ပြည့်ပြီးသူ ၁၃ ဦးအား ရုံးတင် တရားစွဲ ဆို ထားပြီး ယခုလ ၂၁ ရက်နေ့တွင် အမိန့်ချမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသက်ပြည့်ပြီးသူ ၁၃ ဦးအား ယနေ့ မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးခြင်း ဖြစ်သည်။
၎င်းတို့အား ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်အက် ဥပဒေပုဒ်မ ၆ (၂ )/၆ (၃)တို့ဖြင့် တရားစွဲဆို ထားပြီး နိုဝင်ဘာလ ၂၁ ရက်တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် တရားသူကြီး ဦနန္ဒမျိုး က သတင်း ထောက်များအား ပြောဆိုသည်။
တရားသူကြီးက “ဘင်္ဂါလီတွေက အထောက်အထားမဲ့ ခိုးဝင်လာတာကို ဝန်ခံကြပါတယ်၊ ပြစ်ဒဏ် လျှော့ပေါ့ ပေးပါလို့ လည်း ပြောဆိုကြတယ်၊ သူတို့ ရန်ကုန်ကို ဘယ်လို အဆက်အသွယ်နဲ့ လာကြတယ် ဆိုတာကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းနေ ဆဲပါ” ဟု ဆိုသည်။
ထိုသူများအား ရွှေပေါက်ကံမြို့သစ်ရှိ နေအိမ်တခု၌ အောက်တိုဘာလ ၂၂ ရက်နေ့က ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
၁၇ ဦးအနက် ၄ ဦးသည် အသက်မပြည့်သေးသည့် ကလေးများ ဖြစ်၍ လူမှုဝန်ထမ်း လူငယ် သင်တန်းကျောင်း သို့ ပို့ ဆောင် ထားကြောင်း သိရသည်။
၁၉၄၉ ခုနှစ် မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆ (၂ ) /၆ (၃) လူဝင်မှုကြီးကြပ်ရေး ဥပဒေ အရ၊ မြန်မာနိုင်ငံတွင်းသို့ တရားမဝင် အထောက်အထားမဲ့ နေထိုင်ပါက အလုပ်ကြမ်းနှင့် ၂ နှစ်ထက် မပိုသော ထောင် ဒဏ်ကို လည်းကောင်း၊ ကျပ် ၅၀၀ ထက်မပို ငွေဒဏ်ကို လည်းကောင်း ပြစ်ဒဏ်ပေးနိုင်သည်။
ထို့အတူ ထောင်ဒဏ်နှင့်ငွေဒဏ် ၂ မျိုးစလုံးကိုလည်း တပေါင်းတည်း အပြစ်ပေးနိုင်ကြောင်း လ.ဝ.က ဥပဒေက ပြဌာန်း ထားသည်။
ယခု တရားစွဲ ခံထားရသူများသည် ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စသည့်မြို့နယ်များမှ ဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် ထောင်ဒဏ်ကျခံပြီးပါက လ.ဝ.က လုပ်ထုံးလုပ်နည်းများအရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားသူကြီး ဦးနန္ဒမျိုး က ပြောသည်။
ထိုသူများသည် ရန်ကုန်သို့ လာရောက်ရန် လူပွဲစားများအား တဦးလျှင် ကျပ်ငွေ ၁၁ သိန်း ပေးဆောင်ခဲ့ရကြောင်း၊ ရခိုင် ပြည်နယ်မှတဆင့် မကွေး၊ မကွေးမှ ရန်ကုန်သို့ ရောက်လာကြသူများ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ သည်။
ရန်ကုန်မှတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ တဦးလျှင် ကျပ်ငွေ ၁၂ သိန်းပေးဆောင်၍ သွားရောက်ရန် စီစဉ်ထားကြကြောင်းလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။