လက်ရှိတည်ဆောက်ဆဲ တောင်သမန်သစ္စာ စီမံကိန်း၌ပါဝင်သည့် အဆောက်အအုံ အမြင့်များသည် ဦးပိန်တံတားနှင့် တောင်သမန်အင်း၏ ပုံရိပ်ကို ထိခိုက်နိုင်သောကြောင့် ထိုအဆောက်အအုံများကို ပြန်လည်ပြုပြင်ပေးရမည်ဟု ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေး ဌာနခွဲ) ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်း က ပြော သည်။
“ဒေသဖွံ့ဖြိုးရေး အတွက် လုပ်တာကို ကြိုဆိုပါတယ်။ ဒါပေမယ့် စည်းမဲ့ကမ်းမဲ့တော့ လုပ်လို့ မရပါဘူး။ တိုင်း အစိုးရ အဖွဲ့နဲ့ သက်ဆိုင်ရာ ပညာရှင်အဖွဲ့တွေရဲ့ အကြံပြုချက်အတိုင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်”ဟု ဦးညိုမြင့်ထွန်းက ဆို သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က “တောင်သမန် သစ္စာ” ဟိုတယ် စီမံကိန်း၌ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေနှင့် မကိုက်ညီသည့် အဆောက်အအုံများ ပါဝင်ပါက ပြန်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်း ဧရာဝတီကို ပြောဆိုသည်။
“ဒီစီမံကိန်းဟာ အပန်းဖြေ Resort ဖြစ်တဲ့အတွက် အဲဒီပုံစံပဲ ဖြစ်ရမယ်။ Housing Plan မျိုး မဖြစ်ရဘူး။ တောင်သမန် အင်းလို အနှစ်သာရရှိတဲ့ မြင်ကွင်းကြီးကို ကွယ်သွားစေမယ့် အဆောက်အအုံတွေ ထည့်ခွင့်မရှိဘူး။ သမိုင်းနယ်မြေမို့ အဲဒါနဲ့မအပ်စပ်တဲ့ အဆောက်အအုံတွေ ဆောက်လို့မရသလို ဆောက်ထားခဲ့ရင်လည်း ပြန်လည် ပြင်ဆင်ရမယ်”ဟု ဝန်ကြီး ဦးမျိုးသစ်က ဆိုသည်။
တောင်သမန် သစ္စာ ဟိုတယ် စီမံကိန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး သယံဇာတ ဝန်ကြီးဌာနက ရှေးဟောင်း ယဉ်ကျေးမှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဗိသုကာ၊ အင်ဂျင်နီယာ၊ ဒေသခံတို့၏ အမြင်များကို မှတ်တမ်း ကောက်ယူခဲ့ပြီးနောက် စက်တင်ဘာ ၃၀ ရက်က မန္တလေးတိုင်း အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်ထံ အစီရင်ခံစာ တင်ပြထား ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အဆိုပါ အစီရင်ခံစာ၌ “တောင်သမန်သစ္စာ” စီမံကိန်းသည် ရှေးဟောင်းယဉ်ကျေးမှုဇုန် နယ်မြေအတွင်း တည်ရှိသည့် စီမံကိန်း ဖြစ်သောကြောင့် ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ ပညာရှင်များ၏ သုံးသပ်ချက်များ၊ အကြံပြုချက်များကို အခြေခံ၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ (မန္တလေး)၊ ဗိသုကာကောင်စီ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့မှ ပညာရှင်များက ထိုစီမံကိန်းကို ပြန်လည် ခြုံငုံသုံးသပ်ကြမည် ဖြစ်ပြီး ပညာရှင်များ၏ အကြံပြုချက်များအတိုင်း ဆက် လက် ဆောင်ရွက်ခွင့် ပေးမည်ဟု ဝန်ကြီးဦးမျိုးသစ်က ပြောသည်။
“စီမံကိန်းက တာဝန်ရှိတဲ့ အင်ဂျင်နီယာကို ခေါ်တွေ့ပြီး ပြောပြီးပြီ။ ဝန်ကြီးချုပ်ကို တင်ခဲ့တဲ့ရီပို့ (Report) ကို သူ့ကို ပေး လိုက်ပြီ။ သူတို့ဘက်က အဆင်ပြေပြီဆိုတာနဲ့ ပညာရှင်အဖွဲ့က ပရော့ဂျက်ကို ဝေဖန် ဆွေးနွေးလိမ့်မယ်။ အဲဒါကို သူ့တို့ လက်ခံရမယ်”ဟု ဝန်ကြီးဦးမျိုးသစ်က ပြောဆိုသည်။
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အပေါ် အကျိုးသက်ရောက်မှု အကဲဖြတ်ခြင်း (Heritage Impact Assessment –HIA) တိုင်းတာမှုအရ ရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်းရှိ အဆောက်အအုံများသည် ပေ ၄၀ ထက် မမြင့်ဘဲ ဆောက် လုပ်ရမည် ဖြစ်သည်။
တောင်သမန်သစ္စာ စီမံကိန်းတွင် ပါဝင်နေသည့် လက်ရှိတည်ဆောက်ဆဲ အဆောက်အအုံ ၃ လုံးသည် ပေ ၅၀ ကျော် အမြင့်ရှိနေကြောင်း ဝန်ကြီးက ပြောသည်။
ထို့အတူ စီမံကိန်းဧရိယာအတွင်း မြေပေါ်၊ မြေအောက်တွင် ရှေးဟောင်းယဉ်ကျေးမှု အထိမ်းအမှတ်ပစ္စည်းများ တွေ့ရှိ ပါက လုပ်ငန်းကိုရပ်ဆိုင်းပြီး သက်ဆိုင်ရာဌာနသို့ ချက်ချင်းအကြောင်းကြားရန် လုပ်ပိုင်ခွင့်ရကုမ္ပဏီကို ရှေးဟောင်း သုတေသနနှင့် အမျုးိသားပြတိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) က အသိပေးအကြောင်းကြားပြီး ဖြစ်သည်ဟု သိရ သည်။
ထိုသို့ညွှန်ကြားချက်များနှင့် ပတ်သက်ပြီး တောင်သမန်သစ္စာ ဟိုတယ် စီမံကိန်း မန်နေဂျင်း ဒါရိုက်တာ ဦးကျော်မြင့်က “ကျနော်တို့ စီမံကိန်းက ကိုယ်ပိုင်မြေပေါ်မှာ လုပ်တာပါ၊ မြေယာအရှုပ်အရှင်းလည်း ကင်းပါတယ်။ ဒါပေမယ့် အဆောက် အအုံနဲ့ ပတ်သက်လို့ သူတို့ (တိုင်းအစိုးရအဖွဲ့) ညွှန်ကြားတဲ့အတိုင်း လုပ်မှာပါ။ ပြင်ရမယ့် အပိုင်းတွေ ပြင်ဖို့ လိုရင် ပြင်မှာပါ”ဟု ဧရာဝတီကို ပြောသည်။
တောင်သမန်သစ္စာ စီမံကိန်းသည် ဟိုတယ် ၆ လုံးပါဝင်ပြီး ဘန်ဂလိုအမျိုးအစား ၂ ထပ် အဆောက်အအုံများ ဖြစ် ကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာမှု ညွှန်ကြားရေး ဦးစီးဌာနမှ သိရသည်။
ထိုစီမံကိန်းနှင့် ပတ်သက်၍ မန္တလေးအခြေစိုက် စိမ်းရောင်စိုနှင့် Natural Green Alliance (သဘာဝစိမ်း) အရပ်ဘက် လူမှု အဖွဲ့အစည်းမှ အဖွဲ့ဝင် ဦးမောင်မောင်ဦးက “ဒီလို တန်ဖိုးကြီးပြီး အများနဲ့သက်ဆိုင်တဲ့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတခုမှာ စီမံကိန်းတခုကို လုပ်ချင်သလိုလုပ်လို့ မရပါဘူ။ ဒီစီမံကိန်း မစခင်ကတည်းက ပြောခဲ့၊တားခဲ့ကြတာပါ။ ခုမှလုပ်တယ်ဆိုတာ နောက်တောင်ကျနေပြီ။ အစိုးရသစ် စတက်ကတည်းက လုပ်သင့်တဲ့ကိစ္စပါ”ဟု ပြောသည်။
တောင်သမန်သစ္စာ စီမံကိန်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရသစ် တက်လာပြီး လအနည်းငယ် အကြာ မန္တလေးတိုင်းအတွင်း ပထမဆုံး ရပ်ဆိုင်းခံရသည့် စီမံကိန်းတခုလည်း ဖြစ်သည်။
ထိုစဉ်က ဦးပိန်တံတားနှင့် ပေ ၂၀၀ အကွာတွင် စီမံကိန်းလုပ်ငန်းများ ရှိနေခြင်းကြောင့် မန္တလေးမြို့တော်ဝန်က ယာယီ ရပ်ဆိုင်းရန် နှုတ်မိန့်ဖြင့် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျန်ရှိသော စီမံကိန်း ဧရိယာများတွင် လုပ်ငန်း ဆက်လက် အကောင်အထည် ဖော်လျက်ရှိသည်။
အမရပူရမြို့နယ် တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက “နေရာအရ ကြည့်မယ်ဆိုရင် ယဉ်ကျေးမှုဇုန်ကြီး ဖြစ် နေတော့ မလုပ်သင့်ဘူးလို့ မြင်တယ်။ အခုဆို ကမ္ဘာကျော် တောင်သမန်အင်းက မြေဖို့ခံလိုက်ရပြီ။ နောင်ဆို အင်းကြီး ကောသွားမှာ စိုးရိမ်ရတယ်။ သူတို့က ကျေးလက်စီမံကိန်းလို့ ဆိုပေမယ့် Town Plan ဖြစ်နေတယ်”ဟု ပြောသည်။
စက်တင်ဘာ လဆန်းပိုင်းက ဒေသခံများနှင့် တွေ့ဆုံ၍ စစ်တမ်းကောက်ယူခဲ့ရာ၌ ဒေသခံအများစုက ထိုစီမံကိန်းနှင့် ပတ်သက်၍ မသိရှိကြသော်လည်း တောင်သမန်အင်းကို မြေဖို့လိုက်သောကြောင့် ယခင်နှစ်ကထက် မိုးရာသီတွင် ရေဝင်မှု ပိုများလာခြင်း၊ ရေများအချိန်ကြာ ဝပ်နေခြင်းနှင့် တောင်သမန်ရွာအတွင်းရှိ လှည်းလမ်းကြောင်းနှင့် ရေတွင်း ၄ တွင်း သည် စီမံကိန်းမြေဖို့သည့်အထဲ ပါသွားကြောင်း သိရသည်။